From :
.. https://www.facebook.com/MyanmarMediaWatch
မောင်စစ်တို့ သတင်းထောက် စလုပ်တော့ တိုက်က ဘာမှ ထွေထွေထူးထူး သင်ပေးတာမရှိ ။နဂိုကတည်းကလည်း မောင်စစ်က ဘာသင်တန်းမှ တက်ခဲ့သူ မဟုတ် ။ "ဘ" ခြောက်လုံးဆိုတာတောင် ရုံးရောက်မှ ကြားဖူးတာလေ ။ စီနီယာတွေနဲ့ သတင်းလိုက်ခိုင်းသည် ။ စီနီယာတွေကလည်း သတင်းကို ဘယ်လိုလိုက်ရမယ် ။ ဘယ်သူတွေကို ဘယ်လိုမေးရမယ်ဆိုတာတော့ သင်ပေးသည် ။ ကျင့်ဝတ်နှင့်ဆိုင်သည့် ကိစ္စများကို သင်မပေး ။ မောင်စစ်တို့ကလည်း သတင်းထောက်ဆိုတာ သတင်းလိုက်ရမယ် ၊ သတင်းရေးရမယ် ၊ ရေးရင်လည်း မှန်မှန်ကန်ကန် တိတိကျကျရေးရမယ်ဆိုတာမျိုးတွေလောက်သာ သိခဲ့ရသည် ။
ဆိုရလျင်တော့ ကိုယ်လုပ်နေသည့် အလုပ်ကို အသက်မွေးဝမ်းကျောင်းလို့ကို မသိသေးတာ ။အခြားကုမ္ပဏီဝန်ထမ်းတွေလိုပဲ တိုက်ကခိုင်းတာကို တာဝန်ကျေအောင်လုပ်ပေးရင်ရပြီလို့ပဲထင်ခဲ့တာလေ ။ နောက်တော့ စီနီယာတွေ မပါဘဲ ပွဲသတင်းတွေကို လိုက်ရသည် ။ အချို့ပွဲတွေက သတင်းထောက်တွေကို လက်ဆောင်တွေပေးသည် ။ မောင်စစ်ထင်တာက သတင်းထောက်ကို လက်ဆောင်ပေးတာ ထုံးစံပဲ ၊ ဘာမှကို မထူးဆန်းသော ကိစ္စလို့ထင်ခဲ့သည် ။ မောင်စစ်လည်း ယူသည် ။ ရုံးပြန်ရောက်လျင်လည်း မောင်စစ်က ဒီပွဲက ဒါတွေ ဒါတွေ ရခဲ့သည်ဆိုတာကို အချင်းချင်းတွေကို ပြန်ပြောတာလည်း ရှိသည် ။ မပြောတာလည်း ရှိသည် ။ ဆိုရလျင် မောင်စစ် လက်ဆောင်နှင့်ပတ်သတ်ပြီး ခံစားချက်မရှိ ။ ပေးနေကြ ယူနေကြ ဟုသာထင်သည် ။ အမှတ်တရ ဟုလည်းထင်သည် ။ ပထမတော့ပေးတာယူသည် ။ နောက်တော့ လိုချင်လာသည် ။ ရှင်းရှင်းပြောရလျင် ပိုက်ဆံကိုသာ လာဘ်ဟုထင်ပြီး ကျန်သည့်အရာများကိုလက်ဆောင်လို့သာထင်ခဲ့သည် ။
နောက်တော့ မောင်စစ်သိလာသည် ။ အချို့ ကုမ္ပဏီတွေက ပွဲပြီးလျင် သတင်းပါသလားဟု လှမ်းမေးတတ်ကြသည် ။ မောင်စစ်ကလည်း ပါရင်ပါတယ် ။ မပါရင်မပါဘူး ဆိုတာပဲ ဖြေသည် ။ ပါတယ်ဆိုရင်လည်း ဘယ်တုန်းက ပါတာလည်း ဟုမေးသည် ။ မပါဘူး ဆိုရင်လည်း ဘာကြောင့် မပါသလဲလို့ မေးသည် ။ အချို့က ပိုဆိုးသည် အကိုဟိုတစ်နေ့ ပွဲလာတုန်းက ဟိုလက်ဆောင်လေး ယူသွားတယ်နော် ဆိုတာမျိုးဖြစ်လာသည် ။
မောင်စစ် ကောင်းကောင်းသိသွားပြီ ။ လက်ဆောင်ပေးတာက အမှတ်တရ ပေးတာမဟုတ်ဆိုတာကိုဖြစ်သည် ။ သတင်းထောက်မှ မဟုတ် လူအများစုက လက်ဆောင်ကို လိုချင်ကြသည်သာ ။ တန်ဖိုးဆိုတာထက် အမှတ်တရအနေဖြင့်လိုချင်သူများလည်းပါနိုင်သည်။ မောင်စစ်သတိထားမိလာတာရှိသည် ။ အချို့ သတင်းစာ ၊ ဂျာနယ်များက လက်ဆောင်လုံးဝ မယူရဟု သတ်မှတ်ထားသည် ။ အချို့ က ယူပါလို့လဲ မပြော ၊ မယူပါနဲ့လို့လဲ မကန့်သတ် အဲ့ဒီတော့ ယူကြသည် ။ သတင်းမီဒီယာအားလုံးက ဒီစည်းကမ်းကို တိတိကျကျ ထုတ်ထားလျှင် ဒီပြဿနာက အထိုက်အလျောက်ဖြေရှင်းနိုင်သည် ။
