Subscribe to our RSS Feed

ရှစ်လေးလုံး အရေးအခင်း ခေါင်းဖြတ်ပြီး အရပ်တကာလှည့်ခဲ့ခြင်း (၂)

From : .. ပြည်သူ့အာဏာ
(ရှစ်လေးလုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ခေါင်းဖြတ်ပြီး လှံသွားချွန်ဖြင့် အောက်လည်ပင်းမှ ထိုးစိုက်ကာ မြို့တွင်း အရပ်တကာ လှည့်လည် ပြသခဲ့ပါသည်။ ရှစ်လေးလုံးမှာ ဘာတွေ ဖြစ်ခဲ့သလဲ သမိုင်းအမှန်ကို လူငယ်တွေသိစေဖို့)


သလ္လာဝတီမြို့တော်က အကျည်းတန်သော ဖြစ်ရပ်တစ်ခု
သလ္လာဝတီမြို့ခေါ် မုံရွာမြို့က ကျွန်တော်ရဲ့ ဇာတိချက်ကြွေ၊ မွေးရပ်မြေ။ ကျွန်တော်တို့ မြို့က အခြားမြို့များနှင့်မတူ အတော်ထူးသည်။ “ ထူးရင်ထူး၊ မထူးရင်ရူး” ဆိုသလို ထူးလို့များ ရူးနေလားမသိ။ ပြီးခဲ့တဲ့ အရေးအခင်းကာလတွင်းက မဖြစ်သင့် မဖြစ်ထိုက်သည့် ကိစ္စများ ဖြစ်ပွားခဲ့သည်။

ခေါင်းပြတ်ကြီးနဲ့ အရပ်ကိုလည်
အဆိုးဆုံးဖြစ်ရပ်တစ်ခုကတော့ လူ ၃ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး လှံသွားချွန်ဖြင့် အောက်လည်ပင်းမှ ထိုးစိုက်ကာ မြို့တွင်း အရပ်တကာ လှည့်လည် ပြသခြင်းဖြစ်သည်။ မြို့သူမြို့သား မြင်ရသူအားလုံး အထိတ်တလန့် ဖြစ်ကြရသည်။ တစ်မြို့လုံး ခြောက်ခြား သွားခဲ့ကြရသည်ဟုလည်း သိရသည်။

ဇာတ်တူသားစားကြခြင်း
ခေါင်းဖြတ်သတ်ခံရသူ ၃ ဦးက ဆန္ဒပြသူများကို ဆန့်ကျင်ကြသူများ မဟုတ်ကြ။ အစိုးရကို ထောက်ခံကြသူများလည်း မဟုတ်ကြ။ ဆန္ဒပြသူ အချင်းချင်းသာ ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟမီးတွေ တစ်ဟုန်းဟုန်း တောက်လာခြင်းကြောင့် အချင်းချင်းကိုပင် မရှောင် တိုက်ခိုက်ကြသည်။ သတ်ဖြတ်ကြသည်။ ဇာတ်တူသားချင်း စားကြသည်ဟု ပြောနိုင်ပါသည်။

မုံရွာမြို့၏ ဆန္ဒပြအဖွဲ့များ
ကျွန်တော်တို့ မုံရွာမြို့တွင် ဆန္ဒပြအဖွဲ့ ၂ ဖွဲ့ရှိသည်။ “ပြည်သူ့သမဂ္ဂ” အဖွဲ့ကို ဘုန်းတော်ကြီး ဦးသုမနက ခေါင်းဆောင်သည်။ မုံရွာမြို့ “ ဆုတောင်းပြည့်” ဘုရားကြီးဝင်း အတွင်းတွင် သပိတ်စခန်းဖွင့်ထားသည်။ အခြားတစ်ဖွဲ့ကတော့ “ ပြည့်သူ့သံဃာ” အဖွဲ့ ဖြစ်ပြီး ကိုသိန်းတန်ဆိုသူက ခေါင်းဆောင်၊ ဝင်းမြင့်က ဒုတိယ ခေါင်းဆောင်ဖြစ်သည်။ ယင်းအဖွဲ့က အုန်းခြံရပ်၊ အမှတ် (၂) အစိုးရ အလယ်တန်းကျောင်းဝင်း အတွင်းတွင် အခြေ ပြုသည်။

