From :
.. wira thu
ဦးဘုန်း (ဓာတု)
ချစ်တဲ့သူက အားမကိုးရတော့ ……
အားကိုးရတဲ့သူကို ချစ်ရတာပါ ……တဲ့
*****
၆၄ လမ်း၊ မင်းသီဟလက်ဖက်ရည်ဆိုင်တွင် ကျွန်တော်တစ်ယောက်တည်း ထိုင်နေခိုက် . . .။
လူကလည်းစုံ …..။ လူကလည်းရှုပ် ……။ ထိုင်စရာနေရာကလည်း မရှိ။ ကျွန်တော့်စားပွဲခုံသို့ ချစ်သူစုံတွဲတစ်တွဲ လာရောက်ပြီး ထိုင်လေ၏။
သူတို့နှစ်ဦးက သူတို့၏ပြဿနာဖြင့် ကျွန်တော့်ကို သတိမပြုမိ။ သူတို့၏ပြဿနာကို သူတို့က ကျိတ်ကျိတ် …..ကျိတ်ကျိတ်ဖြင့် ပြောဆိုဆွေးနွေးနေကြသည်။ ကျွန်တော်မကြားချင်ဘဲ ကြားနေရတော့သည်။
‘ကိုကို’
ကောင်လေးက ဘာမှပြန်မဖြေပါ။
‘ကိုကိုး’
အသံရှိန်မြင့်မြင့်ဖြင့် ကောင်မလေးက ကောင်လေးကို ထပ်ပြီး ခေါ်လိုက်ပြန်သည်။
ကောင်လေးက ခေါင်းငိုက်စိုက်ချလျက် သူ၏ချစ်သူကို ပြန်ကြည့်သည်။
“ဒီမယ်ကိုကို ။ မေလေးရဲ့မိဘတွေက မေလေးကို အိမ်ထောင်ချပေးတော့မယ်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ ကိုကို…..”
နားထောင်နေသူကောင်လေးမှာ အဖြေစကားရှိပုံမပေါ်။ အေးစက်နေသော လက်ဖက်ရည်ခွက်ကိုသာ တွင်တွင်ကြီး ငုံ့ကြည့်နေလေ၏။
“မေလေးရဲ့မိဘတွေက ပြောတယ်။ နင့်အကောင်မှာ ဘာအလုပ်အကိုင်မှ မရှိဘူးတဲ့…..။ အားကိုးလို့မရတဲ့အကောင်….။ အဲဒီကောင်ကို နင်ယူလို့ကတော့ တစ်သက်လုံးဆင်းရဲပြီမှတ်တဲ့……။ ဒုက္ခပါပဲ ကိုကို…..”
ပြောသူကောင်မလေးက မျက်ရည်ဝဲနေ၏။ နားထောင်သူကောင်လေးကတော့ ငူငူငေါင်ငေါင်ကြီး….။
“ခက်တာပဲ ကိုကိုရယ် …..။ မေလေးရဲ့အမေက ပြောတယ်။ ချစ်တိုင်း အားကိုးလို့ရတာ မဟုတ်ဘူးတဲ့။ ညည်းအကောင်ကို….. ညည်း ။ မယူရဘူး။ ငါတို့က သဘောမတူဘူးတဲ့”
တိုးတိုးတိတ်တိတ် ပြောဆိုနေသည်ဟု သူတို့စုံတွဲကတော့ ထင်ပေလိမ့်မည်။ ကျွန်တော့်နားထဲမှာတော့ သူတို့ပြောသမျှကို အတိုင်းသားကြားနေရသည်။ အလုပ်အကိုင်မရှိသော ကောင်လေးကိုမှ ချစ်မိတဲ့ ကောင်မလေး ….။
ချစ်ခြင်းတရားနဲ့ အားကိုးခြင်း…….။
