From :
.(ပိုက်တင်)
High Politics နဲ့ Low Politics ကို သင့်တော်သလို ဘာသာပြန်လိုက်တာပါ။ အတိအကျ ဘာသာပြန်ဖို့လည်း မလွယ်လှပါဘူး။ High Politics ဆိုတာက အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးလို့ ပြောရမယ် ဖြစ်ပါတယ်။ ပါတီတွေက နိုင်ငံနဲ့ လူထုအကျိုးကို လုပ်နိုင်ကိုင်နိုင်ရှိဖို့ အရင်ဆုံး အာဏာရဖို့ ကြိုးစားရတာမို့ပါ။ ပါတီထူထောင်ခြင်း၊ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ မဲဆွယ်ခြင်း၊ အတိုက်အခံပြုခြင်း၊ လက်နက်ကိုင် တော်လှန်ခြင်း စတာတွေက ပါဝါနိုင်ငံရေးနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတဲ့ ကိစ္စရပ်များပါပဲ။
ပါဝါနိုင်ငံရေးက တိုင်းပြည်ကောင်းဖို့ လုပ်တဲ့ နိုင်ငံရေးမဟုတ်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပါဝါနိုင်ငံရေးနဲ့ အခြေခံနိုင်ငံရေး ဘယ်ဟာက လောလောဆယ် ပိုအရေးကြီးသလဲ ထင်ရှားစေချင်လို့ပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ အနေအထားက ပါဝါနိုင်ငံရေးထက် အခြေခံနိုင်ငံရေး (Low Politics) ကို ဇောင်းပေးမှဖြစ်မယ့် အနေအထားဆိုတာ မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ရင်းပါ။ ပါဝါနိုင်ငံရေး မလိုဘူးဆိုတဲ့ သဘောလည်း လုံးလုံး မဟုတ်ပါဘူး။ ဦးစားပေးအဆင့် သတ်မှတ်ပုံ မလွဲစေချင်တာပါ။ ပါဝါနိုင်ငံရေးကလည်း ဒီမိုကရေစီအတွက် မဖြစ်မနေလုပ်ရမှာ ဖြစ်ပေမယ့် အခြေခံနိုင်ငံရေးကို ဘေးချိတ်ထားရင် အဲဒီ ဒီမိုကရေစီကလည်း အလှမ်းဝေးနေဦးမယ်။ သေချာရေရာမှုလည်း မရှိနိုင်ဘူးဆိုတာ တင်ပြလိုရင်းပါ။ အစိုးရ သက်တမ်းကလည်း ကုန်ဖို့ နီးလာတာနဲ့အညီ အခြေခံနိုင်ငံရေးကို ဦးစားပေးလိုစိတ် ပြင်းပြသူ သမ္မတအနေနဲ့လည်း လူထုစိတ်ကောင်း စေတနာ နည်းပါးလှပြီး ပါဝါနိုင်ငံရေးကိုပဲ ထက်သန်ကြတဲ့ လက်ရှိ တာဝန်ယူထားသူ အများစုကြောင့် မှန်းသလောက် မပေါက်နိုင်တော့ပါဘူး။
အခြေခံနိုင်ငံရေး ဆိုတာကတော့ တစ်လုံးတည်းပြောရင် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အထဲမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ အခြားသော လူမှုဘဝအတွက် အခြေခံလိုအပ်ချက်များ ကဏ္ဍစုံ တိုးတက်ရေးဟာ အခြေခံနိုင်ငံရေးထဲ ပါပါတယ်။ ပါဝါနိုင်ငံရေးကို လုပ်နေတာ အခြေခံနိုင်ငံရေးကို လုပ်လို့ရအောင် ဖြစ်တယ်။ လောလောဆယ် စစ်တပ်က အာဏာကို အတင်းဆုပ်ကိုင်ထားတော့ ဒါတွေလုပ်လို့ ဘယ်ရမလဲ။ အတိုက်အခံ အာဏာရမှ (စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ပြီးမှ) အခြေခံနိုင်ငံရေးကို လုပ်လို့ရမယ်ဆိုတဲ့ ယူဆချက်က အမြစ်တွယ်နေတာကြောင့် စဉ်းစားပုံ စဉ်းစားနည်းတွေ ပြင်လို ပြင်ငြား အကျိုးသင့်အကြောင်းသင့် တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီအယူအဆကို ဆုပ်ကိုင်ထားကြမယ် ဆိုရင် တိုင်းပြည်ထူထောင်ရေး (လူထုရဲ့ အခြေခံစားဝတ်နေမှု ဖူလုံရေး) ကိစ္စကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ အချိန်ပိုကြာမယ် ဆိုတာ သတိပေးပါရစေ။
စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတုန်းက ဆိုရင်တော့ ဒီယူဆချက်က မှန်တယ်လို့ ပြောလို့ရပါတယ်။ အာဏာကို စစ်အာဏာရှင်က ချုပ်ကိုင်ထားခဲ့တဲ့အချိန်၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဆုတ်ယုတ်ပျက်စီးနေတဲ့ အချိန်၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့အချိန် ဖြစ်လေတော့ ပါဝါနိုင်ငံရေးကို ဇောင်းပေးလုပ်မှပဲ ခေတ်ဆိုးစနစ်ဆိုးကနေ ရုန်းထွက်လို့ရမှာ ဖြစ်လေတော့ Revolution ကို ပါဝါနိုင်ငံရေးအတွက် လုပ်ခဲ့ကြရပါတယ်။ အခု အချိန်မှာတော့ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားခြင်းလည်း မရှိတော့ရုံမက ပါဝါနိုင်ငံရေးကိုလည်း ဉာဏ်ပညာ အမြော်အမြင်ရှိရင် ရှိသလောက် ချဲ့ထွင်ယူလို့ ရလာတဲ့ အခြေအနေသစ် ဖြစ်တဲ့အပြင် လတ်တလော အရေးတကြီး လိုအပ်ချက်က စားဝတ်နေမှု ပြဿနာများ ပြေလည်ရေးသာ ဖြစ်လေတော့ ဟိုလူတွေကို ဖယ်ပြီး ဒီလူတွေ အာဏာရတာနဲ့ အားလုံး ကောင်းသွားမယ်ဆိုတဲ့ စိတ်ကူးယဉ် ယူဆချက်နဲ့ ပါဝါနိုင်ငံရေးကိုပဲ ဖိတွန်းနေကြတာ နည်းလမ်း မကျလှတော့ဘူးလို့ ယူဆမိပါတယ်။
အနည်းဆုံး ဖွံ့ဖြိုးတိုးတက်ရေးဟာ လတ်တလော လူထုကြုံတွေ့နေရတဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့ရော၊ လူစဉ်မီတဲ့ နိုင်ငံတစ်ခု ဖြစ်ဖို့ရော၊ ရေရှည်မှာ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် ပေါ်ပေါက်လာနိုင်ဖို့နဲ့ အဲဒီနိုင်ငံရေးစနစ်ကို အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ အတွက်ပါ အလေးအနက် စဉ်းစားရင် အခြေခံနိုင်ငံရေးရဲ့ အရေးပါမှုကို တွက်ဆမိပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အများမျှော်လင့်တဲ့ အတိုက်အခံအစိုးရ ပေါ်ပေါက်ဖို့ ၂၀၁၅ ကို မျှော်လင့်လို့ရတဲ့ အနေအထား သိပ်များများစားစား မရှိလှပါဘူး။ အဓိက လိုအပ်ချက်ဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ပိုင်ပိုင်နိုင်နိုင်လုပ်လို့ မရသေးတာကြောင့် ဖြစ်ပါ တယ်။ တပ်မတော်နဲ့ အတိုက်အခံပါတီကြီး၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ တပ်မတော်နဲ့ လူထုကြား၊ နောက်ဆုံး နိုင်ငံသားများ အချင်းချင်းကြား ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ တစ်နေ့မှသာ စစ်မှန်တဲ့ ဒီမိုကရေစီကို မျှော်မှန်းလို့ ရနိုင်မှာမို့ ဖြစ်ပါတယ်။
