Subscribe to our RSS Feed

သူရဲကောင်းသို့ ပေးစာ

From : ..ဥက္ကာကိုကို


ရခိုင်သားရေ......
ခင်မြင့်မောင်ရေ......
ခုချိန်ထိ ခင်မောင်မြင့်နဲ့ ခင်မြင့်မောင် သိပ်မကွဲကြပေမယ့်
မင်းကို
လူအားလုံးက တခြားသူတွေနဲ့မတူ ကွဲကွဲပြားပြား သိခဲ့ကြပါတယ်။

မင်းဟာ
7Day ဂျာနယ်ကပေးတဲ့ သူရဲကောင်းဆုကိုရခဲ့တယ်
မင်းဟာ နိုင်ငံတော်ကပေးတဲ့ ဘာဆုကိုမှမရဖူးဘူး
ဒါပေမယ့် မင်းတန်ပါတယ်
မင်းဟာ
ပြည်သူတွေကပေးတဲ့ လူမှုဝန်ထမ်းကောင်းဆုကို
ပြိုင်ဖက်မရှိရထားခဲ့ပြီပဲလေ။

စစ်တွေမြို့၊ အောင်တိုင်ကျေးရွာမှာမွေးဖွားသူ
စိတ်ပညာဘွဲ့ရထားသူ
စကားနည်းလွန်းသူ
လောဘမကြီးသူ
အလုပ်ကြိုးစားသူ
ရိုးသားဖော်ရွေသူ
ဝါသနာပါလို့ ယာဉ်ထိန်းရဲလုပ်ခဲ့သူ
ဒုတပ်ကြပ်အဆင့်သာရှိခဲ့သူ
ခုတော့..........
မင်းဟာ နိုင်ငံကျော်ခဲ့ပါပြီ။

မင်း နာမည်ကျော်နေတာကို မင်းသိရဲ့လား ခင်မြင့်မောင်
မင်းဟာ တို့ရဲ့ စံပြပုဂ္ဂိုလ်ကွယ့်
မင်းဟာ ၀န်ထမ်းတွေရဲ့ နမူနာကွယ့်
မင်းဟာ နောင်လာနောက်သားတွေအတွက် အထိမ်းအမှတ်ရုပ်တုလေးတစ်ခုပ
မင်းအပြုံးဟာ ချိုမြိန်စွာပေါ့....။

နေတွေအရမ်းပူနေတယ် ခင်မြင့်မောင်
မိုးတွေ သိပ်သည်းနေတယ် ခင်မြင့်မောင်
ဆောင်းတွင်းဟာ အနွေးထည်မလုံလောက်ဘူးခင်မြင့်မောင်
မင်းချစ်တဲ့ လမ်းဆုံလေးဟာ မင်းကို အေးမြ နွေးထွေး လုံခြုံစေမှာပါ
ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထိပ်ကို မင်းချစ်သလို
ကားမောင်းသူတိုင်းကလည်း မင်းကိုချစ်ကြတာပဲလေ
မင်း အသားအရည်တွေ သိပ်နက်လာပြီခင်မြင့်မောင်။

မင်းကိုပေးတဲ့ ငွေစကြေးစတွေဟာ မေတ္တာ
မင်းကိုကမ်းတဲ့ ရေဘူး အချိုရည်ဘူးတွေဟာ မေတ္တာ
မင်းကို ကြည့်တဲ့မျက်ဝန်းများစွာဟာ မေတ္တာ
မေတ္တာဟာ မင်းအပြုံးအောက်မှာ နွဲ့လျမွှေးပျလို့...........။

ကားသမားတွေက ခေါ်ကြတယ် ခင်မြင့်မောင်
မင်းကိုလေ....
အသားမည်းလို့... ကုလားလေး...တဲ့
အမြဲပြုံးနေလို့.... ဖိုးပြုံးချို...တဲ့
ငါခေါ်မယ်ကွာ.... မင်းစိတ်မဆိုးနဲ့
မင်းဟာ ငါတို့ရဲ့ မော်တော်ပီကယ်
မင်းဟာ ငါတို့ရဲ့ ... ကုလားလေးဖိုးပြုံးချိုပါပဲကွာ။

