From :
.. https://www.facebook.com/MyanmarMediaWatch
“တောက်..... ငါ မသွားလိုက်တာနာသကွာ.. ” ဟု စိုပြေ ရေရွှတ်လိုက်မိသည်။
စိုပြေတင်မဟုတ်။ အခြားသတင်းထောက်များလည်း စိုပြေ့လို ရေရွတ်ကြမည်သာ။
ဟုတ်ပါသည်။ သတင်းထောက်များ မကျေနပ်။ ဒီလိုမှန်းသိရင် သွားတာပေါ့ကွာဟုလည်း ဆိုကြသည်။
အကြောင်းကတော့ အော်ရီဒူးက လုပ်သည့် သတင်းစာရှင်းလင်းပွဲကို မသွားလိုက်မိ၍ပင်။
အခုတလော အော်ရီဒူးက ဆိုထားသည့် အတိုင်း ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာတွေ မြန်မာပြည်တွင် ဖြစ်ပေါ်နေသည်။
၁၅၀၀ နှင့် ရောင်းသည့် အော်ရီဒူး ဖုန်းကို ငါးထောင်၊ တစ်သောင်းလောက်သာ ပေးဝယ်ရတော့သည်။ အော်ရီဒူး မလာခင် အစိုးရက ၁၅၀၀ နှင့် ရောင်းသည့် ဖုန်းဆိုလျှင် တစ်သိန်းကျော် အထိပေးဝယ်
ရသည်မဟုတ်ပါလား။
ငါးထောင် တစ်သောင်းလောက်ပိုပေးရတာတော့ ၀ယ်လိုအားကြောင့်ပင်။ သူတို့ ကုမ္ပဏီက ပြောသည့် ၁၅၀၀ အတိုင်းမဖြစ်တာကတော့ ဖုန်းဆိုင်တွေ တာဝန်ပေါ့လေ။
အဲ့လို ဈေးပေါပေါနှင့် ရောင်းသည့် ဖုန်းကို လူတိုင်း စိတ်ဝင်စားနေကြသည်။
လမ်းပေါ်မှာလည်း အော်ရီဒူး၊ ကျောင်းမှာလည်း အော်ရီဒူး၊ အလုပ်မှာလည်း အော်ရီဒူး အိမ်မှာလည်း အော်ရီဒူး ဖြစ်နေတာမို့ အချို့လည်းစိုပြေ့လို အော်ရီဒူးကို သောက်မြင့်ကပ်သူများပင်ရှိလာသည်။
ဘာပဲဖြစ်ဖြစ် ဒီလို လူတွေ စိတ်ဝင်စားနေသည် အော်ရီဒူး သတင်းကို ရေးလျှင် ထိုသတင်းပေါက်မည်ဟု သတင်းထောက်များ တွက်ကြသည်။
ဒါကြောင့် အော်ရီဒူး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ သတင်းထောက်များ အကုန်တတ်သလားတောင် ထင်ရအောင် သွားကြသည်။
သတင်းထောက်များ ဖွေးဖွေးလှုပ်။ ရှန်ဂရီလာဟိုတယ်ကြီးပင် ပြည့်သွား၏။ လူပေါင်းသုံးရာကျော်ရှိသည်ကို။ အချို့တိုက်များ လူ လေးငါးရှစ်ယောက်ပင် လာသည်တဲ့။
သတင်းတွေ လေးငါးရှစ်ပုဒ် ခွဲရေးကြတော့မည်ထင်သည်။
သတင်းစာရှင်းလင်းပွဲ ဆိုသည့်အတိုင်း..... ဟိုပြော ဒီပြော၊ ဟိုရှင်း၊ ဒီရှင်း။
ဒီအချိန် အော်ရီဒူးက ဘာပြောပြော သတင်းဖြစ်နေသည့်အချိန်မို့ သတင်းထောက်များလည်း ခက်ခက်ခဲခဲ သတင်းလုပ်စရာမလိုတော့။
ပြောနေသည်ကိုလည်း သိပ်စိတ်မ၀င်စား။
သတင်းထောက်များ စိတ်ဝင်စားနေသည်က ပွဲပြီးလျှင် ပေးမည့် လက်ဆောင်များပင်ဖြစ်သည်။
