From :
..မောင်မင်းခေါင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရေးသား သည့် ဆောင်းပါးများအနက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော ဆောင်းပါးများ ကို ရွေးချယ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များ သည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက်များ သာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆ မဟုတ်ပါ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို စိတ်ဝင်စားသူများ အနေဖြင့် လည်း ဆောင်းပါး များ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ မူဝါဒနှင့် ကိုက်ညီပါက ဖော်ပြပေးသွား မည်ဖြစ်ပါသည်။
လွှတ်တော်ကြီးက ပြည်သူအများ ဖတ်ရှုလေ့လာနိုင်ဖို့ဆိုပြီး ''၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)'' နှစ်ခုကို သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒီဥပဒေ (မူကြမ်း)ကို ဖတ် ကြည့်ရင်းနဲ့ မောင်မင်းခေါင်ရဲ့ ရင်ထဲ၊ အူထဲ၊ အသည်းထဲမှာကို နေလို့ မရအောင် ကလိကလိဖြစ်လာတဲ့ အချက်ကလေးတစ်ခုကိုတော့ ပြည်သူ အများကို ဝေမျှခံစားရအောင် တင်ပြချင်ပါတယ်ခင်ဗျာ။
အဲဒီအချက်ကတော့ ''နိုင်ငံတော်သမ္မတဟာ လွှတ်တော်ကိုယ်စား လှယ် ဖြစ်ရမယ်''ဆိုတဲ့ ကိစ္စပါပဲ။ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ (မူကြမ်း)မှာ ဒီကိစ္စကို ပြင်ဆင်ချက်နှစ်ခုနဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။
ပထမပြင်ဆင်ချက်ကတော့ အခြေခံဥပဒေပုဒ်မ ၆ဝ(ဂ)ကို ပြင်ဆင်တာဖြစ် ပြီးတော့ ဒုတိယသမ္မတရွေးကောက်တင်မြှောက်ရာမှာ မူလက ''လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ များထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်'' လို့ ပါရှိရာကနေ အခု ဥပဒေ (မူကြမ်း)ထဲမှာ ''ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခံ ရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်'' လို့ ပြင်ဆင်ထား တာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သမ္မတဖြစ်လာနိုင်တဲ့ ဒုတိယသမ္မတတစ်ဦးဟာ ပြည်ထောင်စုလွှတ်တော်ထဲမှာရှိနေတဲ့ ရွေး ကောက်တင်မြှောက်ခံထားရတဲ့ (ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ထဲက အရပ်သား) လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်ဆိုတဲ့ အချက်ပါ။
ဒုတိယပြင်ဆင်ချက်ကတော့ ပြင်ဆင်တာမဟုတ်ဘဲ ပယ်ဖျက်မှုနှစ်ရပ် ဖြစ် ပါတယ်။ ပယ်ဖျက်တဲ့ပုဒ်မနှစ်ခုကတော့ ပုဒ်မ ၆၂ နဲ့ ပုဒ်မ ၆၃ တို့ ဖြစ်ကြပါ တယ်။ ပုဒ်မ ၆၂ ကတော့ ''နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ သည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ'' ဆိုတဲ့ ပုဒ်မဖြစ်ပြီးတော့ ပုဒ်မ ၆၃ ကတော့ ''နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစား ယူပြီးဖြစ်သည်ဟု မှတ်ယူရမည်'' လို့ ဆိုထားပါ တယ်။ ဒီပုဒ်မနှစ်ခုကို ပယ်ဖျက်လိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ အဓိပ္ပာယ် ကတော့-
