Subscribe to our RSS Feed

ခုံရုံးနဲ့ လွှတ်တော် ထိပ်တိုက်ရင်ဆိုင်တွေ့ရေးကို မရှောင်နိုင်ကြတော့ဘူးလား


From : Oo Yetun ရဲထွန်း(သီပေါ)
(ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)


ခုံရုံးနဲ့ လွှတ်တော်
ထိပ်တိုက်ရင်ဆိုင်တွေ့ရေးကို မရှောင်နိုင်ကြတော့ဘူးလား
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များကို ပြည် ထောင်စုအဆင့်ု အဖွဲ့အစည်းများအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာ အခြေခံဥပဒေနှင့်ညီညွတ်မှုမ ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ခုံရုံးကိုယ်တိုင်က ကြေငြာပေးရန် တိုက်တွန်းကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်က ဦးမြင့်စိုးတင်သွင်းထားတဲ့အဆိုကို ၂၇- ၈ - ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျနော့်အနေဖြင့် ဆွေးနွေးရန် စာရင်းပေးထားသော်လည်း ဆွေးနွေးခွင့်မရခဲ့ပါ။ ထိုနေ့က ဆွေးနွေးဖြစ်လျင် တင်ပြရန်ရည်ရွယ်ထားသော အမြင်တစ်ချို့မှာ အရေး ကြီးပြီး ခုံရုံးအား စွပ်စွဲပစ်တင်ခြင်းနည်းလမ်း ကိုသော်၎င်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခြင်း နည်းလမ်းကိုသော်၎င်း၊ ရှောင်လွှဲနိုင်မည့် လမ်းကြောင်းကို ညွှန်ပြထားခြင်းများပါဝင်သည်။ ထိုနေ့က ဆွေးနွေးခွင့်မရ သဖြင့် (ဆရာမောင်ဝံသ စကားအရ) ရထားကြီးတိုက်တော့မည့်အရေးကို အလံနီပြခွင့် မရလိုက်သလိုဖြစ်သွားကာ် စိတ်ပျက်လက်ပျက်ဖြစ်သွားမိပါသည်။ စိတ်ပြေလက်ပျောက် လွှတ်တော် မှ ခွင့်ယူပြီး သီပေါသို့ ပြန်လာနားနေရာ နိုင်ငံရေးစိတ်ဝင်စားပြီး အမေးအမြန်းထူသော မိတ်ဆွေတစ် ယောက်က မေးသည်ကို ရှင်းပြရင်း ထိုရှင်းပြချက်များကို ပြည်သူလူထုသိရှိစေရန်ရည်ရွယ်၍ု အင် တာဗျူး ပုံစံဖြင့် ပြန်လည်တင်ပြလိုက်ပါသည်။

မိတ်ဆွေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ခင်ဗျားတို့ရဲ့ ရေးရာကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖြစ်တယ်ဆိုပြီး ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုထားတာ ဟာ အခြေခံဥပဒေနဲ့မညီဘူးလို့ ပြောတုံးက ခုံရုံးကို လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး တာဝန်က ရပ်စဲပစ် နိုင်တယ်ဆိုတာကို လွှတ်တော်ထဲမှာ စပြောတာ ခင်ဗျားမဟုတ်လား။

ရဲ ထွန်း။ ။ ဟုတ်ပါတယ်။ စပြောတုံးက ၂၆- ၄ - ၂၀၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် တတိယအကြိမ်အစည်းအဝေး ၂၈ ရက်မြောက်နေ့မှာပါ။ ပြောတဲ့ရည်ရွယ်ချက်က လွှတ်တော်က ဖွဲ့ပေးလိုက်တဲ့ အဖွဲ့ ဆိုတာ ဘယ်လောက်တောင် အခွင့်အာဏာရှိတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ၊ ခုံရုံးကိုမဆိုထားနဲ့ သမ္မတကိုတောင် စုံစမ်းစစ်ဆေးခွင့်ရှိတယ်ဆိုပြီး အခြေခံဥပဒေ ပုဒ်မ ၇၁ ကိုညွှန်းပြီးပြောတာပါ။ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ကောမတီ၊ ကော်မရှင်နဲ့ အဖွဲ့ တို့ရဲ့လုပ်ပိုင်ခွင့်တာဝန် ဘယ်လောက်ရှိ တယ်ဆိုတာကို အဓိက ပြောပြတာပါ။