တစ်ဂူကို နှစ်ကောင်အောင်းလိုမှု
အထက်ပါ ပြည်သူ့သမဂ္ဂနှင့် ပြည့်သူ့သံဃာသပိတ်အဖွဲ့နှစ်ဖွဲ့က အစပိုင်းတွင် ညီညီ ညွတ်ညွတ်ဖြင့် ပူးတွဲ ဆန္ဒပြခဲ့ကြသည်။ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။ မြို့မိမြိုဖများ၊ မြို့သူ မြို့သားများ၊ ကျောင်းသားကျောင်းသူများ၊ ရဟန်းသံဃာတော်များပါ ပါဝင်ကြရာ အင်အား ၄၀၀၀ ကျော်ခန့်လောက် ရှိသည်ဟု သိရသည်။ ပြည်သူလူထု၏ အကူအညီ အထောက်အပံ့များလည်း အတော်များများ ရရှိခဲ့သဖြင့် ရန်ပုံငွေများ၊ ဆန်၊ ဆီ၊ ဆား စသည့် ရိက္ခာပစ္စည်းများလည်း အလွန်ပြည့်စုံသည်ဟု ဆိုသည်။ မြို့အုပ်ချုပ်ရေးကိုလည်း အလျဉ်းသင့်သလို ခွဲဝေတာဝန်ယူလျက်ရှိရာ အချိန်ကြာလာသည်နှင့်အမျှ ထိပ်တိုက် တိုးခြင်းများ၊ အချင်းချင်း မသင့်မြတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ရရှိထားသော အလှူငွေများ၊ ရိက္ခာပစ္စည်းများ ခွဲဝေရာတွင်လည်း သဘောထားကွဲလွဲမှုများကြောင့် တစ်နေ့တစ်ခြား မသင့်မြတ်မှုများ၊ အဆင်မပြေမှုများ တိုးပွားလာပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပူးပေါင်းလို့ မရတော့ဘဲ ရန်သူများအသွင် ကူးပြောင်းသွားတော့သည်။ အစည်းအဝေး တစ်ခုတွင် ထိုးကြ၊ ကြိတ်ကြ၊ နပန်းလုံးကြသည်အထိ ဖြစ်ပေါ်ခဲ့ရပြီး ကြည့်မကောင်း၊ ရှုမကောင်း၊ အစည်းအဝေးတက်ရောက်သူများ အတော်စိတ်ပျက်ခဲ့ကြရသည်။ ထိုနေ့မှ စ၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ လမ်းမှာတွေ့လျှင် ဦးသူက လောက်လေးခွ၊ ဂျင်ကလိတို့နှင့် ပစ်ခတ် ကြသည်ဟု သိရသည်။

ကျောင်းသား ၃ ဦး အဖမ်းခံရခြင်း
တစ်နေ့တွင် “ပြည်သူ့သမဂ္ဂ”မှ ကျောင်းသား ၃ ဦး “ ပြည့်သူ့သံဃာ” သပိတ်စခန်းသို့ ရုပ်ဖျက်ပြီး သွားရောက်ချောင်းမြောင်း ထောက်လှမ်းစဉ် ဖမ်းဆီးခြင်း ခံရသည်။ ယင်း ကျောင်းသား ၃ ဦးအား ခေါင်းဖြတ်သတ်မည်ဖြစ်ပြီး မြို့မိမြို့ဖများ လာရောက် ကြည့်ရှုရန် “ ပြည့်သူ့သံဃာ” အဖွဲ့က ဆင့်ခေါ်သည်။ ခေါင်းဖြတ်မည့် အစီအစဉ်ကလည်း အခြား နေရာတွေမှာလို ဓားနှင့် ခုတ်ဖြတ်ခြင်း မဟုတ်။ သစ်စက်လွှစင်တွင် တင်ပြီး သစ်ခွဲသလို လွှဖြင့် လည်ပင်းမှ ဖြတ်ရန်ဖြစ်သည်။ ထိုနေ့က မီးမလာသဖြင့် လွှဝိုင်းကို လက်ဖြင့်လှည့်ပြီး ဖြတ်ရန်စီစဉ်နေသည်ကို မြို့မိမြို့ဖ ၆ ဦးခန့်က ကျောင်းသားလေးတွေကို မသတ်ဖို့၊ ပြန်လွှတ်ပေးဖို့၊ ဝိုင်းဝန်းတောင်းပန်သဖြင့် မသတ်ဖြတ်ဘဲ လွှတ်ပေးခဲ့ကြသည်။