တပ်မတော်ဘက်က ယုံကြည်မှု တည်ဆောက်ရေး ခြေလှမ်းကို လှမ်းလာတယ်ဆိုတာ သေသေချာချာ ဆန်းစစ်ကြည့်ရင် မြင်တွေ့နိုင်မှာပါ။ အခြေခံဥပဒေဟာ တင်းကျပ်လွန်းတယ်လို့ ပြောနေပေမယ့် ယုံကြည်မှု တည်ဆောက်ရေးက အရွေ့နှေးနေလေတော့ ဒီအခြေခံဥပဒေဟာ အကြောင်းတရား လျော်ညီစွာပဲ ပေါ်ထွက်လာခြင်း ဖြစ်တယ်လို့ ပြောနိုင်သလို နိုင်ငံရေးခွင်ကို အတိုက်အခံတို့အတွက် စမ်းသပ်ဖွင့်ပေးတဲ့ (ဒီမိုကရေစီကို မျိုးစေ့ချပေးတဲ့) အခြေခံဥပဒေလို့လည်း မြင်ကြည့်သင့်ပါတယ်။ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ အခြေခံဥပဒေဟာ ဒီမိုကရေစီဘက်သို့ ဦးတည်ပြီး တိုးတက်ကောင်းမွန်လာရေး ကိစ္စရပ်နှစ်ခုက တိုက်ရိုက် အချိုးကျနေပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားတို့ကြား ယုံကြည်မှု တည်ဆောက်ရေးက ဖြစ်သင့်သလောက် ဖြစ်လာသလို လူထုနဲ့ တပ်မတော်ကြား ယုံကြည်မှု တည်ဆောက်ရေးကိုလည်း တပ်ခေါင်းဆောင်တွေ စတင်အားထုတ် ကြိုးပမ်းနေကြပါပြီ။ Political Space ကို ဖွင့်ပေးခြင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုများနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေး တပ်ဘက်က ဖွင့်ပေးလိုက်တဲ့ လမ်းဖြစ်ပါတယ်။ ဒီလမ်းကို ယုံယုံကြည်ကြည်နဲ့ လျှောက်လှမ်းနေကြတဲ့ အင်အားစုတွေ ရှိသလို မယုံကြည်ဘဲ လျှောက်လှမ်းနေကြတဲ့ အင်အားစုတွေလည်း ရှိပါတယ်။
အစိုးရနဲ့ အနိုင်ရပါတီဘက်က ပါဝါနိုင်ငံရေးကို အသာစီး ရယူထားပြီး အခြေခံနိုင်ငံရေး (ဖွံ့ဖြိုးတိုးတက်ရေးကို) လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာတွေ ရှိပေမယ့် မတည်ငြိမ်သေးတဲ့ နိုင်ငံရေး အခြေအနေ၊ အနိုင်ရပါတီဝင် တော်တော်များများရဲ့ လူထုအပေါ်ထားတဲ့ စိတ်စေတနာ မမှန်ကန်မှု၊ ခြစားယန္တရား စတဲ့ အကြောင်းတရားတွေက ဟန့်တားထားပါတယ်။ အတိုက်အခံတို့ရဲ့ ပါဝါနိုင်ငံရေးဆိုင်ရာ ဖိအားများကလည်း လူထုအတွက် စိုးရိမ်ကြောင့်ကြမှုများ စိတ်မလုံခြုံမှုများကို တိုးပွားစေတာ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံရေး အခြေအနေ တည်ငြိမ်ဖို့၊ အနိုင်ရ ပါတီဝင်တွေရဲ့ Mindset ကို ပြင်ဖို့၊ အတိုက်အခံတို့ အနေနဲ့ တောက်လျှောက် အလုပ်မဖြစ်ခဲ့တဲ့ ဖိအားပေးခြင်း နည်းလမ်းကိုစွန့်ပြီး ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ နည်းလမ်းနဲ့ ပါဝါနိုင်ငံရေးကို ပြောင်းလဲလုပ်ကိုင်ပြီး လူထုထောက်ခံတဲ့ အစိုးရ ပေါ်ပေါက်အောင် ကြိုးပမ်းဖို့နဲ့ အကျင့်ပျက် ခြစားနေတဲ့ ယန္တရားကြီးကို ထိထိရောက်ရောက် ပြင်ဆင်ဖို့ ဆိုတာတွေက အခြေခံနိုင်ငံရေး ကောင်းလာအောင် လုပ်ဖို့ အဓိက လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို လက်တွေ့ မလုပ်နိုင်သရွေ့တော့ လူထုလည်း ဆင်းရဲတွင်းက ဘယ်တော့မှ လွတ်မှာ မဟုတ်ပါဘူး။