မိတ်ဆွေ။ ။ နောက် စတုတ္ထအကြိမ် အစည်းအဝေးမှာ လည်းခင်ဗျား ထပ် ပြောပြန်တယ်နော်။ ဘာကိစ္စကိုဆွေးနွေးရင်းပြောဖြစ်တာလဲ။

ရဲ ထွန်း ။ ။ အဲဒီ နေ့မှာ ပြောဖြစ်တာက ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အစီရင်ခံ စာပါ အပိုဒ်တစ်ပိုဒ်ကို ဆွေးနွေးရင်းပြောဖြစ်တာပါ။ အဲဒီအစီရင်ခံစာမှာ ခုံရုံးရဲ့ အထက်ကပြောခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရေးမှာ အခက်အခဲ ဖြစ်နေကြောင်း၊ အဲဒီခုံရုံးဆုံးဖြတ်ချက်ဟာ အပြီးအပြတ်အတည်ဖြစ်လျက်ရှိတာကြောင့် နိုင်ငံတော်သမ္မ တ က အဲဒီဥပဒေကြမ်းကို ကန့်ကွက်ထားကြောင်း တင်ပြထားပါတယ်။ အဲဒီကိစ္စဆွေးနွေးရင်း - ကျနော်က နည်းလမ်းနှစ်သွယ်တင်ပြထားပါတယ်။ တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော် ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ရဲ့ အဆင့်အတန်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြည့်စွက်ရေးသား တဲ့ နည်းလမ်းပေါ့။

နောက်တစ်နည်းကတော့ - ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို မှားယွင်းဆုံးဖြတ်ခဲ့မှုအတွက် ပစ်တင် စွပ်စွဲကာ တာဝန်မှ ရပ်စဲစေခြင်းအားဖြင့် အဲဒီခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပစ်တဲ့ နည်းလမ်းဖြစ် ကြောင်းတင်ပြပြီး ကျနော်ကတော့ ထိခိုက်နာကျင်မှုနည်းပါးတဲ့ ပထမလမ်းကြောင်းကို သာကြိုက် နှစ် သက်ကြောင်း၊ ဘယ်လမ်းကိုရွေးသင့်တယ်ဆိုတာတော့ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ် ရမှာဖြစ်ကြောင်းပြောခဲ့တာပါ။

မိတ်ဆွေ။ ။ ဒါဆိုခင်ဗျား တင်ပြခဲ့တဲ့လမ်းကြောင်းက သမ္မတကြီးနောက်ဆုံးအကြံပြုခဲ့တဲ့ လမ်းကြောင်းဘဲပေါ့။ လွှတ်တော်က ဘာဖြစ်လို့အဲဒီလမ်းကြောင်းကိုမရွေးခဲ့တာလဲ။

ရဲ ထွန်း။ ။ လွှတ်တော်ထဲက စူပါတန်းဝင်ကိုယ်စားလှယ်တော်ကြီးတစ်ချို့တင်ပြခဲ့တဲ့ အချက်အ လက်တွေထဲမှာ အကြောင်းပြချက်အများကြီးရှိပေမဲ့ အဓိကအရေးကြီးအချက်ကတော့ အဲဒီလမ်း ကြောင်းက အောင်မြင်ဘို့မသေချာလို့ဘဲ။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်စားလှယ်အားလုံးရဲ့ ထောက်ခံမဲ ၇၅ % ကျော်ရမှသာ ဖြစ်မှာမို့ တပ်မတော်သားကိုယ်စားလှယ်အားလုံးကန့်ကွက်တာနဲ့တင် အဲဒီအဆို ဟာ လေထဲမှာပျောက်သွားပြီး၊ ခုံရုံးရဲ့ဆုံးဖြတ်ချက်က ဆက်လက်တည်မြဲနေမှာဘဲ။

မိတ်ဆွေ။ ။ ခင်ဗျား မတင်ပြမဆွေးနွေးလိုက်ရတဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရေးကို ရှောင်လွှဲနိုင်တဲ့ လမ်းကြောင်းဆိုတာကကော ဘယ်လိုလဲဗျ။