အားကိုးလို့ရမှ ချစ်ခွင့်ရှိသတဲ့လား ….။
ကျွန်တော်တစ်ယောက်တည်း တွေးနေမိသည်။
“ဒီမယ် ကိုကို ….။ အမေက ပြောတယ်။ ချစ်ရတဲ့သူက အားမကိုးရရင် အားကိုးရတဲ့သူကို ချစ်ရမယ်…..။ ဒါပဲ ….တဲ့”
ပြီးနောက် သူတို့စုံတွဲ ဤစားပွဲခုံမှ ထသွားကြတော့သည်။
*****
ထိုနေရာလွတ်တွင် ….. လူနှစ်ယောက်လာ၍ ထိုင်ပြန်သည်။ လက်ဖက်ရည်မှာ၏။ တစ်ယောက်က မန္တလေးမြီးရှည်မှာ၏။ ကျန်တစ်ယောက်က ကြက်ဥပလာတာမှာ၏။ စားရင်းသောက်ရင်း အရပ်သတင်း၊ အရပ်အတင်း ပါလာတော့သည်။ စကားအပြန်အလှန်ပြောကြလေ၏။
“ငါတို့ အရပ်ထဲက ….အရက်ရောင်းတဲ့ဒေါ်ရီ…..။ မင်းသိရဲ့မဟုတ်လား”
“သိသပေါ့ကွာ….။ အရင်တုန်းက အငြိမ့်ထဲမှာ ယိမ်းသမ လုပ်ခဲ့တဲ့ဒေါ်ရီကို ပြောတာမဟုတ်လား”
“အေး….. ဟုတ်တယ်”
“ဒေါ်ရီအကြောင်း မင်းက ဘာပြောချင်လို့လဲ…..။ ဒေါ်ရီက နာမည်နဲ့လိုက်အောင် ရယ်ရတဲ့သူ ကွ။ သူ့ဆိုင်ကို အရက်လာသောက်တဲ့သူတိုင်း… သူက သီချင်းဆိုပြတယ်။ ကပြတယ်။ ပြက်လုံးတွေ ထုတ်ပြတယ်။ ဘာဖြစ်လို့လဲ ပြောစမ်းပါဦး……”
“အခု ဒေါ်ရီက…… ယောက်ျားတစ်ယောက် ထပ်ယူလိုက်ပြန်ပြီ”
“ဘယ်လို ….. ဘယ်လို”
“ယောက်ျားတစ်ယောက် ထပ်ယူလိုက်ပြီလို့ ပြောတာမောင်ရေ့ ……”
“ဒါဆိုရင် အခုယူတာ ငါးယောက်မြောက်ပေါ့နော်”
“ဒါပေါ့ ……”
“ဒေါ်ရီတို့ကတော့ မိုက်သကွာ…..။ ယောက်ျားတစ်ယောက်ပြီးတစ်ယောက် …. ယူပြနေတော့တာပဲ”
“ဒေါ်ရီ့လက်သုံးစကား သိလား”
“ဘာများလဲ …….”
“နောက်ထပ် ယောက်ျားတစ်ယောက်ယူချင်ရင်ယူချင်တယ် မပြောဘူး……။ ဖောက်ပြန်ချင်ရင် ဖောက်ပြန်တယ်လို့ မပြောဘူး……”
“ဘယ်လိုပြောလဲ …..”
“အခု လက်ရှိယောက်ျားက အားမကိုးရတော့ အားကိုးရတဲ့ယောက်ျားကို ကျွန်မက ရှာပြီးယူရတာပါရှင် …တဲ့”
သူတို့နှစ်ဦးက ပြောလိုက်ကြ။ ရယ်လိုက်ကြ။ စားလိုက်ကြဖြင့် သူတို့၏ အရပ်သတင်း၊ အရပ်အတင်းကို ဘရိတ်ဖက်စ်အဖြစ် မြည်းနေကြလေ၏။
သြော် … ဒီနေ့မနက်မှ တိုက်ဆိုင်နိုင်လွန်း။
ချစ်ခြင်းတရားနဲ့ အားကိုးခြင်း။
ချစ်ရတဲ့သူက အားမကိုးရတော့ …….
