Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နည်းပညာအကူအညီပေးရေး၊ စီးပွားရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ လျှပ်စစ်၊ လယ်ယာနှင့် အခြေခံအဆောက်အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်အခြေအနေ၊ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး မြှင့်တင်မှု အခြေအနေ၊ စာနယ်ဇင်းသမားများ ဥပဒေအရ အရေးယူခံရမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်းတွင် တွေ့ကြုံရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီကို အပြည့်အဝ ဖော်ဆောင်နိုင်ရေးကို ရည်မှန်းချက်ထား လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ ရခိုင်ပြည်နယ်အရေးအပါအဝင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အတွက် ကိစ္စတစ်ခုချင်းအတွက် လမ်းပြမြေပုံနှင့် လုပ်ငန်းစီမံချက်များ ချမှတ်ထားပြီးဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည့် နိုင်ငံများ၏ အခြေအနေနှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံပြုပြင်ပြာင်းလဲရေးလုပ်ငန်းများကို တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်သည့် အောင်မြင်မှုကို တွေ့ရမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင် မြင်မှုများကို အသိအမှတ်ပြုပြီး ထိုအောင်မြင်မှုများ အခြေခိုင်အောင် အကူအညီပေးသင့် ကြောင်း၊ သုံးနှစ်တာကာလအတွင်း ဒီမိုကရေစီစံနှုန်းများ အပြည့်အဝပေါ်ပေါက်အောင် အကောင် အထည်ဖော်ရန် ကန့်သတ်ချက်များရှိသည်ကို နားလည်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန်မရှိကြောင်း၊ ရှေ့သို့ချီတက်ရန်သာရှိပြီး မည်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မဆုတ်မနစ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ရှေ့ကို ဆက်လက် ချီတက်နိုင်ရန်အတွက် နိုင်ငံတကာက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ရန် လိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် အခက်အခဲအချို့ရှိသော်လည်း သမိုင်းတွင်မည့် ပြုပြင်ပြောင်းလဲမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေ ဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မိတ်ဆွေတစ်ဦးအနေဖြင့် ကူညီရန် အသင့်ရှိကြောင်း၊ အမေရိကန်လွှတ်တော်နှင့် ပြည်သူများအတွင်း မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စား မှုမြင့်မားနေကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ အောင်မြင်မှုများ ကိုလည်း အသိအမှတ် ပြုကြပါကြောင်း၊ အောင်မြင်မှုများ ရရှိသည်နှင့်အမျှ နိုင်ငံတကာ၏ မျှော်လင့် ချက်များသည်လည်း ပိုမိုမြင့်မားလာကြောင်း၊ ထိုအချိန်တွင် မမျှော်လင့်သော ဖြစ်ရပ်အနည်း ငယ်ကြောင့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ ပုံရိပ်ကို ထိခိုက်စေကြောင်း၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုက အပြည့်အဝ ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် လည်း တက်ရောက် ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ၂၀၁၃ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ပထမအကြိမ်အဖြစ် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။  


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်