“ကားကြပ်နေတယ်ဆိုရင် ရှင်းလင်းပေးဖို့က ကျွန်တော့်တာဝန်ပါ၊
ကားတွေကို ပရမ်းပတာ မမောင်း စေချင်ဘူး၊ ယာဉ်တိုက်မှုဖြစ်ရင်
နှစ်ဦးနှစ်ဖက်နစ်နာဆုံးရှုံးမှုဖြစ်မှာ မလိုလားပါဘူး” တဲ့လား...
မင်းရဲ့စေတနာ
မင်းရဲ့ သဘောထား..
ဂုဏ်ယူဝင့်ကြွားပါတယ်ရဲဘော်

မနက် ခြောက်နာရီကနေ ည ၇ နာရီအထိ
လမ်းဆုံမှာ မင်းရှိတယ်...
ဘယ်အချိန်ကြည့်ကြည့်
လမ်းဆုံမှာ မင်းရှိတယ်
မင်း သိပ်ပင်ပန်းမှာပဲ ရဲဘော်ရေ
ဒါပေမယ့် မင်းပြောခဲ့တယ်လေ
“မပင်ပန်းပါဘူး။ အခုလိုမတ်တပ်ရပ်နေရတာကို
ဝါသနာပါတယ်” လို့။

ကျေးဇူးတင်ပါတယ် ရဲဘော်ရေ....
တကယ် ကျေးဇူးတင်ပါတယ် ခင်မြင့်မောင်ရေ...
တို့အားလုံး ကျေးဇူးတင်လျှက်ပါ ရခိုင်သားလေးရေ.....

အမြစ်စွဲနေတဲ့ အကျင့်စရိုက်တွေထဲက ခွဲထွက်
ထုံးစံဆိုတဲ့ မလိုအပ်မှုတွေက သွေဖည်
ရေသာမခို အချောင်မစား.. မေတ္တာသာစားသုံးတဲ့
မင်းဟာ
ကမ္ဘာတည်သရွှေ့ စံပြုထိုက်သူအဖြစ်နဲ့
နယ်ပယ်တစ်ခုခုအပေါ် လွှမ်းမိုးနေဦးမှာ...
ပြည်သူတွေအပေါ် ရိုက်ခတ်နေဦးမှာ.....
ဒီနိုင်ငံကြီးကို သတိတွေပေးနေလိမ့်ဦးမှာ....

ကျန်းမာပါစေ... ချမ်းသာပါစေ....
နိုင်ငံတာဝန်များကိုလည်း ကျေပွန်ပါစေ... ခင်မြင့်မောင်ရေ။ ။

မင်းရဲ့ နယ်သား....

(18.5.2013)


 .. www.MyanmarExpress.net
 

15 comments:

ကျေးဇူးဘဲ သူ့အကြောင်းသိ၇တာ။သူတို့ဘ၀တွေက သနားစ၇ာပါဗျာ။အခန့်မသင့်၇င် ပါး၇ိုက်ခံ၇တာ။

မော်တော်ပီကယ် ဝန်ထမ်းတွေထဲမှာလည်း ခုလို လူမျိုးရှိတယ်ဆိုတာကို လူတိုင်းသိအောင် ပြောပြသင့်ပါတယ်။ နို့ မို ဆို အစိုးရဝန်ထမ်းတိုင်း အကျင့်ပျက်တယ် ထင်နေကြတယ်... ဘဲဥတွေဆိုပြီး အထင်သေး ပြီး ဆက်ဆံချင်ကြတယ်.. အကို့ အတွက် ဝမ်းသာဂုဏ်ယူပါတယ်..