အားကိုးရတဲ့သူကို ချစ်ရတာပါ ……. တဲ့။
အားကိုးရမှ ချစ်ရမှာလားဗျာ။
ကျွန်တော်တို့ဘဝမှာ ချစ်ခြင်းတွေ အကြိမ်ကြိမ်ကြုံခဲ့ပြီးပြီ။ ချစ်ခြင်းတရားနဲ့ အားကိုးခြင်းကို တွဲပြီး သုံးစွဲသင့်ပါသလား။ အားမကိုးရရင် အားကိုးရတဲ့သူကို ရှာပြီးချစ်တယ်ဆိုတာ ဖောက်ပြန်ခြင်းတစ်မျိုးများ ဖြစ်နေမလား၊ အချစ်နဲ့မေတ္တတရားကို မျှော်လင့်ချက်တွေနဲ့ ဖွဲ့စည်းသင့်ပါသလား။
ထိုအတွေးစများဖြင့် ကျွန်တော် အိမ်သို့ပြန်လာခဲ့ပါသည်။
************
အိမ်သို့အရောက် ……။
ချစ်ခြင်းတရားနဲ့ အားကိုးခြင်းအကြောင်းအား အမေ့ကို ပြောပြဖြစ်ပါသည်။ ကျွန်တော်၏ ချစ်ဇနီးလည်း ကျွန်တော့်အနားတွင် ရှိနေ၏။
အမေက ပြောသည်။
“အားကိုးရမှ ချစ်တယ်ဆိုတာ ဖြူစင်တဲ့အချစ်မျိုး မဟုတ်ဘူး။ မေတ္တာစစ်၊ မေတ္တာမှန်ဆိုတာ သူ့သဘောသူဆောင်ပြီးသား….။ အားကိုးရမှ ချစ်မယ်ဆိုရင်….. မခင်၊ ဖခင်တိုင်းဟာ သားသမီးတွေကို မမွေးဘဲ၊ မယူဘဲနေကြရုံပဲ ရှိတယ်”
အမေက တွေးတွေးဆဆဖြင့် သူ့စကားကို ဆို၏။
“ငါ့သားပဲ စဉ်းစားကြည့် ……။ အမေ့ရဲ့ ဟောဒီဗိုက်ထဲက သားသမီး ၇ ယောက်မွေးတယ်။ အကြီးမတစ်ယောက်က ငါးနှစ်သမီးမှာ ဆုံးတယ်။ ကျန်တဲ့သားသမီး ၆ ယောက်…။ အားကိုးရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချစ်ခဲ့ကြတာမဟုတ်ဘူး။ အားကိုးရသည်ဖြစ်စေ၊ အားမကိုးရသည်ဖြစ်စေ…..။ ချစ်နေတာပါပဲ။ ဒါဟာ မေတ္တာရဲ့သဘာဝကွဲ့….သားရဲ့”
အမေ့အသက်က ၈၀ နီးပြီ။ အဖေဆုံးတာက ၄ နှစ်နီးပါးရှိပြီ။
“ပြောရဦးမယ် သားရဲ့။ မင်းအဖေ ….. လူသူတော်ကောင်းကြီး…..။ ဘယ်မှာ အားကိုးရလို့လဲ……..။ မင်းအဖေနဲ့ ငါညားခါစက အောက်တန်းစာရေးလေး…..။ လခ က ၁၂၀ ကျော်….။ အိမ်ငှားနဲ့နေရတယ်။ ဒီလိုပဲ အထက်တန်းစာရေးကြီးဖြစ်လာတော့လည်း လခ က ၂၁၀ …..။ သားသမီးက ငါးယောက်၊ ခြောက်ယောက်….။ ကျောင်းစရိတ်မရှိလို့ ဝက်မွေးရတယ်။ ကြက်မွေးရတယ်။ စားပင်သီးပင်တွေ စိုက်ရတယ်။ ဈေးရောင်းရတယ်။ ဒီလိုပဲ အမေတို့ နေခဲ့ကြရတာ။ အားကိုးရမှာသာ ချစ်ကြကြေးဆိုရင် အမေတို့ အိမ်ထောင်ကွဲတာ ကြာလှပေါ့ သားရယ်…..။ ဒီနေ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ…..၊ အိမ်ထောင်ရေးပျက်စီးမှုတွေရဲ့ အခြေခံအကြောင်းတရားဟာ အားကိုးခြင်းနဲ့ ချစ်ခြင်းကို တွဲပြီးမြင်နေမှုက စတာပဲ…….”
ဟုတ်ပါသည်။
အဖေ သက်ပြည့်ပင်စင်ယူတော့ အဖေနဲ့အမေမှာ နေစရာအိမ်မရှိ။ မြေဆိုတာ ဝေလာဝေး၊ သေတ္တာအစုတ်၊ ဖျာအစုတ်ဖြင့် ဝန်ထမ်းဘဝကို ရှင်သန်ခဲ့သူဖြစ်သည်။
ကျွန်တော်က အမေ့ကို မေးလိုက်သည်။
“ဒါဆိုရင် … အမေက အဖေ့ကို ဘာလို့ချစ်တာလဲ။ ဘာကိုကြည့်ပြီး ချစ်တာလဲ”
အမေက ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးပြီးဖြေသည်။
“ချစ်ခြင်းတရားမှာ အကြောင်းပြချက်မလိုဘူး သားရဲ့ …..။ အချစ်ဆိုတာ အချစ်ပဲ…..”
