Subscribe to our RSS Feed

မြန်မာတွင် စင်ကာပူကုမ္ပဏီ သကြားထုတ်မည်

From : .. the voice


စင်ကာပူအခြေစိုက် အာရှဒေသတွင်း အကြီးဆုံးစိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ Wilmar International Ltd. က မြန်မာနိုင်ငံတွင် သကြားစက်ရုံ တည်ဆောက် ထုတ်လုပ်မည် ဖြစ်ကြောင်း ကြေညာသည်။

အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက် လုပ်ကိုင်မည့် Wilmar Myanmar Limited (WML) ကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ မတည် ရင်းနှီးမြှုပ်နှံ၍ တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီကို Wilmar Shwe Investments Pte. Ltd. က တိုက်ရိုက်ပိုင်ဆိုင်မည် ဖြစ်ကြောင်း Wilmar International Ltd. ၏ကြေညာချက်တွင် ဖော်ပြထားသည်။

Wilmar International Ltd. ကုမ္ပဏီသည် မတ်လအတွင်းက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံပြီး အရည်အသွေးမြင့် စိုက်ပျိုးရေး ထုတ်ကုန်များ ကုန်သွယ်ရေးနှင့် သကြားထုတ်လုပ်ရန်တို့အတွက် ဆွေးနွေးခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

“သကြားက ပြည်တွင်းမှာတင် မဟုတ်ဘူး ပြည်ပမှာပါ ဈေးကွက်ရှိတယ်။ ဒီမှာ ကြံစိုက်တဲ့သူလည်း များတာပဲ။ သေသေချာချာ စနစ်တကျနဲ့ ထုတ်မယ်ဆိုရင် သကြားစိုက် တောင်သူတွေလည်း အဆင်ပြေမယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ဖော်ထုတ်ပေးရာ ရောက်တယ်” ဟု ဇေယျဝတီ သကြားစက်တွင် လုပ်ကိုင်ခဲ့ဖူးသူ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် Wilmar International Ltd. ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီတို့ တင်ပို့ရောင်းချနေပြီး အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၀ ခန့်သို့ စားအုန်းဆီ၊ သကြား၊ ဓာတုဗေဒ အထူးပြု ပစ္စည်းများနှင့် ဘိုင်အိုဒီဇယ်များ ထုတ်လုပ်ဖြန့်ချိ ရောင်းချနေသည်။

Wilmar ကုမ္ပဏီက လာမည့် ခြောက်လခန့်အတွင်း သကြားထုတ်လုပ်ရေးလုပ်ငန်း စတင်နိုင်ရန် မျှော်လင့်နေကြောင်း အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Kuok Khoon Hon က ပြောကြားသည်။

မြန်မာနိုင်ငံသည် ကြံစိုက်ပျိုးမှု များသော်လည်း စက်ရုံနှင့် စက်ပစ္စည်းပိုင်း လိုအပ်ချက်များ ရှိနေကာ အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလည်း နည်းပါးသောကြောင့် ပြည်တွင်း သကြားလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း နာမည်ကျော် စီးပွားရေးမဂ္ဂဇင်း Forbes က သုံးသပ်ထားသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်