( ၁ ) ဟပုဒ်မ ၆ဝ(ဂ)ကိုပြင်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ လွှတ် တော်ကိုယ်စားလှယ်' သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ ဒီရာထူး တွေယူလိုက်ပေမယ့် တစ်ချိန်တည်းမှာ လွှတ်တော် ကိုယ်စား လှယ်နဲ့ သမ္မတ သို့မဟုတ် ဒုတိယသမ္မတတွေအဖြစ် ဆက် လက်ပြီး ပူးတွဲတည်ရှိနေနိုင်တယ်။
( ၂ ) သမ္မတ သို့မဟုတ် ဒုတိယသမ္မတရာထူး ရယူလိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်စရာမလို ဆိုတဲ့သဘောတွေ မြင်ရပါတယ်။
ဒါကြောင့် အခု အခြေခံဥပဒေပြင်ဆင်ချက်သာ အတည်ဖြစ်မယ် ဆိုရင် မြန်မာနိုင်ငံမှာ ထူးထူးခြားခြား ''နိုင်ငံတော် သမ္မတအမတ်မင်း'' တစ်ယောက် ပေါ်ပေါက်လာဖို့ရှိနေပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်မည့်သမ္မတ
အဲလိုသာ ''နိုင်ငံတော်သမ္မတအမတ်မင်း'' ပေါ်ပေါက်လာမယ်ဆိုရင် တော့ ကမ္ဘာ့ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ ထူးထူးခြားခြား ပထမ ဆုံးအနေနဲ့ ''နိုင်ငံတော်သမ္မတအမတ်မင်း'' ရှိတဲ့ နိုင်ငံအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်သွားလိမ့်မယ်လို့ မောင်မင်းခေါင်ထင်ပါတယ်ခင် ဗျ။
အဲဒါဆိုရင်တော့ ကမ္ဘာပေါ်မှာ မှတ်ဥာဏ်အကောင်းဆုံးလူသား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးပြီးရင် မြန်မာနိုင်ငံသားထဲက ဒုတိယ မြောက် ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အံ့ဖွယ်ပုဂ္ဂိုလ်ကြီးဖြစ်လာမှာပါ။
သို့ပေမယ့်လည်း အဲလို အံ့ဖွယ်သူရဲမှတ်တမ်းစာရင်း အသွင်းခံရရင် တောင်မှ ဝမ်းသာ အားရ လက်ခမောင်းခတ် ဂုဏ်ယူရမယ့်ကိစ္စ ဟုတ်ပါ့ မလားလို့တော့ မောင်မင်းခေါင် အကြီးအကျယ်သံသယဖြစ်မိပါရဲ့။
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ သမ္မတအုပ်ချုပ်တဲ့ အမှုဆောင် သမ္မတ (Executive Presidency) စနစ်ပဲဖြစ်ဖြစ်၊ ဝန်ကြီးချုပ်အုပ်ချုပ်တဲ့ ပါလီမန်အုပ်ချုပ်ရေး (Parliamentary Administration) စနစ်မှာပဲ ဖြစ်ဖြစ် ဘယ်စနစ်မှာမှ နိုင်ငံ့ဦးသျှောင် (Head of State) တစ်ယောက်ဟာ လွှတ်တော်အမတ်လုပ်တာ ကြားလည်းမကြားဖူး၊ ရှိလည်းမရှိခဲ့ဖူးလို့ပါပဲ။
နိုင်ငံ့ဦးသျှောင် (Head of State) ဆိုတာ တစ်နိုင်ငံလုံးရဲ့အထွတ်အထိပ် ပုဂ္ဂိုလ်ပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၈ အရ ''နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်'' လို့ ဆိုထား ပါတယ်။ ဒါ့အပြင် ပုဒ်မ ၁၉၉(က)အရလည်း နိုင်ငံတော်သမ္မတဟာ နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲ (Head of Executive) ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့သမ္မတရာထူးဟာ အမေရိကန် ပြည်ထောင်စုတို့၊ ဖိလစ်ပိုင်နိုင်ငံတို့လိုပဲ နိုင်ငံတော်အကြီးအကဲ (Head of State) ဖြစ်သလို