ရဲထွန်း ။ ။ ပြဿနာဖြစ်နေတဲ့ ပုဒ်မက ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ စာအုပ်တွေမှာပါတဲ့ အခန်း(၁)၊ ပုဒ်မ (၂) ၊ အပိုဒ်ခွဲ(ဇ) ဗျ။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေမှာ တော့ အပိုဒ်ခွဲ(စ) ပေါ့။ အဲဒီမှာ ဆိုထားတာက -

(ဇ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို၎င်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုဆို သည်။ တဲ့ - - -

အဲဒီ ဥပဒေက တည်ဆဲဥပဒေဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ မညီဆိုတာကို ခုံရုံးက စစ်ဆေးပေးဘို့ တာဝန်မရှိဘူးလို့ လွှတ်တော်ကယူဆတယ်။ ဒါကြောင့် တည်ဆဲဥပဒေများက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီဆိုတာကို စစ်ဆေးဘို့က လွှတ်တော်ရဲ့တာဝန်ဘဲလို့ လွှတ်တော်ကိုယ်စား လှယ်များကခံယူတယ်။

အဲဒီတော့ ဒီတာဝန်ကို ခုံရုံးကလည်းထမ်းဆောင်တာမဟုတ်ပါဘူးလို့ငြင်းတယ်။ သူတို့ကိုပေးအပ် ထားတဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ အနေနဲ့သာ “ လွှတ်တော်အသီးသီး ကဖွဲ့ စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်းလို့ပြောခြင်းဖြစ်ပါကြောင်း လို့ဆိုတယ်။

အဲဒီပြဿနာမှာ ကျနော့်အမြင်က ခုံရုံးက သူ့တာဝန်မဟုတ်တာကို ၀င်ရောက်ထမ်းဆောင်သလို ဖြစ်သွားတဲ့အတွက်တော့ မှားတယ်လို့မြင်တယ်။ ဒါကြောင့် ကိုယ့်တာဝန်မဟုတ်တာကို ထမ်းဆောင်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ရလဒ်ဟာလည်း ဥပဒေကြောင်းအရ အာဏာသက်ရောက်မှုမရှိဘူးလို့မှတ်ယူ တယ်။ ခုံရုံးက ၀န်ခံပြီးမှားယွင်းဆုံးဖြတ်ကြောင်း မကြေငြာရင်လည်းကိစ္စမရှိဘူး။် အဲဒီဆုံးဖြတ်ချက် အာဏာသက်ရောက် မှုမရှိကြောင်း လွှတ်တော်မှာ အဆိုတင်ဆုံးဖြတ်လိုက်ရင်ပြီးပါတယ်။ ပြည်ထောင်စုလွှတ်တော်ဟာ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီလိုလုပ်တာမမှားလို့ထင် တယ်။ ကျနော်တို့ဟာ အခြေခံဥပဒေကို ရိုသေလေးစားလိုက်နာရမှာဖြစ်လို့ အခြေခံဥပဒေအရ ပေးအပ် မထားတဲ့ တာဝန်ကို ၀င်ရောက်ထမ်းဆောင်ပြီးဆုံးဖြတ်ချက်ချတာဟာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ် စေ လိုက်နာမယ်ဆိုရင် အစဉ်အလာကြီးဖြစ်သွားပြီး နောက်နောင်အနာဂါတ်အတွက် မကောင်းဘူး။ ကျနော်ပြောချင်တာက ကိုယ့်တာဝန်ကိုယ် လုပ် ပါ။ ဆိုတာပါဘဲ။

မိတ်ဆွေ။ ။ ဟုတ်ပြီ။ ခုံရုံးက ကိုယ့်တာဝန်မဟုတ်တာကို ၀င်ရောက်ထမ်းဆောင်ခဲ့တာကတော့ မှားတယ်ထားတော့။ လွှတ်တော်ကဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အမြင်က ကောမှန်တယ်ထင်လား။