လေးစားပါတယ် ။

သူ့ကို တွေ့တွေ့နေတာ ကြာပြီ တကယ်ကြိုးစားတယ့်လူပဲ မိုးရွာရွာ နေပူ အမြဲတွေ့နေပေမဲ့ နာမည်ကိုတော့ အခုမှပဲ သိတော့တယ် အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အားလုံး ကျန်းမာချမ်းသာကြပါစေ

သတိထားမိနေတာကြာပြိ။စကားစပ်လို့ပြောမိရင်လူတိုင်း သူ့ ကို သိကြတယ်။စံပြနိုင်ငံ ဝန်ထမ်းကောင်းပါ။ နိုင်ငံတော်ကမမြင်ပေမဲ့ နိုင်ငံရဲ့ပြည်သူ ပြည်သားတွေကမြင်ပါတယ်။ ဂုဏ်ယူပါတယ်ယာဉ်ထိန်းရဲခင်မြင့်မောင်ရေ။ကျန်းမာပါစေ။ အခြားဝန်ထမ်းတွေလည်း အတုယူနိုင်ကြပါ စေ။ သမတကြိး လည်းဒိလိုဝန်ထမ်းရှိနေတယ်ဆိုတာမြင်နိုင်ပါစေ။

ရဲ၊ပုလိပ်တွေထဲမှာဒီလိုရိုးသားပြီးကိုယ်တာဝန်ကိုကိုယ်ကျေပွန်အောင်ထမ်းဆောင်တဲ့ ကိုခင်မြင့်မောင်လိုလူမျိုးရှိနေသေးလို့ အရမ်းအံသြရပါတယ်..
ကျန်တဲ့အားအားနေတောင်းစာချင်တဲ့ရဲတွေ၊ပုလိပ်တွေအတွက်နမူနာကောင်းတစ်ခုပေါ့

ဒီကောင်လေးကို ဖြတ်သွားဖြတ်လာ ၂နှစ်အတွင်း တွေ့ဖူးပါတယ် အများသူငါလို ချီးမွမ်းစကားလှလှ မသီကုံးတတ်လေတော့ ရိုးရိုးလေးသာ ဂုဏ်ပြုပါရစေ မင်းလိုလူ ရှားတယ်ငါ့ညီ။

ဝန်ထမ်းကောင်းပါ။ အားလုံးကသူ့ ကိုသိကြပါတယ်။ လေးစားပါတယ်။

လေးစားပါတယ်။ဝန်ထမ်းအားလုံး တာဝန်ကို စေတနာလေး ပေါင်းထည့်ပေးမယ်ဆိုရင် ........

တွေ့လား။၇ိုးသားကြိုးစား စေတနာထားတော့အများကချစ်ကြတယ်။ကျန်တဲ့သူတွေလည်း အတုယူကြ ငါ့၇ှင်တို့။

ကိုခင်မြင့်မောင် လို ၀န်ထမ်းတွေ လျှပ်စစ်ဌာနမှာ အများကြီးဘဲ။ အခုထိလည်း အဆဲအဆို၊ အထိုးအကြိတ် ခံနေရတုံးဘဲ။ မယုံရင် လျှပ်စစ်ဌာနကို ၀င် လုပ်ကြည့်။

ဒီလူနဲ့ဒီဌာနမတန်ဘူး အကိုတို့ကော
ဘယ်လိုမြင် လဲ။

ဘာလို့ မတန်တာလဲ။

မမှားဘူးတဲ့လူမရှိသလို ဘယ်အဖွဲ့အစည်းမှာမဆို မကောင်းတဲ့လူလဲ ပါလာတတ်တာဘဲ မကောင်းတဲ့ရဲအချို့ကြောင့်ရဲအားလုံးကို မကောင်းမပြောသင့်ဘူး ရဲအများစုဟာ အမိန့်နာခံတတ်ပြီး နစ်နာသူတွေဖက်က လိုက်ပါဆောင်ရွက်ပေးနေတာတွေ မှတ်တမ်းတွေမှာ အများကြီးပါ မကောင်းတဲ့ရဲတွေကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူခဲ့တာတွေလည်း ရှေးယခင်ခေတ်အဆက်ဆက်ရှိခဲ့တာ မသိကြလို့လား သိသိနဲ့အော်နေကြတာလား ကျနော့်စိတ်အထင်တော့ ရဲတွေကိုမကောင်းပြောနေသူတွေဟာ ဒုစရိုက်သမားတွေဘဲဖြစ်မယ် အမြင်ကျယ်ကျယ်နဲ့ကြည့်ကြလို့လိုပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်