အမေရိကန်နိုင်ငံကို ရောက်ရှိနေတယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ့်နေရာမှာ စိတ်တဝမ်းတည်း ရှိကြဖို့ လိုပုံကို အထူးပြောစရာမလိုပါ။ နိုဘဲလ်ဆုရှင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ ကော့မှူးအမတ်တစ်ဦးဆိုတယ့်အမြင်ကိုလည်း စွန့်လွှတ်ထားရမှာဖြစ်တယ်။ ဒီချုပ်ဟာ အစိုးရမဖြစ်သေးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်က အစိုးရခေါင်းဆောင်မဟုတ်တာရယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မဟုတ်တာရယ် ရှင်းအောင် မြင်ရမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က စိုးမိုးအေးချမ်းဥက္ကဋ္ဌဖြစ်လို့ ဥပဒေစိုးမိုးရေးအကြောင်း၊ နယ်မြေအေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးအကြောင်း အပြောများပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသိန်းစိန် ဘယ်လိုကွာခြားလဲ။ တိုင်းရင်းသားအချို့က စပ်စုကြပါတယ်။ ဗွီအိုအေအကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အင်တာဗျူးကို ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတသိန်းစိန်ကိုယ်စားလှယ်တစ်ဦးထက် မပိုပါလို့ မြင်သူရှိသလို တိုင်းရင်းသားအရေးအခင်များကို အရင်ကလောက် မလေးစားတော့ဘူးဆိုပြီလည်း ဝေဖန်ကြတာကို တွေ့ရပါတယ်။ ဝေဖန်တိုက်ခိုက်တယ်လို့ မမြင်ဘဲ သတိထားစရာတွေအနေနဲ့ အောက်ပါအချက်များကို လေ့လာကြည့်ပါ။
၁။ ဆုလက်ခံရရှိဖို့ လာရောက်ခြင်းဖြစ်တယ်။
၂။ မြန်မာပြည်ပြောင်းလဲနေပြီဖြစ်ကြောင်း အသိပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၃။ စီးပွားရေးပိတ်ဆို့မှုကို ဖွင့်ပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၎။ သမ္မတသိန်းစိန်အတွက် လမ်းရှင်းပေးဖို့ လာရောက်ခြင်းဖြစ်တယ်။
၅။ အမေရိကန်မှာ သူ့ထောက်ခံသူ၊ ကန့်ကွက်သူများကို သွေးတိုးစမ်းဖို့ လာရောက်ခြင်းဖြစ်တယ်။
၆။ သိန်းစိန်က ၉၀-ရာခိုင်နှုန်း၊ ဒေါ်အောင်ဆန်းစုကြည်က ၁၀-ရာခိုင်နှုန်းပဲ အကျိုးအမြတ်ရရှိမယ့်ခရီး ဖြစ်တယ်။
ဗွီအိုအေအင်တာဗျူးကို နားထောင်ကြည့်ယင် သူတို့ယူဆသလို ဖြစ်နေတာရှိတယ်။ လက်ရှိအပြောင်းအလဲကို မကျေနပ်လို့ ဝေဖန်နေသူများကို ဒေါ်အောင်ဆန်းစုကြည်က တစ်ဖက်သတ်အမြင်များ ဖြစ်ကြောင်း၊ သေးသိမ်းတယ့်အမြင်များဖြစ်ကြောင်း သွယ်ဝိုက်ပြီး ပြောသွားတာကို တွေ့ရတယ်။ ဒါလေးကို နားထောင်ပြီး အချို့တိုင်းရင်းသားများက အောက်ဖော်ပြပါအချက်များကို ထောက်ပြကြပါတယ်။
၁။ ဗိုလ်အောင်ကျော်လမ်းက သဘောတူညီချက်ကို ဘာကြောင့် ကျော်ခိုင်းခဲ့လဲ။
၂။ ရွှေဂုံတိုင်ကျေညာချက်ကို ဘာကြောင့် ချိုးဖောက်ခဲ့လဲ။