“မဟုတ်ပါဘူး အမေရယ်။ အကြောင်းပြချက်တောင်းတာ မဟုတ်ပါဘူး။ အဖေ့မှာရှိတဲ့ အမေမြင်တဲ့ အဖေရဲ့ အရည်အချင်းတွေကို သိချင်တာပါ”
ကျွန်တော်၏မေးခွန်းကို အမေက သဘောကျသွားပုံရသည်။ လက်အုပ်ကလေးကို နဖူးပေါ်တင်ပြီး မျက်စိကို မှိတ်လိုက်၏။ ပြီးနောက် ပါးစပ်မှ ဤသို့ပြောလေ၏။
“မင်းတို့အဖေက အလွန်ရိုးသားတာကလား။ မဟုတ်တာလုပ်ရင်တောင် အမေ့ကိုပြောပြီးမှလုပ်တဲ့သူ။ မဟုတ်တာမလုပ်ဘူးလို့ အမေမပြောဘူး။ ဝန်ထမ်းဘဝမှာ နှစ် ၄၀ နီးပါး အမှုထမ်းခဲ့တယ်။ အမှန်ကိုလုပ်တယ်။ အမှန်ကိုပြောတယ်။ ဒါ့ကြောင့် ရာထူးကလည်း တက်တယ်ကို မရှိဘူး။ နောက်ဆုံးပင်စင်ယူတော့လည်း ရုံးအုပ်စာရေးကြီးဘဝနဲ့ ယူခဲ့ရတာ။ မင်းအဖေဟာ ငါတို့စိတ်တိုင်းကျ ဖြည့်ဆည်းမပေးနိုင်ပေမယ့် လူကောင်းတစ်ယောက်…….။ လူမှန်တစ်ယောက်….။ သူ့ကို လူတွေ မုန်းချင်မုန်းပါစေ။ အမှန်တရားအတွက်ဆိုရင် ရဲရဲရင့်ရင့်ပြန်ပြောခဲ့တဲ့သူ…..။ အားကိုးထိုက်မှသာ လက်တွဲဖော်အဖြစ် ဆုံးဖြတ်ကြကြေးဆိုရင်….။ မင်းအဖေရှာနိုင်တဲ့ဝင်ငွေနဲ့ …… ငါတို့ကွဲတာ ကြာပေါ့”
အမေက ပြောရင်း သူ့စကားကို သဘောကျပြီး အသံထွက်အောင် ရယ်လေ၏။
“ကဲ…… အမေမွေးထားတဲ့ အခု သားသမီး ၆ ယောက်….။ အငယ်ဆုံးကောင်က ဘာအားကိုးရလို့လဲ….၊ အရက်သမား။ သူ့ကိုလည်း အမေချစ်တာပဲ။ နို့ညှာကောင်က တပ်ထွက်….။ သူကလည်း ဘယ်မှာ အားကိုးရလို့လဲ….။ အမေ့ရင်ထဲမှာတော့ အချစ်မပျက်ပေါင်….။ ဒီါလိုပဲ…. အကြီးဆုံးကောင်…..။ သူလည်း သူ့မိသားစုနဲ့သူ….။ လုံးလည်ချာလပတ်ကိုလိုက်လို့……..။ အားကိုးဖို့ဆိုတာ ဝေးသေး….။ အမေကတောင် ဘာကူညီရမလဲ စဉ်းစားနေတာ….. မင်းကို ငါချစ်တာ ….. အားကိုးရလို့ ချစ်နေတာမဟုတ်ဘူးနော်…ငါ့သား…”
အမေ့၏ချစ်ခြင်းတရားနှင့် အားကိုးခြင်းစကားလုံးများကို ကျွန်တော် သေချာစွာ နားထောင်မှတ်သားနေမိပါသည်။
“ကဲ….. သားရယ်။ အားကိုးရမှ အချစ်ဆိုရင် အမေတို့ ကျွန်ဘဝမှာပဲ တစ်သက်လုံး နေရတော့မှာပေါ့။ ဘာကြောင့်လဲဆိုတော့ အရှင်သခင်၊ ရှင်ဘုရင်တွေက ငွေရှိတယ်။ အာဏာရှိတယ်။ ဒီတော့ အားကိုးထိုက်တယ်။ အဲဒီလို တွေးပြီးနေလို့ကတော့ ….. ဒီဘဝက လွတ်လမ်းမမြင်ဘူး”
ထိုအချိန်တွင် ကျွန်တော်၏ချစ်ဇနီးက စကားတစ်ခွန်းဝင်ပြီး ပြော၏။
“အမေ…..”