ဘာလက်ဆောင်ပေးမည်နည်း။ သေချာတာကတော့ ဆင်းကဒ်။ အခြားအရာများလည်းရှိသေးသည်ဟု သတင်းရထားကြသည်။
နီးစပ်ရာ သတင်းထောက်အခြင်းခြင်းလည်း ဘာလက်ဆောင်ပေးမလဲဆိုသည့် စကားများသာ တီတိုးပြောနေကြသည်။
မကြာမီ ပွဲကြီးပြီးသွားသည်။ သတင်းထောက်များ မျှော်လင့်စောင့်စားနေသည့် အချိန်ကိုရောက်လာပါပြီ။
လက်ဆောင်များ ပေးလေ၏။ အခြားပွဲများလိုတော့ သတင်းထောက်တွေ ရှိရာခုံသို့ လာပြီး အထုပ်တွေ ချမပေး။
ဒီတခါတွင်တော့ တန်းစီရသည်။ တန်းစီရတာ ပင်ပန်းတာမှတ်လို့။
ဆင်းကဒ်နှင့် ဆိုနီဖုန်းတစ်လုံးစီပေးသည်တဲ့။ ဖုန်းကိုတော့ လူတိုင်းမရ။ ရီဂျစ်စတာ လုပ်ထားသော လူများရသည်။ ဒါကို ရီဂျစ်စတာမလုပ်ထားသော
သတင်းထောက်များက မကျေနပ်။ သပ်သပ်မဲ့ သတင်းထောက်ခြင်းအတူတူ အဆင့်အတန်း ခွဲခြားခြင်းဖြစ်သည်ဟုဆိုသည်။ ငတို့ သတင်းထောက်ကို ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ။ မီးပွင့်သွားမယ် ဟု ကြွေးကျော်ကာ
အော်ရီဒူးက လူတွေကို ရန်ဖြစ်ပလိုက်သည်။ ရန်ဖြစ်သူတွေ မောင်းထုတ်ခံရသည်ဟု ကြားရ၏။
မြန်မာတို့ ထုံးစံအတိုင်း တန်းစီတိုင်းလည်း မရမှာ စိုးရိမ်ကြသည်။ ဒါကြောင့် ကြားဖြတ်သည်။ မြွေမြွေခြင်းဒါမျိုး လာကျော်လို့ ဘယ်ရမလဲ။ ကြားပြန်ဖြတ်သည်။
ဒီလိုနှင့် အော်ရီဒူးသတင်းစာရှင်းလင်းပွဲကြီးမှသည် အော်ရီဒူး ဖုန်းလုပွဲကြီးဆီသို့ ပြောင်းလဲသွားလေတော့၏။
ဒါမျိုးက သတင်းထောက်တိုင်းတော့မဟုတ်ပါ။ ကျင့်ဝတ်အရ မယူသူများလည်း အများအပြားရှိပါသည်။
ဂျာနယ်လစ်ကျင့်ဝတ်အရ မိမိက အခြားလူတစ်ယောက်ထံမှ တံစိုးလက်ဆောင်မယူရ။ ယူလိုက်လျှင် ထိုသူ၏ သြဇာခံဖြစ်သွားပြီး ထိုလူကောင်းကြောင်းများကိုသာ ရေးမိတော့သည်။
နိုင်ငံခြားတိုင်းပြည်တွင်ရောက်နေသည့် အမတစ်ယောက်တော့ ထိုတိုင်းပြည်တွင် ဖုန်းကုမ္ပဏီတွေက ဆင်းကဒ်ရော အိုင်ဖုန်းရော အလကားပေးကြတာတောင် မယူကြတဲ့။
နိုင်ငံခြားမှာကတော့ ဟုတ်မပေါ့လေ။ စိုပြေတို့လို ဖုန်းမရှိသည့် သတင်းထောက်တွေကတော့ အခုမှ ပေါ်လာသည့် ဖုန်းလေး မက်မက်မောမောရှိလှမပေါ့။
ဒီနေရာမှာ သတင်းထောက်တွေမ ဟုတ်ဘဲ ၀န်ကြီးတွေ ဆိုလျှင်လည်း မြန်မာ့ အကျင့်အတိုင်း ယူကြမည်သာ။
