Subscribe to our RSS Feed

မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများကို စဉ်ဆက်မပြတ် စောင့်ထိန်းလိုက်နာလျက်ရှိ


From : ခေတ်လူငယ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်အထိ ကျင်းပသော (၁၆)ကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ (၈၇)နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲများ၊ ဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံနှင့် အဖွဲ့အစည်း (၁၅) ခု၊ ဧည့်သည်နိုင်ငံနှင့် အဖွဲ့အစည်း (၁၄)ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သြဂုတ် ၃၁ ရက်က မျက်နှာစုံညီ အစည်းအဝေး၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်မှုများကို အသိပေး ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များကို သာမက အခြားဘာသာ ယုံကြည်ကိုးကွယ်သူများ အားလုံးအပေါ်တွင် အကြမ်းဖက်ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးမှုမရှိကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရက ထိုသို့သော မူဝါဒမျိုး ကျင့်သုံးနေသည်ဟု အဖွဲ့အစည်းအချို့၏ စွပ်စွဲချက်ကို လုံးဝပယ်ချကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိပြည်တွင်းရေးသာဖြစ်သော ထိုပဋိပက္ခကို ဘာသာရေးပြဿနာ အသွင်ဖြင့် နိုင်ငံတကာကိစ္စအဖြစ် ဖန်တီးရန် မည်သည့်လုပ်ဆောင်မှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း၊ ဒုက္ခရောက်နေသူ နှစ်ဖက်စလုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် ပွင့်လင်းမြင်သာစွာ ဘက်လိုက်မှုကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဖက်စလုံးအတွက် ရည်ရွယ်လျက်ပေးသော လှူဒါန်းမှုများကို လက်ခံမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးအား အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိကြောင်း အသိပေး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု စတင်တည်ထောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများကို စဉ်ဆက်မပြတ် စောင့်ထိန်းလိုက်နာလျက် ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှု စတင် တည်ထောင်သူများ၏ မျှော်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် တန်းတူညီမျှရေးတို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်