Subscribe to our RSS Feed

နိုင်ငံတစ်ဝန်းတွင် လည်ပတ်စရာ နေရာပေါင်း ၂၀၀ ကျော်ထဲမှ ၈၀ ရာခိုင်နှုန်းကို အဆင့်မြှင့်တင်မည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတစ်ဝန်းတွင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်စရာ နေရာပေါင်း ၂၀၀ ကျော်ရှိနေပြီ ဖြစ်ပြီး ယင်းအထဲမှ ရာခိုင်နှုန်း ၈၀ ခန့်ကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတင်းများအရ အဆိုပါလည်ပတ်စရာ နေရာ ၂၀၀ ကျော်တွင် အမှန်တကယ် အသုံးပြုနေသည်မှာ ၈၀ ရာခိုင်နှုန်းခန့်သာ ဖြစ်ပြီး အချို့သော နေရာများမှာ ပြည်ပခရီးသွားများကို ခေါ်ယူပြသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “စာရင်းဇယားတွေနဲ့ ပြုစုလိုက်တာတော့ လောလောဆယ် ၂၀၀ ကျော် ရှိနေပါတယ်။ အများဆုံးကတော့ ရန်ကုန်မှာပေါ့။ ရန်ကုန်မှာ တကယ့်ကို သွားသင့်တဲ့နေရာ ၅၇ နေရာရှိတယ်။ အဲဒီအထဲက တချို့ကို ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာပါ။ ဒါမှ နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေက ပိုပြီး ပြောစမှတ်ဖြစ်ပြီး နောက်ထပ် ခဏခဏလာချင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ရန်ကုန်တွင် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာနေရာ ၅၇ နေရာရှိနေပြီး ဒုတိယတန်းစား လည်ပတ်ရန် နေရာ ၃၈ ခုလည်း ရှိနေသည်ဟု သိရသည်။ “တစ်နိုင်ငံလုံး အတိုင်းအတာထဲက ၈၀ ရာခိုင်နှုန်းလောက်ကို ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်သွားမှာပါ။ မကြာခင် ပြည်ပခရီးသည်အဝင်က တိုးလာတော့မှာ ဆိုတော့ ဒါတွေလည်း ကြိုပြင်ထားရပါမယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားမည်။ ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မြောက်ဦး အစရှိသည့် ရှေးဟောင်းအမွေအနှစ် နေရာများတွင် သွားလာမှု ပိုမိုများပြားနေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်