“ဘာများတုန်း သမီးရဲ့”
“အခုတစ်လော ဘုန်းကြီးတစ်ပါးက ဒီစကားကို အမြဲပြောနေတယ်”
“ဘာများလဲ သမီးရဲ့”
“ဘုန်းကြီးတို့က….. ချစ်ရတဲ့သူကို အားကိုးချင်တာပါ။ ချစ်ရတဲ့သူက အားမကိုးရတော့….။ အားကိုးရတဲ့သူကိုပဲ ချစ်ကြရမယ်တဲ့….။ အဲဒီလိုပြေတယ် အမေ”
“အဲဒီလို တကယ်ပြောသလား သမီး”
“ပြောတယ် အမေ”
“ဒုက္ခပါပဲ”
“ဘာလို့လဲ အမေ”
“ဒီမယ် ငါ့သမီးရဲ့….။ အဇာတသတ်ကြီးလေ….။ ဒေဝဒတ်ဆိုတဲ့ အားကိုးရတဲ့သူကို ချစ်လိုက်တာ…..။ အဖေကိုသတ်…။ သမိုင်းဆိုးနဲ့ကျော်ကြား…….။ ငရဲပြည်မှာနေ…..။ အားကိုးရတယ်ဆိုတာ မှတ်ထား ငါ့သမိးရဲ့ စည်းစိမ်၊ ဥစ္စာ၊ အာဏာ၊ ငွေကြေး မဟုတ်ဘူး…..။ ကိုယ်ကျင့်တရားဟဲ့….၊ ကိုယ်ကျင့်သီလဟဲ့…..။ ကိုယ့်အလိုကို မလိုက်တိုင်း မချစ်ဘူးလို့ပြောတဲ့သူဟာ အလွန်အသိဉာဏ်နည်းတဲ့သူပဲ….။ အဲဒါ အဇာတသတ်ရဲ့အတွေးအခေါ်ဟဲ့။ လူမိုက်စကားဟဲ့”
အမေ့စကားကို ကျွန်တော် မှတ်သားထားပါသည်။
“အင်း…. အကုသိုလ်ကြီးလိုက်ကြတာ။ အားကိုးရမှ ချစ်မယ်ဆိုရင် ငါ့သားပြောတဲ့ ‘ဒေါ်ရီ’ ဖြစ်ကုန်တော့မှာပေါ့ …….”
ဦးဘုန်း (ဓာတု)
5.8.2014 ရက်နေ့ထုတ် အမှတ် ၃၉၆ The First Music News Journal မှ ကူးယူဖော်ပြသည်။
.. www.MyanmarExpress.net

5 comments:
Good essay but valueless.
အဲဒါ ဦးဘုန်းက နိုင်ငံရေးထည့်သွားတာ။ အမျိုးဘာသာကို စောင့်ရှောက်နေတဲ့ သံဃာတွေကို တည့်တည့်ကြီးစော်ကားလိုက်တာပဲ။ ဆောင်းပါးကိုကြိုက်ပေမဲ့ သူ့ရည်ရွယ်ချက်ကို လက်မခံနိုင်ပါဘူး။ MEG ရေ ချင့်ချိန်ပြီးလည်းတင်ဦး။ ကိုယ့်အတက်နဲ့ကိုယ် စူးနေဦးမယ်။
ရေး တတ် တိုင်း လို ရာ ဆွဲ ရေး သွား တာ ပါ။
MEG လည်း ဂေါက် နေပြီ ထင် တယ်။ ဒါ မျိုး ဆောင်း
ပါး ကို။
ဆောင်းပါးသဘောသဘာဝလေးကို ကြိုက်ပါတယ် ဒါပေမယ့် ဆောင်းပါးအဆုံးသတ်မှာ နိုင်ငံရေးအကြောင်းမပါရင် ပိုကောင်းပါလိမ့်မယ်
Far Suu Kyi !
Your one still have or not?
အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်