အုပ်ချုပ်ရေးအကြီးအကဲ (Head of Executive) သို့မဟုတ်(Head of Government) လည်း ဖြစ်ပါတယ်။ အများနားလည်လွယ်အောင် ပြောရရင် အခုပြောခဲ့တဲ့ နိုင်ငံတွေက နိုင်ငံတော်သမ္မတတွေဟာ ဗြိတိန်၊ ထိုင်း စတဲ့နိုင်ငံတွေက ဘုရင်၊ ဘုရင်မတွေနဲ့ ဝန်ကြီးချုပ်တွေ နှစ်မျိုး ပေါင်း ထားတာနဲ့ တူပါတယ်။ အဲဒါကိုပဲ အမှုဆောင်သမ္မတ (Executive Presidency) လို့ နာမည်ပေးထားတာဖြစ်ပါတယ်။
အမှုဆောင်သမ္မတစနစ်နဲ့ ပါလီမန်အုပ်ချုပ်ရေးကွာခြားချက်
သမ္မတအုပ်ချုပ်တဲ့ အမှုဆောင်သမ္မတစနစ်နဲ့ ဝန်ကြီးချုပ်အုပ်ချုပ်တဲ့ ပါလီမန်အုပ်ချုပ်ရေးစနစ် ကွာခြားချက်ကတော့ အာဏာသုံးရပ်ပိုင်းခြား သုံးစွဲမှုပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က)မှာ ''နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြု သည်''လို့ ဆိုပါတယ်။ ဒါဟာ အမှုဆောင်သမ္မတ စနစ်ရဲ့ ထူးခြားတဲ့အနှစ် သာရပါ။ အများနားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ အမှုဆောင် သမ္မတစနစ်မှာ လွှတ်တော်နဲ့အစိုးရအကြား သီးခြားကင်းလွတ်စွာ ရပ်တည်ပြီး အပြန်အလှန် ထိန်းကျောင်းရတာဖြစ်ပါတယ်။
ဒါကြောင့်မို့ အမှုဆောင်သမ္မတစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေအားလုံးမှာ သမ္မတနဲ့ ဝန်ကြီးတွေဟာ လွှတ်တော်အမတ်မဖြစ်ရပါဘူး။ ဖြစ်နေခဲ့ရင် လည်း နုတ်ထွက်ရပါတယ်။ ဥပမာအားဖြင့် ဆိုရင် ဆီးနိတ်လွှတ်တော်အမတ် အိုဘားမားဟာ သူ့ရဲ့အမတ်နေရာကို စွန့်လွှတ်ပြီးမှ အမေရိကန်သမ္မတ အဖြစ် ရရှိတာဖြစ်ပါတယ်။ အဲလိုပဲ ဆီးနိတ်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်နဲ့ ဂျွန်ကယ်ရီတို့ဟာလည်း သူတို့ရဲ့အမတ်အဖြစ်ကို စွန့်လွှတ် ပြီးမှ သမ္မတအိုဘားမားရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေအဖြစ် တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။
ပါလီမန်အုပ်ချုပ်ရေးစနစ်မှာတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ဟာ ရောယှက်ပြီး၊ အုပ်ချုပ်ရေးအကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ဟာ အာဏာရပါတီခေါင်းဆောင် လွှတ်တော်အမတ်ဖြစ်ပါတယ်။ ဝန်ကြီးတွေ ကတော့ လွှတ်တော်အမတ်ထဲကပဲဖြစ်ဖြစ်၊ တခြားပုဂ္ဂိုလ်ထဲကပဲ ဖြစ်ဖြစ် တာဝန်ယူနိုင်ပါတယ်။ ဒီနေရာမှာ တခြားပုဂ္ဂိုလ်ထဲ က ရွေးချယ်တာဝန်ပေး နိုင်တဲ့ အကြောင်း တင်ပြချင်ပါ တယ်။ နိုင်ငံတော်အတွင်းမှာရှိနေတဲ့ ထူးခြား တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်တာဝန်ပေးအပ်နိုင်အောင် လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချက်ဥပဒေကြမ်း မှာ နိုင်ငံတော်သမ္မတဟာ လွှတ်တော်အမတ်ဖြစ်ရမယ်ဆိုတဲ့ ပြင်ဆင် သတ်မှတ်ချက်ကိုတွေ့ရတော့ ဒါဟာ အာဏာသုံးရပ်ကို ပိုင်းခြားသုံးစွဲတဲ့ အမှုဆောင်သမ္မတစနစ်ရဲ့ အနှစ်သာရ လုံးဝပျက်ပြားသွားတာ ဖြစ်ပြီးတော့၊ ပါလီမန်အုပ်ချုပ်ရေးစနစ်ဘက်ကို သိသိသာသာကြီး ဆွဲယူသွားတာလို့ပဲ သုံးသပ်မိပါတယ်။ အဲလို ပါလီမန်အုပ်ချုပ်ရေးဘက် သွားမယ်ဆိုရင်လည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် အခြေခံမူကိုပါပြင်သင့်တာပေါ့။ အခုတော့ ဒီလို ကိုယ်လိုရာဆွဲပြီး ပြင်ချလိုက်တာဟာ ရှေ့နောက်မညီသလို အတော် ကလေး ခွတီးခွကျဖြစ်သွားတယ်လို့ မောင်မင်းခေါင်ထင်ပါတယ်။
