Subscribe to our RSS Feed

အာဆီယံ - ဥရောပသမဂ္ဂ ၀န်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-အမေရိကန်ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ- ကနေဒါဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဂျပန်ဝန်ကြီးအဆင့် အစည်းအဝေးများ ကျင်းပ



(၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် တစ်ဆက်တစ်စပ်တည်းပြုလုပ်သည့် အာဆီယံ-ဥရောပသမဂ္ဂ၀န်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ- အမေရိကန်ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ကနေဒါ ၀န်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-ဂျပန် ၀န်ကြီးအဆင့် အစည်းအဝေးတို့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1)၌ ဆက်လက်ကျင်းပခဲ့သည်။

အာဆီယံ-ဥရောပသမဂ္ဂ၀န်ကြီးအဆင့် အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲ တွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ၊ ဥရောပကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် လေဒီ ကက်သရင်း အက်ရှ်တန် တို့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံ- ဥရောပသမဂ္ဂ ဆွေးနွေးဘက်ဆက်ဆံရေး ညှိနှိုင်း ရေးမှူး ဗီယက်နမ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်းမင်း နှင့် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ နှင့် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် လေဒီ ကက်သရင်းအက်ရှ်တန် တို့က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ဥရောပသမဂ္ဂအနေဖြင့် ၂၀၁၄-၂၀၂၀ ကာလများ အတွက် အာဆီယံအသိုက်အ၀န်းနှင့် အဖွဲ့အစည်း ထူထောင်မှု အကူအညီအဖြစ် ယူရို သန်း ၁၇၀ ထောက်ပံ့ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး အာဆီယံဆက်သွယ် ပေါင်းစည်းရေး မဟာစီမံချက်ကို အထောက်အကူပြု ဆောင်ရွက်ပေးရေး၊ ပင်လယ်ရေ ကြောင်းလုံခြုံမှုနှင့် ဘေးကင်းမှုတွင် အကူအညီပေးရေး အပါအ၀င် အာဆီယံနှင့် ဥရောပ သမဂ္ဂအကြားဆက်ဆံရေးနှင့် အနာဂတ် အလားအလာများ ကို ဆွေးနွေးခဲ့ကြ သည်။ ထို့အပြင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အကြောင်းအရာများ အပေါ်တွင်လည်း အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ထို့အတူ အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးဝန်ကြီးအဆင့် အစည်းအဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီတို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံနှင့် အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ကို ပြန်လည်သုံးသပ်ခြင်း၊ အမေရိကန်မှ အဆိုပြုလာသည့် အာဆီယံ-အမေရိကန် တို့ အကြား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘာသာရပ်နှင့် ပတ်သက်၍ Joint Climate Change Statement ထုတ်ပြန်နိုင်ရေး၊ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အာဆီယံ- အမေရိကန် တို့အကြား အလွတ်သဘော ၀န်ကြီးအဆင့် အစည်းအဝေးကျင်းပရေး၊ ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ အာဆီယံနှင့် အမေရိကန်တို့အကြား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် အာဆီယံ-ဂျပန် ဆွေးနွေးဘက်ဆက်ဆံရေးဝန်ကြီးအဆင့် အစည်းအဝေးကို ညနေ ၄ နာရီ ၄၅ မိနစ် တွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီရို ကီရှိဒါ တို့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဆွေးနွေးဘက် ဆက်ဆံရေးညှိနှိုင်းရေးမှူး ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဟော်နန်းဟောင် နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီရို ကီရှိဒါ တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် အာဆီယံ-ဂျပန်တို့အကြားဆက်ဆံရေးနှင့် အနာဂတ် အလားအလာများကို ဆွေးနွေးခဲ့ကြပြီး အာဆီယံ-ဂျပန် ဆွေးနွေးဘက်ဆက်ဆံရေးကို နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ ယဉ်ကျေးမှု အပါအ၀င် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားကြရေးကို တိုက်တွန်းကာ အာဆီယံအသိုက်အ၀န်း ထူထောင်မှုကို အထောက်အကူပြုစေရန် အာဆီယံ- ဂျပန် ပေါင်းစည်းရေး ရံပုံငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ထူထောင်မှုကို ကြိုဆိုခဲ့ကြသည်။ ထို့အပြင် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အကြောင်းအရာများအပေါ် အမြင်ချင်းဖလှယ်ခဲံ့ကြ ကြောင်း သိရသည်။

အလားတူ အာဆီယံ-ကနေဒါ ၀န်ကြီးအဆင့် အစည်းအဝေးကို ညနေ ၅ နာရီ မိနစ် ၂၀ တွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကနေဒါ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ဘတ် တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဘက် ဆက်ဆံရေးညှိနှိုင်းရေးမှူး စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာရှန်မွန်ဂန်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ဘတ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် အာဆီယံ-ကနေဒါ လုပ်ငန်းအစီအစဉ် ( ၂၀၁၀-၂၀၁၅) အကောင်အထည်ဖော်မှုတွင် တိုးတက်အောင်မြင်မှုများ ရရှိနေမှုအပေါ် အားရကျေနပ် ကြောင်း ထုတ်ဖော်ပြောကြားကြပြီး အာဆီယံစီးပွားရေးဝန်ကြီးများ ကနေဒါနိုင်ငံသို့ ဇွန်လအတွင်းက သွားရောက်လည်ပတ်ခဲ့မှုသည် အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြပြီး အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် အနာဂတ်အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်  နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အကြောင်းအရာများ အပေါ်တွင်လည်း အမြင်ချင်းဖလှယ် ခဲ့ကြသည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်