ရဲထွန်း ။ ။ တည်ဆဲ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေများမှာပါတဲ့ ပုဒ်မ(၂) ၊ အပိုဒ်ခွဲ ( ဇ) နဲ့ (စ) ပေါ့လေ။ အဲဒီပုဒ်မ ဟာ အမည်၊ အာဏာတည်ခြင်းနဲ့ အဓိပ္ပါယ်ဖေါ်ပြချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါတာဆိုတော့ နောက်ပိုင်း ဥပဒေပုဒ်မများမှာ၊ဲ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း လို့ ရည်ညွှန်းရေးသားထားတာတွေ့ ရင် ဘယ်အဖွဲ့အစည်းတွေကိုဆိုလိုတာပါလို့ အလွယ်တကူသိရှိနိုင်အောင် ဖွင့်ဆိုချက်ပေးထားတာ ဘဲဗျ။ အဲဒီတော့ ကျနော်က နောက်ပိုင်းကပါတဲ့ ပုဒ်မတွေကို လိုက်ဖတ်ကြည့်တော့ ကျနော်တို့လွှတ် တော်များက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေကို ရည်ညွှန်းပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းလို့ ရေးသားသုံးနှုံးထားတာ တစ်နေရာမှမတွေ့ရဘူး။ အဲဒါနဲ့ပြောင်းပြန်ဘဲ တည်ဆဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥပဒေစာအုပ်များရဲ့ပုဒ်မ ၁၇ မှာ- လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိ ယ ဥက္ကဋ္ဌများကို ရည်ညွှန်းပြီး- -

၁၇။ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သည်ပြည်ထောင်စုအဖွဲ့အစည်းတစ်ရပ်ရပ်တွင်တာဝန်ပေး အပ်ခြင်းခံရပါက ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ အဖြစ်မှနှုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

လို့ ဆိုထားတယ်။ အဲဒီတော့ လွှတ်တော်ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းလို့ ရည်ညွှန်းကြောင်းယူဆရင်လို့ယူဆရင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေဟာ လွှတ် တော် ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့မှာပါဝင်ခွင့်မရှိဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်မနေဘူးလား။ ဒါပေမဲ့ နည်းဥပဒေ ပုဒ်မ ၅၄ မှာကျတော့ -

၅၄။ လွှတ်တော်အခွင့်အရေးကော်မတီကို ၁၅ ဦးထက်မပိုသောလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် လွှတ်တော် ဒုတိယဥက္ကဋ္ဌ သည်ရာထူးအလျောက်ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ရမည်။ လို့ဆိုထားတယ်။ ဒါကြောင့် - - -

အဲဒီ ပုဒ်မ ၁၇ နဲ့ ၅၄ ကိုထောက်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုတာ ကျနော်တို့လွှတ်တော်များ ကဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ကို ရည်ညွှန်းတာမဟုတ်ဘူးလို့ ကျနော်ယူဆတယ်။

ကျနော် သုံးနှုံးတဲ့အသုံးအနှုံးကို သတိထားမိလား၊ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့မပြောဘူးနော်။ ဥပဒေမှာပါတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုတာ ဒီလွှတ်တော်ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ ကိုရည်ညွှန်းတာမဟုတ်ဘူးလို့ဆိုတာဖြစ်တယ်။

မိတ်ဆွေ။ ။ ဒါဆိုရင် ခုံရုံးက ကိုယ့်တာဝန်မဟုတ်တာကို မှားယွင်းထမ်းဆောင်တာဖြစ်ပေမဲ့ သူ့ ထောက်ပြချက်ကတော့ မှန်နေတယ်လို့ဆိုလိုတာပေါ့။

ရဲထွန်း ။ ။ မှန်ပါတယ်ဗျ။ ကျနော်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ကျနော်တို့ လွှတ်တော် များကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းလို့ ရည်ညွှန်း သုံးနှုံးသွားတာ တစ်နေရာမှ မတွေ့ဘူးဗျ။