ဘယ်သမ္မတမှ အမတ်ဖြစ်ရိုးထုံးစံမရှိ
တကယ်တော့ ပါလီမန်အုပ်ချုပ်ရေးစနစ်မှာတောင်မှ နိုင်ငံဦးသျှောင် ဖြစ်တဲ့ စည်းမျဉ်းခံ ဘုရင်၊ ဘုရင်မတွေ၊ နိုင်ငံတော်သမ္မတတွေဟာ လွှတ်တော်ထဲမှာ အမတ်အဖြစ် တာဝန်ယူရိုးထုံးစံ မရှိပါဘူးခင်ဗျာ။
အဲလိုထုံးစံမရှိရတာကလည်း အဓိကအားဖြင့် အချက်ကြီးနှစ်ချက် ကြောင့်ဖြစ်တယ်လို့ မောင်မင်းခေါင်မှတ်သားရပါတယ်။
ပထမအချက်ကတော့ နိုင်ငံ့ဦးသျှောင်(Head of State) တွေဟာ နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ်ဖြစ်လို့ နိုင်ငံသားအားလုံးနဲ့ဆိုင် ပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ ဘယ်ပါတီအစုအဖွဲ့ဘက်ကိုမှ မလိုက် ရပါဘူး။
ဘက်မလိုက်ဘဲ ရပ်တည်ရပါတယ်။ ဒါကြောင့် ပါတီတစ်ခုခုရဲ့ ပါတီဝင်အဖြစ်နဲ့ ရွေးကောက်ခံပြီး အမတ်ဖြစ်ခဲ့ရင်တောင် နုတ်ထွက်ရတာ ဖြစ်ပါတယ်။
ဒါကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်ကျင့်သုံးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၄၇(၁)မှာ ''နိုင်ငံတော်သမ္မတသည် ပါလီမန် ဆိုင်ရာ မည်သည့်လွှတ်တော်၏ အမတ်မျှမဖြစ်စေရ''လို့ပါရှိပြီး ပုဒ်မ ၄၇ (၂)မှာ ''ပါလီမန်ဆိုင်ရာ လွှတ်တော်တစ်ရပ်ရပ်၏ အမတ်တစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သော်၊ ထိုအမတ်သည် သက်ဆိုင်ရာ လွှတ်တော်၌ မိမိ၏အမတ်နေရာကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်ဟု မှတ်ယူရမည်'' လို့ ဆိုထားတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအကြီးအကဲမျှသာ ဖြစ်တဲ့ ဝန်ကြီးချုပ်ကတော့ အမတ်အဖြစ်ကနေ နုတ်ထွက်ဖို့မလိုပါဘူး။
ဒုတိယအချက်ကတော့ ဥပဒေကြောင်းပိုဆန်ပါတယ်။ နိုင်ငံ့ဦးသျှောင် အကြီးအကဲဟာ သူကိုယ်တိုင် ဥပဒေပြုအဖွဲ့အစည်း(Legislature) တစ်ခု
ဖြစ်တာကြောင့် တခြားဥပဒေပြု အဖွဲ့အစည်းတွေဖြစ်တဲ့ ဘယ်လွှတ်တော် မှာမှ အမတ်အဖြစ်နဲ့ ပါလို့မရခြင်းဘဲဖြစ်ပါတယ်။ ဘာဖြစ်လို့ သူကိုယ် တိုင်က ဥပဒေပြုအဖွဲ့အစည်းဖြစ်ရသလဲဆိုရင် နိုင်ငံအကြီးအကဲဟာ တခြား ဥပဒေပြုအဖွဲ့အစည်းတွေ မရှိချိန် (ဥပမာ-လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန် သို့မဟုတ် အရေးပေါ်ကာလ လွှတ်တော်များဖျက်သိမ်း ထားချိန်) တွေမှာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (Decree) ထုတ် ပြန်နိုင်တဲ့ ဥပဒေပြုအာဏာရှိနေလို့ပါပဲ။
ဒါကြောင့် ဗြိတိသျှတော်ဝင် အင်တာနက်သတင်းဝက်ဘ်ဆိုက်မှာ ဒီလိုဖော်ပြထားတာ တွေ့ရပါတယ်-
“The Queen and her family never vote or stand for election to any position, political or otherwise.