PR စနစ်ကို အသက်သွင်းခြင်းကလည်း ပါဝါနိုင်ငံရေး ကစားကွက်ပါပဲ။ လူထုက နိုင်ငံရေးကို နက်နက်နဲနဲ သိကြတာ မဟုတ်ပေမယ့် လူမပြောင်း မူပြောင်း အခြေအနေကို ကြိတ်မှိတ်လက်ခံပြီး စောင့်နေကြတယ် ဆိုတာဟာ လူပါပြောင်းတဲ့ အုပ်ချုပ်ရေးစနစ်သစ်ကို မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။၂၀၁၅ မှာ (ယုံကြည်မှုမ တည်ဆောက်နိုင်တဲ့အပြင် တပ်နဲ့ အတိုက်အခံ ပါတီကြီးကြား တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေလို့) မမျှော်လင့်တာတွေ (ဆိုးဆိုးရွားရွား) ဖြစ်လာခဲ့ရင် အခြေခံနိုင်ငံရေးဟာ ဆိုးသထက် ဆိုးဖို့ပဲ ရှိပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲနဲ့ အစိုးရသစ်တစ်ရပ် ပေါ်လာသော်ငြား အတိုက်အခံတို့ မျှော်လင့်သလို အတိုက်အခံပါတီကြီးက ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရမဟုတ်ခဲ့ရင် တစ်ဖက်နဲ့တစ်ဖက် ပိုပြီး တင်းမာလာဖို့ရှိပြီး ဖြစ်ထွန်းပြီးသား အခြေအနေကောင်းတွေဟာ ခြိမ်းခြောက်ခံရနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ (စောစောက ပြောခဲ့သလိုပဲ။ အတိုက်အခံပါတီကြီးကို တပ်အနေနဲ့ ယုံယုံကြည်ကြည် အာဏာပေးမယ့် နိုင်ငံရေး ဝန်းကျင်မျိုး လုံးဝ မရှိသေးပါဘူး။)
တပ်မတော် အနေနဲ့ကတော့ PR စနစ်နဲ့သာ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ရင် ၂၀၁၅ အလွန်မှာ လွှတ်တော်ထဲမှာရော၊ အစိုးရ ဖွဲ့စည်းရေး ကိစ္စမှာပါ Key Player အဖြစ် ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပါတီများအနေနဲ့ ၂၅ ရာခိုင်နှုန်း နေရာရဖို့ အလွန်အမင်း ခက်ခဲသလို ဒီမိုကရေစီ အင်အားစုများ အချင်းချင်းကြား ညီညွတ်မှုကိုလည်း မတည်ဆောက်နိုင်သေးတာ ကြောင့်ပါပဲ။ Complement Policy မူဝါဒကို ကိုင်စွဲနိုင်သူများသာ အစိုးရ ဖွဲ့ပြီးနောက် အခြေခံ နိုင်ငံရေးကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပြီး တပ်မတော်ရဲ့ ရပ်တည်ချက်ကလည်း လူထုဆင်းရဲတွင်းက လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ပိုမိုအရေးပါလာတော့မှာပဲ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ ပေါ်ထွက်လာမယ့် အခြေအနေသစ်ကို ကောင်းစွာ အသုံးချပြီး လူထုနဲ့ တပ်မတော်ကြား ရှိနေခဲ့တဲ့ ခါးသီးမှုများကို အပြီးအပိုင် ချေဖျက်ရင်း အနိုင်ရပါတီ အပါအဝင် ပါတီအများက အခြေခံနိုင်ငံရေးကို ခဏဘေးချိတ်ပြီး ပါဝါနိုင်ငံရေးအတွက်သာ ဦးစားပေး လုံးပန်းနေကြချိန်မှာ အခြေခံနိုင်ငံရေး တိုးတက်ကောင်းမွန်အောင် (လူများစုကြီး ဆင်းရဲတွင်းက လွတ်မြောက်အောင်) တတ်စွမ်းသမျှ ပါဝင်ကူညီ ထမ်းဆောင်ပေးရင်း တပ်မတော်ရဲ့ သမိုင်းသစ်ကို ရေးထိုး မော်ကွန်းတင်ဖို့သာ နိုင်ငံနဲ့ လူထုအတွက် အကောင်းဆုံး အနာဂတ်ကို တောင့်တမိသူ နိုင်ငံသားတစ်ယောက် အနေနဲ့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်။
.
. www.MyanmarExpress.net

1 comments:
(လူများစုကြီး ဆင်းရဲတွင်းက လွတ်မြောက်အောင်) မွေးဖွားလာသောအမျိုးသားတပ်မတော်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်