မိတ်ဆွေ။ ။ ဒါဖြင့် ခင်ဗျားတို့လွှတ်တော်က ဘာဖြစ်လို့ဒါကိုလက်မခံတာလဲဗျ ။

ရဲထွန်း ။ ။ ခံစားချက်တွေပေါ့ဗျာ။ အဲဒီအချိန်က လွှတ်တော်ကလည်း ပြည်သူလူထုအကျိုးစီးပွါး အတွက် အစိုးရကတင်ပြလာတဲ့ ဘတ်ဂျက်တွေကို ဝေဖန်ထောက်ပြနေတဲ့အချိန်၊ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ကိုရေးသားထားတာကလည်း ကျနော်ခုနကပြောခဲ့သလို ပျော့ပျော့ပြောင်းပြောင်းမရှိဘူးဗျ။ ကျနော်တို့ ကိုအဆင့်ချပစ်လိုက်သလိုခံစားကြရတယ်။ ပြည်ထောင်စုလွှတ်တော်များကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်များနဲ့ အဖွဲ့တို့ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၄၀ (ခ) နဲ့ ၁၆၀ (ခ) တို့အရဘဲဖြစ်ဖြစ်၊ ပုဒ်မ ၇၁ အရဘဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့်ရှိတယ်ဆိုတာသိသာပါတယ်။ နိုင်ငံရဲ့အထွတ်အထိပ် သမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့်ရှိတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆို စွပ်စွဲပြစ်တင်ခံရရင် အဲဒီလွှတ်တော်တစ်ရပ်ရပ်ကဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့က စစ်ဆေးခွင့်ရှိတယ်ဆိုမှတော့ သူတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေဟာ ဘယ်အဆင့်ရှိ တယ်ဆိုတာ အလွယ်တကူသဘောပေါက်နိုင်ပါတယ်။

မိတ် ဆွေ။ ။ ဒါဆိုရင် သမ္မတက ဘာဖြစ်လို့ ဒီကိစ္စကို ခုံရုံးကိုတင်ရတာလည်းဗျ။

ရဲ ထွန်း ။ ။ သမ္မတက လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာအရကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များရဲ့လစာ၊ စားရိတ်၊ အဆောင်အယောင်တွေပေးဘို့ အတွက် သူ့မှာတာဝန်ရှိ တယ်ဆိုတော့ အဲဒါတွေနဲ့ပတ်သက်ပြီးခွဲခွဲခြားခြားသိချင်လို့ ရှင်းလင်းခိုင်းတဲ့သဘောပေါ့။

မိတ် ဆွေ။ ။ ခင်ဗျားတို့လွှတ်တော်ကိုယ်စားလှယ်တွေကကော အဲဒါတွေကို ရည်ရွယ်ပြီး ပြောဆို ငြင်းခုံနေကြတာလားဗျ။

ရဲ ထွန်း ။ ။ မဟုတ်ပါဘူး။ ကျနော့်တို့ အဲဒါတွေကိုမမျှော်လင့်သလိုမတောင်းဆိုပါဘူး။ ပြည်သူ လူထု ခံစားနေရတဲ့ ဆင်းရဲဒုက္ခ အတော်များများဟာ အုပ်ချုပ်ရေးပိုင်းဋ္ဌာနဆိုင်ရာများ ရဲ့ ချို့ယွင်းအား နဲချက်တွေကြောင့်ဖြစ်နေရတာမို့၊ မြန်မြန်ထက်ထက်အကောင်းဘက်ကိုပြောင်းလဲနိုင်အောင် ပြည် ထောင်စုအဆင့် ပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းတာ၊ ဥပဒေနဲ့ အညီဆောင်ရွက်တာ ဟုတ်-မဟုတ် မေး မြန်းတာ ၊ ဥပဒေတွေပြဌာန်းဘို့ ခေါ်ယူဆွေးနွေးမေးမြန်းတာလုပ်ဘို့လိုတယ်။ အဲဒီတော့ အဆင့်မတူ ဘူးဆိုရင် လုပ်ရကိုင်ရတာ အဆင်မပြေဘူးဗျ။ အဲဒီ ရည်ရွယ်ချက်ကြောင့် မူလသတ်မှတ်ထားတဲ့ ပြည်ထောင်စုအဆင့်ဆိုတာကို ထိန်းသိမ်းထားချင်တာပေါ့ဗျာ။ ဒါပါဘဲ။

မိတ် ဆွေ။ ။ ဟုတ်ပြီ။ ဟိုဘက် ဒီဘက်နှစ်ဘက်လုံးရဲ့ ရပ်တည်ချက်နဲ့ ပြဿနာရဲ့ ဆုံချက်ကို သိပြီဆိုတော့ ဒါကို အေးအေးငြိမ်းငြိမ်းနဲ့ အကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းက ဘယ်လိုလဲဗျ။

ရဲ ထွန်း။ ။ ကျနော့်အမြင်အရ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပြင်ဘို့မလိုပါဘူး။ ခုံရုံးကိုလည်းစွပ်စွဲပစ်တင်စရာမလိုဘူး။ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေများ ရဲ့ ပုဒ်မ (၂) အပိုဒ်ခွဲ( ဇ ) ၊ (ဇ) နဲ့ (စ) တို့ကိုဒီလိုပြင်လိုက်ချင်တယ်။