သတင်းထောက်များ၏ ဖုန်းလုပွဲက ဟိုတယ်တွင် မပြီးသေးခင် အပြင်လောကတွင် ဖုန်းလုသည့် သတင်းက ပျံ့နှံ့လေပြီ။ သတင်းကောင်းတော့မဟုတ်။
အချို့ကလည်း အချင်းချင်းပြန်ဖွသူတွေကိုလည်း စိတ်ဆိုးကြသည်။ အခုလို သတင်းထောက်တွေနဲ့ အစိုးရ အမြင်မကြည်ချိန်တွင် အစိုးရအတွက် ထောက်ပြစရာ တစ်ကွက်တိုးသွားမည်ဟု ဆိုသည်။
ဒါ အသားထဲက လောက်ထွက်ခြင်းပင်။ ကိုယ်ပေါင်ကိုယ်လှန်ထောင်းခြင်းပင်။ ဟု ပြောကြသည်။ (ဖွသည့် အထဲတွင် စိုပြေမပါ)
ဖွသည့်လူတွေကိုလည်း လက်ဆောင်ယူခြင်းနှင့် ကင်းလွတ်ဖူးရဲ့လားဟု မေးကြသည်။ ပွဲများတွင် တကြိမ်တခါတော့ တစ်ခုခုယူဖူးခဲ့သူ၊ ထမင်းဖြစ်ဖြစ်၊ အရက်ဖြစ်ဖြစ် စားခဲ့ဖူး၊ သောက်ခဲ့ဖူးသူတွေသာ
ဖြစ်သည်ဟု သက်သေနှင့် တကွ ဖော်ထုတ်ကြသည်။
ဒီလိုမျိုး အော်ရီဒူးက ဖုန်းတွေ ဆင်းကဒ်တွေ ထီးတွေ ပေးသည်ကိုမသွားလိုက်မိ၍ စိုပြေ ကိုယ့်ကိုကိုယ်စိတ်ဆိုးနေမိသည်။
သွားလိုက်လျှင် စိုပြေလည်း လက်ဆောင်ရမည်။ မရလျှင် လုမည်။
အို... ဘာပဲဖြစ်ဖြစ်... ပွဲသွားမသွား စိုပြေလည်း သတင်းထောက်မို့ ဆင်းကဒ်နှင့် ဟမ်းဆက်တော့ ရထိုက်သည်။
အော်ရီဒူး ကုမ္ပဏီကို သွားပြီး ကျနော်သတင်းထောက်ပါဟု ပြောကာ သွားတောင်းလျှင် ကောင်းမလားဟု စဉ်းစားမိသေးသည်။
မဖြစ်သေး။ ရှက်လို့တော့မဟုတ်။ အော်ရီဒူးကုမ္ပဏီ ဘယ်နားရှိမှန်းမသိ၍ဖြစ်သည်။
စိုပြေ့ စိတ်ထဲ ဘ၀င်မကျသည့် အဆုံးတွင်တော့
တလတခါ ထုတ်ဝေသော သံချောင်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးသံချောင်းကို ရင်ဖွင့်မိတော့သည်။
“ကျုပ်လည်း သတင်းထောက်ပဲ ဖုန်းလိုချင်တောပေါ့ဗျာ။ တကယ်ဆို ရန်ကုန်မြို့မှာ ရှိတဲ့ ဂျာနယ်တိုက်တွေကို သူတို့ကိုယ်တိုင် ဖုန်းတွေ လိုက်ဝေသင့်တာပေါ့။
အခုဆို ရတဲ့လူရ၊ မရတဲ့လူမရနဲ့။ စိတ်ဆင်းရဲတယ်ဗျာ” စိုပြေက ဆိုလိုက်လျှင်
“စိတ်မပူပါနဲ့ တပဲ့ရာ....ငါ့မှာ အကြံအစီ ရှိပါတယ်” ဟု ဦးသံချောင်းကပြန်ပြောကာ သူ့အကြံအစီကြီးကို ပြောပြလေတော့၏။
ဦးသံချောင်း၏ အကြံအစီကတော့ လက်ဆောင်ပစ္စည်းအ၀ယ်ဒိုင်ဖွင့်ရေးပင်။
သတင်းထောက်များ ရလာသော လက်ဆောင်ပစ္စည်းများကို ဦးသံချောင်းက သူခိုးဈေးဖြင့် ၀ယ်ယူမည်ဖြစ်သည်။
ယခုလို အော်ရီဒူး ဖုန်းကို သတင်းထောက်တွေ လုသည့် ကိစ္စက ပျံ့နှံ့နေသဖြင့် သတင်းထောက်များ လက်ဆောင်လုထားသည့် အော်ရီဒူးဖုန်းကို ကိုင်ရဲမည်မဟုတ်ဟု ဦးသံချောင်းက ထွက်သည်။
