Subscribe to our RSS Feed

နိုင်လည်းနိုင် တိုင်လည်းတိုင် NLD မှ စွပ်စွဲပြောဆိုသော မဲလက်မှတ်များတွင် ဖယောင်းသုတ်ခြင်း အကြောင်းကို ကော်မရှင်က ဖော်ထုတ်စစ်ဆေးရာ မှန်ကန်မှုမရှိ


၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုံ(ဆိပ်ကမ်း)နှင့် ကလော (အောင်ပန်း) မြို့နယ် တို့၌ ဆန္ဒမဲ လက်မှတ်များကို ရေးခြစ်၍ မရအောင် ဖယောင်း သုတ်ထားသည့် ဆန္ဒမဲ လက်မှတ်များကို မဲရုံမှူးများက မဲလာပေးသူတို့အား ပေးအပ်နေကြောင်း၊ မဲလက်မှတ် လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မရကြောင်း၊ ဆန္ဒမဲလက်မှတ်ကို ဖယောင်း သုတ်ခြင်းသည် မဲလက်မှတ်ကို ဖျက်ဆီးခြင်း ဖြစ်၍ အမြန်ဆုံး အရေးယူပေးပါရန်နှင့် ဆန္ဒမဲပြားတွင် ဖယောင်း သုတ်ခြင်း ကိစ္စရပ်မှာ တစ်ပြည်လုံး အတိုင်းအတာနှင့် ဖြစ်ပေါ်လျက် ရှိနေကြောင်း ဖော်ပြလျက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးက ၁-၄-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ စာရေးသား ပေးပို့လာပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယင်းကိစ္စအား မဲဆန္ဒနယ်မြေ အလိုက် စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖြင့် စစ်ဆေး ဖော်ထုတ် နေစဉ်အတွင်းမှာပင် NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးက ၂-၄-၂၀၁၂ရက်နေ့ တွင် ဗွီ၊ အို၊အေ (မြန်မာပိုင်း) သတင်းဌာနနှင့်တွေ့ဆုံ Interview ၍ ဆန္ဒမဲလက်မှတ်ကို ဖယောင်းသုတ် ခြင်းဟာ ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေကြောင်း ထုတ်ဖော် ပြောဆိုခြင်း၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ဖော် ပြောဆိုခြင်း ပြုသဖြင့် ဂျာနယ်/ စာစောင် များတွင် ဖော်ပြပါ ရှိခဲ့ကြောင်း တွေ့ရပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တင်ပြချက်အရ ဆန္ဒမဲလက်မှတ် ဖယောင်းသုတ်မှု ဖြစ်ပွားသည် ဆိုသည့် မြို့နယ် (၁၀)မြို့နယ်လုံးသို့ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ(၂)ပါတီမှ မြို့နယ်အဆင့် ဥက္ကဋ္ဌ/ အတွင်းရေးမှူး တို့ပါဝင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့များဖြင့် အဖြစ်မှန်ကို ထုတ်ဖော် စစ်ဆေးစေပြီး မဲရုံအသီးသီးရှိ မဲပေးပြီး သည့် ဆန္ဒမဲ လက်မှတ်များကိုပါ ဖွင့်ဖောက် စစ်ဆေး ပြသစေခဲ့ပါသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေး တွေ့ရှိချက်များ အရ ''တိုင်ကြားခံရသည့် မြို့နယ် (၁၀)မြို့နယ်လုံး တွင် ဆန္ဒမဲ လက်မှတ်များကို ဖယောင်းသုတ်မှု ဖြစ်စဉ် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ ယင်းသို့ဖြစ်စဉ် ရှိသည်ဟု တရားဝင် တိုင်ကြားသူလည်း မရှိကြောင်း၊ သတင်း အခြေအမြစ် မရှိသည့် တစ်ဆင့်ကြား စကား၊ ထင်မြင်ချက် စကားများဖြင့် ကော်မရှင်သို့ တိုင်ကြားခြင်း ဖြစ်ပါကြောင်း၊ ၁-၄-၂၀၁၂ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ သည် အမျိုးသားရေး ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲ တိုးတက်မှုကို ကမ္ဘာနှင့်အ၀န်း စောင့်ကြည့် နေသည့်ကာလ အတွင်း ယခုကဲ့သို့ မမှန်မကန် စွပ်စွဲ ပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်း စေနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ဥပဒေအရ အရေးယူ သင့်ကြောင်း'' စုံစမ်း စစ်ဆေးရေး အဖွဲ့များနှင့် နိုင်ငံရေး ပါတီအချို့တို့က သုံးသပ် တင်ပြမှုများ ရှိလာခဲ့ပါသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ Campaign မန်နေဂျာဆိုသူသည် ကြားဖြတ် ရွေးကောက်ပွဲ အကြို ကာလအတွင်း MONITOR NEWS JOURNAL အတွဲ(၁) အမှတ် (၉၃)တွင် ရှင်းလင်း ပြောကြားရာ၌ မဲဆွယ် စည်းရုံးခြင်းနှင့် စပ်လျဉ်း၍ အဖြစ်မှန် မဟုတ်သည့် သတင်းများကို ထုတ်ဖော် ပြောဆိုပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ခဲယဉ်းကြောင်း ဝေဖန် ပြောဆိုသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ၁-၃-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၁/နငရ-မပတ(၁)/ကမရ စာဖြင့် ပါတီဗဟို အလုပ်အမှု ဆောင် အဖွဲ့မှ တာဝန်ရ ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ရွေးကောက်ပွဲ အပေါ်တွင် ပြည်သူနှင့် နိုင်ငံတကာက အထင်အမြင် လွဲမှားစေရန် ပြောဆိုမှုများ မပြုစေရေး ထိန်းသိမ်း ကြပ်မတ် ပေးရန်ကိုလည်း သက်ဆိုင်ရာ ပါတီ ဥက္ကဋ္ဌထံသို့ လိပ်မူ၍ စာပေးပို့ အကြောင်းကြားခဲ့ရပြီး ဖြစ်ပါသည်။

ထို့ကြောင့် ၁-၄-၂၀၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးက တင်ပြ တိုင်ကြားသည့် မြို့နယ်(၁၀)မြို့နယ်၌ ဆန္ဒမဲ လက်မှတ်များတွင် ဖယောင်း သုတ်ထားသည် ဆိုသည့်ဖြစ်စဉ်မှာ မှန်ကန်မှု မရှိပါကြောင်းနှင့် ယင်းသို့ သတင်း အခြေအမြစ် မှန်ကန်မှု မရှိသည့် တစ်ဆင့် ကြားစကားများဖြင့် ပြည်သူများကို ထင်ယောင် ထင်မှား ဖြစ်စေအောင် ထုတ်ဖော်ရေးသား၊ ပြောဆိုခြင်း မပြုရေးအတွက် သက်ဆိုင်ရာ ပါတီ အတွင်းရေးမှူးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးပြောကြားပြီး ဖြစ်ကြောင်း အများပြည်သူ သိစေရန် သတင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်