(ဇ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကိုခေါ်သည်။

ပြည်ထောင်စုအဆင့်လွှတ်တော်အဖွဲ့အစည်းဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော် နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုခေါ်သည်။

အဲဒီလိုပြင်ဆင်ရေးပြီးယုံနဲ့ မပြီးသေးဘူးဗျ။ ပုဒ်မ ၁၇ ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ နဲ့ မညီညွတ်ဘူးဖြစ်နေတယ်။ ပုဒ်မ ၂၀၁ မှာက လွှတ်တော်များရဲ့ ဥက္ကဋ္ဌ များကို ပြည်ထောင်စုအဆင့်အ ဖွဲ့ အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ထဲမှာ ထည့်သွင်းဖွဲ့စည်းထား တယ်။ အဲဒီ ပုဒ်မ ၁၇ ကိုမပြင်ဘူးဆိုရင် လွှတ်တော်ဥက္ကဌ နှစ်ယောက်လုံးကလည်း နူတ်ထွက်ရမလို ဖြစ်နေတယ်။

အဲဒီတော့ အဲဒီပုဒ်မ ၁၇ ကိုလည်းဒီလိုပြင်ရေးမှရမယ်ဗျ။

၁၇။ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှအပ ပြည်ထောင်စုအဖွဲ့အစည်းတစ်ရပ်ရပ်တွင်တာဝန်ပေး အပ်ခြင်းခံရပါက ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယ ဥက္ကဋ္ဌ အဖြစ်မှနှုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

အဲဒီလို ပုဒ်မ (၂) (ဇ) ကိုရော၊ ပုဒ်မ (၁၇ ) ကိုပါ ပြင်ရေးလိုက်ရင် ဥက္ကဋ္ဌ များရော၊ ဒုတိယ ဥက္ကဋ္ဌ များရော နူတ်ထွက်ဘို့မလိုတော့ဘူးပေါ့ဗျာ ။

မိတ်ဆွေ။ ။ ဟာ - ခင်ဗျားဟာ ပြင်ရမဲ့ဟာတွေမနဲပါလားဗျ။

ရဲထွန်း ။ ။ ဒါပေါ့ဗျာ ။ တခြားရွေးစရာလမ်းက ဒီလောက်မှမလွယ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဘို့ဆိုတာက ဒီထက်ပိုခက်တယ်မဟုတ်လားဗျ။

မိတ် ဆွေ။ ။ ခင်ဗျားက သာ လွယ်တယ်ပြောနေတာ၊ သမ္မတ က ခုံရုံးကိုတင်ပြီး ခင်ဗျားတို့ အသစ်ပြုစုပြဌာန်းလိုက်တဲ့ ဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီစီစစ်ခိုင်းပြီး၊ မညီညွတ်ပါဘူးလို့ ဆုံးဖြတ်ချက် ထွက်လာခဲ့ရင် ကောဗျာ။

ရဲထွန်း။ ။ မလုပ်လောက်ပါဘူးဗျာ။ လုပ်လာရင်လည်း အဲဒီအခါကျတော့မှသာ ခုံရုံးဟာပေးအပ်ထားတဲ့ တာဝန်တွေကျေပြွန်အောင်မထမ်းဆောင်နိုင်ဘူးဆိုပြီး စွပ်စွဲပစ်တင်တာလုပ် ပေါ့ဗျာ။

မိတ်ဆွေ။ ။ ဟုတ်ပြီဗျာ။ ခင်ဗျားပြောတာ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ခင်ဗျားပြောသ လိုသာ အားလုံးက သဘောထားကြလုပ်ကိုင်ကြမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်တွေ့ရေးလမ်းကိုရှောင်လွှဲ နိုင်ကြမှာပေါ့။ ခင်ဗျားကလွှတ်တော်ကိုယ်စားလှယ်ပဲ၊ ဒီလမ်းကြောင်းဘာလို့စောစောက မပြောတာလဲ။

ရဲ ထွန်း။ ။မှန်ပါတယ်။ အဲဒီအတွက် ကျနော့်မှာ အပြစ်မကင်းသလိုခံစားနေရတယ်။ ဒါကြောင့်လည်းစိတ်မကောင်းဖြစ်နေတာပါ။ ကျနော့်ကို ခွင့်လွှတ်ပါ။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်