Although the law relating to elections does not specifically prohibit the Sovereign from voting in a general election or local election, it is considered unconstitutional for the Sovereign and his or her heir to do so.
As Head of State, The Queen must remain politically neutral, since her Government will be formed from whichever party can command a majority in the House of Commons.
The Queen herself is part of the legislature and technically she cannot therefore vote for members of another part of the legislature.”
မြန်မာလိုပြန်ရရင်တော့ ''ဘုရင်မကြီးနဲ့ သူ့ရဲ့မိသားစုဟာ နိုင်ငံရေး မှာပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေမှာပဲဖြစ်ဖြစ် ဘယ်တော့မှ မဲလည်းပေး လေ့မရှိ၊ ရွေးကောက်လည်း ခံလေ့မရှိပါဘူး''တဲ့။
''ဥပဒေအရကတော့ ဘုရင်မကြီးကို ရွေးကောက်ပွဲတွေမှာ မဲမပေးရဘူးလို့ ကန့်သတ်ထားတာ မရှိပေမယ့် ဘုရင်မကြီးနဲ့ တော်ဝင်မိသားစုအနေနဲ့ အဲလိုမဲပေးရင် အခြေခံ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရပါတယ်''တဲ့။
''သူ့ရဲ့အစိုးရအဖွဲ့ဟာ ဘယ်ပါတီပဲဖြစ်ဖြစ် သူ့လွှတ်တော်မှာ အများစုအနိုင်ရတဲ့ပါတီနဲ့ ဖွဲ့စည်း ရတာဖြစ်လို့ နိုင်ငံ့ဥသျှောင်အကြီးအကဲ ဘုရင်မကြီးအနေနဲ့ နိုင်ငံရေး အရ ဘက်လိုက်လို့မရဘဲ ကြားနေရပါလိမ့်မယ်''တဲ့။ ''ဘုရင်မကြီး ကိုယ် တိုင်က ဥပဒေပြုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အခြားသော ဥပဒေပြုအဖွဲ့အစည်းတစ်ခုခုရဲ့ အဖွဲ့ဝင်တွေအတွက် မဲပေး လို့လည်း မရပါဘူး'' တဲ့။
ဒီစာသားတွေအရဆိုရင် ဗြိတိသျှနိုင်ငံ့ဥသျှောင် အကြီးအကဲ ဟာ ရွေးကောက်ခံခြင်းမရှိတဲ့အပြင် မဲတောင်မှ ပေးလို့မရဘူးဆိုတာ ပေါ်လွင် ပါတယ်။
မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၆၅ မှာလည်း ''ပြည်ထောင်စုနိုင်ငံ၏ဥပဒေပြုမှုအာဏာသည် ပါလီမန် တွင်တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် နှင့် လူမျိုးစုလွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန် ကို ပါလီမန်၊ သို့တည်းမဟုတ် ပြည်ထောင်စုပါလီမန်ဟု ခေါ်ရမည်''လို့ ပြဋ္ဌာန်းခဲ့တာဟာ ဒီသဘောတရားကြောင့်ပါပဲ။