တရုတ်ဇာတ်ကား အားကျသလားမသိ
ထိုသို့ ကျောင်းသားလေးများကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ရန် စီစဉ်ခဲ့သော “ပြည့်သူ့သံဃာ” သပိတ်အဖွဲ့၏ လုပ်ဆောင်ချက်ကို “ပြည်သူ့သမဂ္ဂ” သပိတ်အဖွဲ့က လုံးဝမကျေနပ်။ အာဏာခွဲဝေမှုတွင်လည်းကောင်း၊ ရရှိသော ငွေ၊ ရိက္ခာ၊ ပစ္စည်းများ ခွဲဝေရာတွင်လည်းကောင်း မသင့်မြတ်မှုများ ရှိနေပြီးဖြစ်၍ “ ပြည့်သူ့သံဃာ” အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန် စီစဉ်ခဲ့ကြတော့သည်။ လက်စားချေဖို့ လုပ်ကြတော့သည်။

မြို့လယ်က တိုက်ပွဲ
အခွင့်ကောင်းစောင့်နေသော “ပြည်သူ့သမဂ္ဂ”အဖွဲ့က အမှတ် (၂) အစိုးရ အလယ်တန်း ကျောင်းဝင်း အတွင်းရှိ သိန်းတန်နှင့် ဝင်းမြင့်တို့ ခေါင်းဆောင်သော “ပြည့်သူ့သံဃာ” အဖွဲ့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ မုံရွာမြို့တွင် စစ်မြေပြင်က တိုက်ပွဲလေး တစ်ခုသဖွယ် သေနတ်သံများက ဆူညံသွားတော့သည်။ နှစ်ဖက်လုံး သေနတ်သုံးကြသည်။ ရဲစခန်းများမှ ကြိုတင်သိမ်းဆည်းထားခဲ့ကြသော သေနတ်များနှင့် လိုင်စင်ဖြင့် ကိုင်ဆောင်ကြသော သေနတ်များဖြင့် ပစ်ခတ်ကြခြင်း ဖြစ်သည်။ သေနတ်များက မျိုးစုံသည်။ ရိုင်ဖယ်လည်း ပါသည်။ စတင်းသေနတ်လည်း ပါသည်။ နှစ်လုံးပြူး သေနတ် (DB) လည်းပါသည်။ အသေအပျောက်ရှိသည်ဟုတော့ မကြားရ။ ဒဏ်ရာရကြသူတွေတော့ အတော်များသည်ဟုဆိုသည်။ အော်သူအော်၊ သွေးအလိမ်းလိမ်းနှင့် ပြေးသူပြေး ငိုသူ ငို၊ ကျွန်တော်တို့ မြို့တွင် ကမ္ဘာပျက်သလို ဖြစ်ခဲ့ရသည်။ အချင်းချင်း ကလဲ့စား ချေလိုစိတ်၊ မကျေနပ်ချက်များနှင့် အာဃာတများ ကြောင့်လား သို့မဟုတ် မကောင်းဆိုးဝါးများက အတင်းတိုက်တွန်း နေလို့လားမသိ၊ ကိုယ့်တစ်မြို့တည်းသားချင်း၊ ဇာတ်တူသားချင်း တိုက်ခိုက်မှုများကြောင့် ကျွန်တော်တို့မြို့ သွေးမြေကျခဲ့ကြရသည်။

ဦးသုမန၊ ပြည်သူ့သမဂ္ဂ အနိုင်ရ
“ပြည်သူ့သမဂ္ဂ” သပိတ်အဖွဲ့က လူအင်အားလည်း များသည်။ တိုက်ပွဲအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်တော့ “ ပြည့်သူ့သံဃာ” အဖွဲ့ ရှုံးသွားသည်။ ခေါင်းဆောင်သိန်းတန်၊ ဝင်းမြင့်နှင့် အခြားတစ်ဦး (အမည်မမှတ်မိတော့) ဖမ်းဆီးခံရသည်။

