Subscribe to our RSS Feed

အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာနိုင်ငံအပေါ် ပိတ်ပင်တားမြစ်ချက် အချို့နှင့် စပ်လျဉ်း၍ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာ

From : ခေတ်လူငယ်


မြန်မာနိုင်ငံ၏ လက်ရှိအစိုးရအဖွဲ့သစ်အနေဖြင့် စတင်တာဝန်ယူချိန်မှအစပြု၍ ဒီမိုကရေစီစနစ်သို့ အသွင်းကူးပြောင်းပြီး နိုင်ငံတော်သစ် တည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်လျက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အချိန်တိုအတွင်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထိုထိုသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ ထိရောက်အောင်မြင်မှုများကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ ပြည်ပနိုင်ငံများက ဖြေလျှော့မှုများကို ပြောင်းလဲဆောင်ရွက်နေကြပြီဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ငွေကြေးလွှဲပြောင်းပေးပို့မှု ကန့်သတ်ချက်အချို့အား လျှော့ပေါ့ပေးခြင်းနှင့် ပတ်သက်၍ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည့်နည်းတူ ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု အများစုအား ရပ်ဆိုင်းကြောင်းနှင့် စပ်လျဉ်း၍ စည်းမျဉ်းတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနအနေဖြင့် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများနှင့် အခြားအမြတ်အစွန်းရရှိရေးအတွက် မဟုတ်သောလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် ငွေကြေးလွှဲပြောင်းပေးပို့မှုများကို ခွင့်ပြုသည့် General License No. 14-C ကို ဧပြီ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အခြေခံလူတန်းစား လိုအပ်ချက်များ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ အားကစားဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနှင့် ပြည်သူများအား တိုက်ရိုက် အကျိုးသက်ရောက်မည့် စီးပွားရေးလုပ်ငန်းမဟုတ်သော ဖွံ့ဖြိုးရေးစီမံကိန်းများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့၌ ငွေကြေးလွှဲပြောင်းမှုများကို ခွင့်ပြုခဲ့သည်။ ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများအပေါ် ထောက်ခံအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ပိတ်ဆို့မှု အများစုကို ဧပြီ ၂၄ ရက်က ပြင်ဆင်ပြောင်းလဲသည့်စည်းမျဉ်း အမိန့်တစ်ရပ် ထုတ်ပြန်ပြီး ဖယ်ရှားခဲ့သည်။ ယင်းပြင်ဆင်ချက်အရ ကုန်ပစ္စည်းတင်သွင်းမှု၊ တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ပိတ်ပင်တားမြစ်ထားချက်များ၊ သင်္ဘောများ၊ လေယာဉ်များ ဆိုက်ကပ်ဆင်းသက်၊ ရပ်နားမှုအပေါ် တားမြစ်ထားချက်များနှင့် ဘဏ္ဍာရေးငွေကြေး ဝန်ဆောင်မှုပေးအပ်ခြင်း၊ ရယူခြင်းအပေါ် ပိတ်ပင်တားမြစ်ထားချက်များကို ဖယ်ရှားခဲ့သည်။ ကနေဒါနိုင်ငံအနေဖြင့် ကာလအပိုင်းအခြား သတ်မှတ်ဖော်ပြခြင်းမပြုဘဲ ပိတ်ပင်တားမြစ်ချက်အချို့ကို ယခုကဲ့သို့ ပြင်ဆင်ထုတ်ပြန်ကာ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်၍ ကနေဒါနိုင်ငံ၏ မူဝါဒကို အပြုသဘော ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်