Subscribe to our RSS Feed

မလေးရှားမှာ ဓာတ်ငွေ့ဂိုဒေါင်တစ်ခု ပေါက်ကွဲ မြန်မာအလုပ်သမားများ သေဆုံး


From : ခေတ်လူငယ်

၂၀၁၂ ခုနှစ် သြဂုတ် ၄ ရက် နံနက်က မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသဝက်ရပ်ကွက်တွင် တရားမဝင် ဓာတ်ငွေ့ဖြည့် ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ မြန်မာအလုပ်သမား ၃ ဦး ချက်ချင်းသေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ယင်းနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ ဖြည့်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဂိုဒေါင်တွင် အလုပ် လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၅ ဦး ရှိကြောင်း ပီနန်မြို့ရှိ မြန်မာ နာရေးကူညီမှုအသင်း တာဝန်ခံက ပြောကြားကြောင်း သိရသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၃ ယောက်က ချက်ချင်းသေဆုံးသွားပြီး ကျန် ၂ ယောက်ထဲက တစ်ယောက်ကို သေဆုံးပြီဆိုပြီး ရေခဲတိုက်ပို့ရာ အသက်ပြန်ရှူလာ၍ ဆေးရုံပြန်တင်ထားကြောင်း သိရသည်။ မလေးရှားနိုင်ငံရှိ ကူးလင်း၊ ပီနန်းနှင့် အလော့စတား ဆေးရုံကြီးများတွင် ဆေးရုံတင်ထားကြောင်း သိရသည်။ သေဆုံးသွားသူများမှာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ ကိုဇော်မျိုးခိုင်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ကိုဇော်လင်းနှင့် နောက်တစ်ဦးမှာ ကိုမိုးလွင် ဖြစ်သည်။ ၎င်းတို့အနက် ကိုဇော်မျိုးခိုင်နှင့် ကိုဇော်လင်းတို့ကိုမူ မိသားစုနှင့် အဆက်အသွယ်ရရှိပြီး သေဆုံးသူ ကိုမိုးလွင်၊ ဒဏ်ရာပြင်းထန်သည့် ကိုကရင်နှင့် ကိုထွန်းတို့မှာ နေရပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထိုဓာတ်ငွေ့ဂိုဒေါင်တွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ၅ ဦးသည် မူလက တရားဝင် နိုင်ငံကူး လက်မှတ်များနှင့် လာခဲ့ကြသော်လည်း မလေးရှား လုပ်ငန်းရှင်များက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းပြီး လုပ်ခခေါင်းပုံဖြတ်မှုကြောင့် စာအုပ်အဆုံးခံကာ တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်နေကြကြောင်း သိရသည်။ ဓာတ်ငွေ့ဂိုဒေါင် ပိုင်ရှင်မှာ အခင်းဖြစ်ပြီးပြီးချင်း ထွက်ပြေးသွားသဖြင့် အရေးယူနိုင်ရန် မလေးရှား၊ ကူးလင်းမြို့နယ် အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြကြောင်း သိရသည်။ ကူးလင်းမြို့နယ် အာဏာပိုင်ရဲများက ယခုဖြစ်ရပ်တွင် သေဆုံးဒဏ်ရာရသူ အလုပ်သမားများ အရေးယူမခံရစေရန် ကူညီပေးသွားမည်ဟု ပီနန်ရှိ မြန်မာနာရေး ကူညီမှုအသင်း တာဝန်ခံက ပြောသည်။ အဆိုပါ သေဆုံးဒဏ်ရာရသူ မြန်မာနိုင်ငံသား ၅ ဦးမှာ တရားဝင်နေထိုင် လုပ်ကိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ မရှိသဖြင့် နစ်နာကြေးရရှိရန် မလွယ်ကူနိုင်ဟုလည်း ၎င်းတာဝန်ခံက ပြောသည်။ မြန်မာနိုင်ငံတွင် စားဝတ်နေရေးနှင့် စီးပွားရေး အကျပ်အတည်းကြောင့် မလေးရှားနိုင်ငံ စက်ရုံ၊ အလုပ်ရုံ၊ ခြံလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်သွားရောက် လုပ်ကိုင်နေရသော မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၅ သိန်းကျော် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်