သတင်းစာ ၊ဂျာနယ် အချို့တွင် မောင်စစ် အင်တာဗျူးဖြေဖူးသည် ။ အခြားသူတွေတော့ မသိ မောင်စစ်ဖြေဖူးသမျှကတော့ အထွေထွေ ဗဟုသုတဆိုတာတွေ ၊ သင်တန်းဆင်းလက်မှတ်တွေ အကြောင်းသာမေးကြသည် ။လုပ်သက်ဆိုတာတွေမေးသည် ။ ဘယ်မှာ လုပ်ဖူးသလဲမေးသည် ။ ထိုမျှသာ ။ သတင်းထောက် တစ်ယောက်မှာ ဘယ်လိုကျင့်ဝတ်တွေ ရှိရမလဲဆိုတာ တော်တော်လေးကို အမေးနည်းသည် ။ မလိုလို့ဘဲလား ဒီလောက်ကတော့ သိပြီးသားလို့ထင်ထားသလားတော့ မောင်စစ်လည်း မသိ ။
မောင်စစ်တို့ အဖြေကိုရှာရမည်ဆိုလျင် ပထမဆုံးအနေနဲ့သတင်းထောက်လုပ်မည့် သူတစ်ဦးကို ဘာမှ မသင်သေးဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာကို အလေးထားသင်ရမည်ဟုထင်ပါသည် ။ သတင်းထောက်လောကသို့ ၀င်ခွင့်သည်လည်း ကျင့်ဝတ်ဆိုင်ရာ စာမေးပွဲပင်ဖြစ်သင့်ပါသည် ။ မောင်စစ်တို့အလုပ်က စောင့်ကြည့်ရသည် အလုပ်ဖြစ်သည် ။ မှားနေတာတွေ ၊ လွဲနေတာတွေကို လက်ညိုးထိုး ထောက်ပြနေသူတွေလည်း ဖြစ်သည် ။ သို့သော် မောင်စစ်တို့က ကိုယ်ထိုးသော လက်ညိုးကိုသာ မကြည့်ဘဲ ကိုယ့်ဘက်ကို ပြန်ထိုးနေသည့် အခြားသော လက်ချောင်းများကို သတိပြုရပေမည် ။
မောင်စစ်တို့အလုပ်သည် ဘယ်၍ ဘယ်မျှကိုတော့ လာဘ်စားသည် ၊ ဘယ်လောက်ကတော့ လာဘ်ပေးရာ မရောက် သတ်မှတ်ထားတာမရှိပါ ။ မောင်စစ်တို့အတွက် စာနယ်ဇင်းကျင့်ဝတ်ဆိုတာလည်း ပြဌာန်းထားပြီးဖြစ်သည် ။
" စာနယ်ဇင်း ဆရာ များသည် မည်ကဲ့သို့သော တန်စိုးလက်ဆောင်မျိုးကိုမျှ ခံယူခြင်းမပြုရ ။ ကိုယ်ကျိုးငဲ့ကွက်ခြင်းအားဖြင့်လည်း မိမိ၏ တရားမျှတမှုနှင့် ဘက်မလိုက်မှုကို မထိခိုက်စေရ " ဟူ၍ ဖြစ်သည် ။
နိဂုံးချုပ်ပြောလိုသည်မှာ မောင်စစ်တို့အလုပ်သည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တစ်ခုဖြစ်သည့်အတွက် ကျင့်ဝတ်ကို များစွာ လိုက်နာရန်လိုအပ်ပါသည် ။ ၀န်ခံပါသည် မောင်စစ်လည်း တစ်ချိန်က ပိုက်ဆံမဟုတ်သည့် လက်ဆောင်အချို့ကို ယူခဲ့ဖူးပါသည် ။
လေးစားလျက်
မောင်စစ်
စတုတ္ထမဏ္ဍိုင်နှင့် ဖုန်းလုပွဲ အကြောင်းကို http://www.myanmarexpress.net/2014/08/blog-post_3.html တွင် ဖတ်ရှုနိုင်ပါသည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်