Subscribe to our RSS Feed

ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပမည်


From : ခေတ်လူငယ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် လာမည့် နိုင်ဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ ကျင်းပသွားရန်ရှိကြောင်း ယင်းထိပ်သီး အစည်းအဝေးပွဲ ဖြစ်မြောက်ရေး စီစဉ်နေသည့် Advantique Group က ပြောကြားသည်။ အဆိုပါ ညီလာခံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်၊ ငွေကြေးလဲလှယ်နှုန်းနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပြင် လယ်ယာစိုက်ပျိုးရေး၊ သားငါးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဧည့်လမ်းညွှန်ကဏ္ဍ အစရှိသည်တို့ကို အထူးပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရှန်နန် (Shannen)က ပြောကြားသည်။ “မြန်မာမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့ ကုမ္ပဏီတွေအတွက် အကျိုးရှိနိုင်သလို၊ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ကုမ္ပဏီတွေအတွက်လည်း အဆက်အသွယ် အတွေ့အကြုံတွေ ပိုမိုရရှိနိုင်မှာပါ” ဟု ယင်းကဲ့သို့ ထိပ်သီးအစည်းအဝေး ကျင်းပရခြင်းဖြင့် ရရှိလာမည့် အကျိုးဆက်များနှင့် ပတ်သက်၍ ၎င်းက ရှင်းပြခဲ့သည်။ အစည်းအဝေး ကျင်းပမည့်နေရာ အတိအကျကိုမူ ယခုအချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ လက်ရှိမြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ပြုလုပ်လျက်ရှိရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၄၇ ဘီလီယံရှိကာ၊ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉ ဒသမ ၅၆၈ ဘီလီယံ ရှိသည်။ ကျန်နိုင်ငံများမှာ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူနိုင်ငံတို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထား ပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်