ဥပဒေသီအိုရီသဘောတရားတွေနဲ့ မဟုတ်ဘဲ ရိုးရိုးကလေး လူ သာမန်အတွေးနဲ့ တွေးကြည့်ရင်တောင်မှပဲ နိုင်ငံတစ်ခုလုံးကို ကိုင်တွယ် စီမံအုပ်ချုပ်ရတဲ့ နိုင်ငံတော်သမ္မတ တစ်ယောက်ဟာ ဒီလောက်အလုပ် များတဲ့ကြားထဲက တစ်နှစ်မှာ ရှစ်လလောက်ကျင်းပတဲ့ လွှတ်တော် အစည်း အဝေးထဲကို ခေါင်းပေါင်းကြီးစွပ်ပြီး ငုတ်တုတ်သွားထိုင်နေရမယ်ဆိုရင် ဘယ်လိုများ သမ္မတအလုပ်ကို သွားလုပ်ရပါ့မလဲဆိုတာ စဉ်းစားစရာ ကြီးပါ။
နောက်တစ်ခါစဉ်းစားဖို့ကောင်းတဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စတစ် ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတဟာ လွှတ်တော် အမတ် ဖြစ်ကိုဖြစ်ရမယ်ဆိုရင်- ဥပဒေသဘောအရ တကယ်လို့ နိုင်ငံတော် သမ္မတဟာ လွှတ်တော်အမတ်တာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ အခါမျိုး ကျရင် သမ္မတအဖြစ်ဆက်ပြီး တည်ရှိခွင့်ရှိ-မရှိဆိုတာပါပဲ။ ဘာလို့လဲ ဆိုတော့ အခြေခံဥပဒေပုဒ်မ ၃၈(ခ)အရ မဲဆန္ဒရှင်တွေမကျေနပ်ရင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှ ရုပ်သိမ်းနိုင်တယ်လို့ ပြဋ္ဌာန်း ထားလို့ပဲဖြစ် ပါတယ်။ အဲဒီလိုသာဆိုရင် သမ္မတတစ်ဦးကို ဖြုတ်ချချင်ရင် လွှတ်တော်အမတ်တာဝန်က ရုပ်သိမ်းဖို့ လုပ်လိုက်ရုံပဲမို့ ပြည်သူ့ကိုယ်စား လှယ်တာဝန်က ရုပ်သိမ်းခွင့်နဲ့တင် ပြည့်စုံတဲ့ဆောင်ရွက်ခွင့် ရနေမှာ ဖြစ်ပါတယ်။ ဒီတော့ သမ္မတကို မကျေနပ်တဲ့ သို့မဟုတ် သဘောထား မတိုက်ဆိုင်တဲ့ အတိုက်အခံအဖွဲ့တစ်ခုက တစ်ဖက်လှည့်နဲ့ အလွယ်တကူ ဆောင်ရွက်ခွင့် ပေးထားတဲ့သဘောဖြစ်နေမှာပါ။
အခုလိုပြောနေရတာက နောင်တက်လာမယ့် နိုင်ငံတော်သမ္မတဟာ ဘယ်သူဖြစ်မယ်၊ ဘယ်ဝါဖြစ်မယ်ဆိုပြီး ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ပြောနေ တာမဟုတ်ပါဘူး။ သမ္မတကြီးဘယ်သူပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာ ဒီလိုမျိုး အမြင်မတော်၊ မဆီလျော်တဲ့ ကိစ္စမျိုးတွေနဲ့ လူကဲ့ရဲ့ဝေဖန်ခံရမယ့် အခြေ အနေမျိုး တကယ်ဖြစ်မလာရအောင် လွှတ်တော်ထဲက ပညာရှိကြီးများ ပြန်လည်စဉ်းစားနိုင်ဖို့ တင်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျား။
.. https://www.facebook.com/MyanmarExpress

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်