ထိုဖုန်းများကို အောက်ဈေးဖြင့် ၀ယ်မည်ဟု ဦးသံချောင်းက သတင်းလွှင့်လိုက်သည်။
ထိုနေ့ညမှာပါပင် လက်ဆောင်လုလာခဲ့သော သတင်းထောက်အပေါင်းတို့သည် သံချောင်းသတင်းစာတိုက်ရှိရာ လာရောက်ကာ တိုးတိုးတိတ်တိတ် ရောင်းလေတော့သည်။
အောက်ဈေးဖြင့် ဆင်းကဒ်နှင့် ဟန်းဆက်များရသဖြင့် ဦးသံချောင်းလည်း ပွသွားလေ၏။
ဒါကြောင့်... “ ဒီစီးပွားရေးမဆိုးဘူးဟ။ သတင်းစာ ထုတ်တာမှ ရှုံးသေးတယ်။ ဒါက မြတ်တယ်” ဟု ရေရွတ်ကာ
မြေနီကုန်းက မခင်အေးနှင့်အပြိုင် သတင်းထောက်လက်ဆောင်ပစ္စည်းအရောင်းအ၀ယ်ဆိုင် ဖွင့်ရန်ထပ်မံ ကြံစီလေတော့သည်။
ထိုဆိုင်တွင်တော့ သတင်းထောက်များကို ပေးလိုသော လက်ဆောင်အမျိုးမျိုးရနိုင်ရန် စီမံထားမည်။
သတင်းထောက်များ ရလာသော လက်ဆောင်များကိုလည်း အောက်ဈေးဖြင့် ပြန်ဝယ်မည်။
တခါတရံ လက်ဆောင်မယူရသော သတင်းစာတိုက်မှ သတင်းထောက်များနှင့် လက်ဆောင်မနိုင်မနင်းဖြစ်နေသော လူများအတွက် လက်ဆောင် ကူလီ ထမ်းပေးခြင်း ၀န်ဆောင်မှုကို လုပ်ပေးဦးမည် ဟု
ဦးသံချောင်းက ဆိုသည်။
စိုပြေ့ကတော့ သတင်းထောက်များနှင့် သိနေသဖြင့် လက်ဆောင်ကူလီ ထမ်းပေးရမည်ဖြစ်သည်။
ကံကောင်းပေစွ။
စတုတ္ထမဏ္ဍိုင် နှင့် ဖုန်းလုပွဲအကြောင်းကို http://www.myanmarexpress.net/2014/08/blog-post_3.html တွင် ဖတ်ရှုနိုင်ပါသည်။
.. www.MyanmarExpress.net

3 comments:
အော်......စတုတ္ထမဏ္ဌိုင်...စတုတ္ထမဏ္ဌိုင်
ညံ့ပါ့ကွာ ooredoo ရုံးချုပ်က MICT Park ထဲက 8လုံးအ
ဆောက် အအုံမှာ ဒါတောင် မသိဘူးလား ပြီးတော့ အဲဒီ ooredooက ၀န်ထမ်းခန့်တုန်းက.လည်း sout ကျင့် မကောင်း
ဘူး interview ဖြေ ဆေး စစ်ပြီးတော့မှ အလုပ် နေရာ confirm မဖြစ်ဘူးဆို ပြီးပြောတယ် အခုလည်း ဘယ်မှာ လိုင်း
ကောင်း လို့ လည်း ငါတို့ mpt ကမှ ဟုတ်တုတ်တုတ် ရှိသေး
နောက်ဆုံး တော့ လဲ ကုလား ကုမ္မဏီ ဆိုတဲ့ အတိုင်း sout
ကျင့် ကို မ ကောင်းဘူး
၁၅၀၀ တန်ဖုန်းလေး လုကြသတဲ့ မျိုးချစ်စိတ်မရှိတဲ့ ကျင့်ဝတ်မရှိတဲ့သတင်းသမားတွေ ဒီလူမ်ျိုးတွေကိုသတင်းထောက်လို့မခေါ်ကြပါနဲ့ဗျာ သတင်းသမားလို့ဘဲခေါ်ကြပါ အရင်သတင်းထောက်ကြီတွေကို အားနာလိုပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်