Subscribe to our RSS Feed

Novotel ရန်ကုန်ဟိုတယ် ဝန်ထမ်း ၆၀၀ ခန့် ခေါ်မည်ဟုဆို

From : ..the voice


လာမည့်နှစ်တွင် ဖွင့်လှစ်မည့် Novotel ရန်ကုန်ဟိုတယ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါဟိုတယ်ကို တာဝန်ယူ တည်ဆောက်နေသည့် မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ထမ်း ၅၆၀ မှ ၆၀၀ အထိ ခေါ်ယူမည်ဖြစ်ပြီး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းအတွက် အရာရှိများကိုမူ ကြိုတင်ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဝန်ထမ်းတွေကို သုံးလလောက် စောခေါ်ဖို့ စီစဉ်ထားတယ်။ Training ပေးတာတွေ ဘာတွေနဲ့ ကွက်တိလောက် ဖြစ်အောင်” ဟု ၎င်းကဆိုသည်။

အဆိုပါဟိုတယ်ကို မူလက ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသော်လည်း မိုးတွင်းကာလ အခက်အခဲများကြောင့် ၂၀၁၄ ခုနှစ် မတ်လရောက်မှသာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မက်စ်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Novotel Yangon ဟိုတယ်၏ လုပ်ငန်းစီမံခန့်ခွဲမှုပိုင်းကို ပြင်သစ် အခြေစိုက် ACCOR Hospitality က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်၏ အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံမှ IIDA (International Interior Design Association) က ရေးဆွဲကာ အတွင်းပိုင်း အပြင်အဆင်ကို ဗီယက်နမ်အခြေစိုက် AA Corporation က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် အခန်းစုစုပေါင်း ၃၆၆ ခန်း ပါဝင်မည်ဖြစ်ပြီး Presidential Suite၊ Penthouse၊ General Ball Room၊ Meeting Room၊ Conference Rooms၊ ကော်ဖီဘား၊ ဝိုင်ဘား၊ ပြင်သစ်စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစားခန်းမနှင့် တင်းနစ်ကွင်းများ ပါရှိမည် ဖြစ်ကြောင်း မက်စ်မြန်မာက ဆိုသည်။

“အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လာကြတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် အခွင့်အလမ်းကောင်းတွေ များလာတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုရင် သင်တန်းတွေဘာတွေ တက်ခွင့်ပေးတာမျိုး၊ လစာတိုးတာ မျိုးလုပ်ပြီး ဝန်ထမ်းတွေ ထွက်မသွားအောင် လုပ်နေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား အရေအတွက် ခုနစ်သန်းခန့် ဝင်ရောက်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ အမရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကာ ယင်းနှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်