ပြောမယုံ ကမ်းကုန်အောင် ရက်စက်လိုက်ပုံက
ဖမ်းဆီးရမိသူ သိန်းတန်၊ ဝင်းမြင့်နှင့် အခြားသပိတ်အဖွဲ့ဝင်တစ်ဦး ပေါင်း ၃ ဦးတို့ကို ကြိုးတုပ်ပြီး “ပြည်သူ့သမဂ္ဂ” အခြေစိုက်ရာ ဆုတောင်းပြည့်ဘုရားကြီး အတွင်းသို့ ခေါ်သွားကြသည်။ ဘယ်အငြိုးနဲ့များ ငြိုးလေသည်မသိ။ ရောက်ရောက်ချင်း သံချွန်တွေနှင့် တစ်ကိုယ်လုံး ထိုးကြသည်။ အစာမကျွေး၊ ရေမတိုက်၊ အငတ်ထားသည်။ အသားတွေ ပါးပါးလှီး၊ လူမဆန်သောနည်းများဖြင့် နှိပ်စက်ကြသည်။ နောက်ဆုံး ရေနှစ်၊ ခေါင်းဖြတ် သတ်လိုက်ကြသည်ဟု သိရသည်။ သွေးဆူနေသော ကျောင်းသားလေးများက သိန်းတန် တို့၏ ခေါင်းပြတ်ကြီး ၃ လုံးကို လှံချွန်နှင့် လည်ပင်းမှ ထိုးစိုက်ပြီး တစ်မြို့လုံး လျှောက်ပြ ကြသည်။

ဒီလို အဖြစ်များ မကြားလိုပါ
ကျွန်တော် ခေါင်းဖြတ် အသတ်ခံရသူများကို မသိပါ။ ခေါင်းဖြတ်သူများ၏ ခေါင်းဆောင် ဦးသုမနကိုလည်း မသိပါ။ မြို့မိမြို့ဖ လူကြီးအချို့ကိုတော့ သိပါသည်။ ကျောင်းသား ၃ ဦး၏ အသက်ကို ကယ်တင်ခဲ့ကြသူများကို အထူးကျေးဇူး တင်ရပါသည်။ ဤကဲ့သို့ ဇာတ်တူသားစားခြင်း၊ အငြိုးဖြင့် ကလဲ့စားချေခြင်း၊ ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်ပြီးမှ လူမဆန်စွာ သတ်ဖြတ်ခြင်းမျိုးလည်း ထပ်မံမဖြစ်စေလိုပါ။ အထူးသဖြင့် တစ်မြို့လုံး တုန်လှုပ်ခြောက်ခြားသွားစေသည့် ခေါင်းပြတ်များကို လှည့်လည် ပြသခြင်း၊ ကျောင်းသားအရွယ် လူမမယ်လေးများ သွေးစွန်းသွားစေခြင်းမျိုးလည်း မလိုလားပါ။ ဘဝဆက်တိုင်း မမြင်ရ၊ မကြားရ၊ မတွေ့ရတဲ့ကိုယ် ဖြစ်ရပါလို၏လို့ပဲ ဆုတောင်း လိုက်ရ ပါတော့သည်။

(အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်၏ မှတ်တမ်း)(ဆက်ပါဦးမည်)


.. www.MyanmarExpress.net
 

3 comments:

ကောင်းပါတယ် ဆက်ရေးပါ လူငယ်တွေသိသင့်တဲ့အကြောင်းပါ


ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု

Friday, August 08, 2014
Myanmar Express Group

From : .. ကိုသန်းဝင်း (ဒလ)

လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်း မှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာ ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်း ဆက်သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေက လည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေတာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်းမှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ်စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်း တွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရ ပါတယ်။

ရှစ်လေးလုံး ကောင်းမှုကြောင့် ဒလမြို့တွင်းက မရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရ ပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါ တယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အချိန်ပါ။ ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဟာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။

သုံးယောက်ကတော့ ရေထဲခုန်ချပြီးထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေးရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။

အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မ ပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေ ပိတ်ကားနောက်မှာတော့ သွေးသံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။

ကျွန်တော်လည်း မုံရွာသားပါ။ အပေါ်မှာရေးထားတဲ့အတိုင်းပါပဲ အဲဒီအဖြစ်အပျက်တွေကို လူကြီးတွေကတစ်ဆင့် ကြားဘူးပါတယ်။ အခုလို ပိုပြီးပြည့်ပြည့်စုံစုံသိရတော့ ကျေးဇူးတင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်