၃။ ကလေးမြို့ကျေညာချက်ကို လျစ်လျူရှုဦးမလား။
ဒီအချက်တွေပါ။ ဗွီအိုအေသတင်းမှာ ဖော်ပြပါရှိသလို တိုင်းရင်းသားလူမျိုးများက သိန်းစိန်ထက် ဒေါ်အောင်ဆန်းစုကြည်ကို ပိုယုံကြည်ကြပါတယ်။ အားလည်း ကိုးကြပါတယ်။ တိုင်းရင်းသားတွေက စစ်အင်အားစုတွေထက် ဒီမိုကရေစီအင်အားစုတွေကို ပိုယုံကြပါတယ်။ ပိုပြီးတော့လည်း အားကိုးကြပါတယ်။ ဒါပေမယ့် ပြည်ထောင်စုရဲ့အခြေခံပြဿနာဖြစ်တယ့် တန်းတူရေးပြဿနာကို ဘယ်ဗမာခေါင်းဆောင်မှ ဦးစားပေးဖြေရှင်းခဲ့တာမရှိဘူးလို့လည်း သူတို့ခံစားကြရပါတယ်။ ပထမဝေဒနာကို ဒုတိယလူနဲ့ နှစ်ပါးသွားခိုင်းလေ့ရှိတယ့် မြန်မာ့နိုင်ငံရေးကို သိပ်ပြီး မမျှော်လင့်တော့ဘဲ တိုင်းရင်းသားရေးရာနဲ့ပတ်သက်ပြီး Broker မလိုတော့ဘူး။ မိမိတို့ဘာသာ မိမိတို့တိုက်ယူရလိမ့်မယ်ဆိုပြီး ဖြစ်လာမှာ မြင်ယောင်သေးတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလူမျိုးများ ရင်းရင်းနှီးနှီး ဆက်ဆံစေလိုမှာ အသေအချာပါပဲ။ လက်ရှိမြန်မာ့အစိုးရကို စင်တင်ပေးသူမှာ အိုဘာမားအစိုးရပဲဖြစ်လို့ သိန်းစိန်အလိုဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးမှာ သေချာသလောက်ပါပဲ။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးများအပေါ်မှာ အမေရိကန်အစိုးအရနဲ့အတူ သိန်းစိန်အစိုးရရော၊ ဒီချုပ်ပါ ပြတ်သားတယ့်မူဝါဒ ဘာတစ်ခုမှ မရှိသေးပါဘူး။ စစ်တပ်ကသာ အတူရှိနေယင်...စစ်တပ်ကသာ သဘောတူခဲ့ယင်...စစ်တပ်ကသာ နောက်ပြန်မဆုတ်ခဲ့ယင် ဆိုပြီး စစ်တပ်ပဓာနဝါဒကို အသက်သွင်းပေးနေတာပါ။
ဒီချုပ်ဟာ ဗိုလ်အောင်ကျော်လမ်းအကြောင်းကို မမေ့သေးယင်၊ ရွှေဂုံတိုင်ကျေညာချက်ကို မှတ်မိသေးယင် ကလေးမြို့ကျေညာချက်ကို တိုင်းရင်းသားများနဲ့အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ပါ။
4 comments:
ဤဆောင်းပါးရှင်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်၏သမ္မတကြီးဖြစ်သူဦးသိန်းစိန်အားရိုင်းပြစွာဖြင့်
သိန်းစိန်ဟုခေါ်ဝေါ်သုံးစွဲခြင်းကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပါသည်။
Agreed that!
ထဲထဲဝင်ဝင် မသိကြသူတွေက အဲဒီလို အလွယ်တကူ စွပ် စွဲပြောဆိုလေ့ရှိကြတယ်။ အဲဒီအထဲမှာ ကိုယ့်ကို ကိုယ် ရှမ်းတိုင်းရင်းသားခေါင်းဆောင်လို့ ထင်နေတဲ့ ခွန်ထွန်းဦး လည်းပါတယ်။ ပြသနာ အားလုံးကို သူတို့က ရန် ငါ အမြင်ကနေဘဲ ကြည့်တတ်ကြတယ်။
နိုင်ငံတော် သမ္မတကြီးကို အခုလိုသုံးနှုံးတာဟာ နိုင်ငံကို စော်ကားတာဘဲ myanmar express က ဖော်ပြမယ်ဆိုရင် စိစစ်သင့်ပါတယ် နောက်ဒါမျိုးမဖြစ်အောင် ကြိုးစားဖို့ မျှော်လင့်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်