Subscribe to our RSS Feed

(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲနှင့် (၄၇)ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနား ကျင်းပ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မိန့်ခွန်းပြောကြား

From : .. PO

(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲနှင့် (၄၇) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - (၁) (MICC - I) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသော  ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ  ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ၀န်ကြီးများ၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဇနီးများ၊ ပါပူဝါးနယူးဂီနီ၊ တီမောလက်စ်တေနှင့် မွန်ဂိုလီးယားနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ နော်ဝေနှင့် တူရကီနိုင်ငံတို့ မှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် လူအခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်ကိုယ်စားလှယ်များ၊ အာဆီယံ အဆင့်မြင့် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သံစုံတီးဝိုင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) တို့မှ ကျောင်းသားကျောင်းသူ များက အာဆီယံ သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ (၄၇) ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားနှင့် (၄၇) ကြိမ်မြောက်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ နှစ်စဉ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား တိုက်ဆိုင်မှု သည် အာဆီယံ သမိုင်းတွင် ထူးခြားသည့် တိုက်ဆိုင်မှုတစ်ရပ် ဖြစ်ပါကြောင်း။

လွန်ခဲ့သော (၄၇)နှစ်က အာဆီယံသည် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများမှ စတင်ခဲ့ပြီး ယနေ့တွင် အရှေ့တောင်အာရှဒေသတွင် ရှိသည့် နိုင်ငံ ၁၀ နိုင်ငံ ပါဝင်သည့် အဖွဲ့ကြီးတစ်ခုဖြစ်လာပါကြောင်း၊ ပထမဦးစွာ မိမိအနေဖြင့် မိမိတို့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် လွတ်လပ်မျှတသည့် သမ္မတရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

လွန်ခဲ့သည့် (၄၇) နှစ်အတွင်း အာဆီယံနိုင်ငံများသည် ဆင်းရဲနွမ်းပါးမှုများ၊ ပြည်တွင်း ပဋိပက္ခများ၊ စီးပွားရေး အကြပ်အတည်းများ၊ သဘာဝဘေးအန္တရာယ်များ၊ အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုများကို ရင်ဆိုင် ကြံ့ကြံ့ခိုင်ပြီး ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများသည် စုပေါင်းကြိုးပမ်းမှုနှင့် တစ်ဦးချင်းကြိုးပမ်းမှုများမှ ကမ္ဘာ့ အသိုက်အ၀န်း အတွင်းတွင် စုစည်းမှုရှိသော၊ စီးပွားရေးရှင်သန် တိုးတက်သော၊ လူမှုရေးအရ ကူညီစောင့်ရှောက် တတ်သော၊ နိုင်ငံရေးအရ ငြိမ်းချမ်းတည်ငြိမ်ပြီး သာယာဝပြောသော အသိုက်အ၀န်းထူထောင်မှုကို ကြိုးပမ်းနိုင်ခဲ့ကြပါကြောင်း၊ စစ်မက် ဘေးက ကင်းဝေးပြီး  အေးချမ်းတည်ငြိမ်မှုသည်  အာဆီယံ၏ အခြေခံသရုပ်လက္ခဏာ ဖြစ်ပြီး ငြိမ်းချမ်း တည်ငြိမ်မှုကြောင့်လည်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြည်သူများ၏  သာယာ ၀ပြောမှု ကို ဆောင်ကျဉ်းနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

အာဆီယံသည် ယခုဆိုလျှင် လူဦးရေ ၆၀၉ သန်းရှိသည့် ဈေးကွက်ကြီးဖြစ်လာပြီး စုစုပေါင်း ကုန်ထုတ်တန်ဖိုး GDP သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံမျှ ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အာဆီယံ၏ စီးပွားရေးတိုးတက်မှုသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊ ယူရိုငွေကြေးဈေးကွက်၏ အကြပ်အတည်းများကြားမှာပင် နှစ်စဉ် ပျမ်းမျှ ၅ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ပါကြောင်း၊ မကြာမီ အာဆီယံသည် တစ်ခုတည်းသော စရိုက်လက္ခဏာ၊ တစ်ခုတည်းသော မျှော်မှန်းချက်၊ တစ်ခုတည်းသော အသိုက်အ၀န်း ဆိုသည့် အာဆီယံ၏ ဆောင်ပုဒ်နှင့်အညီ အောင်မြင်သော ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုအဖြစ် ပေါ်ထွန်းလာတော့မည ဖ် ဖြစ်ပါကြောင်း။

ယင်းမျှော်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ၏ ယခုနှစ် ဆောင်ပုဒ်ကို ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီဟု သတ်မှတ်ခဲ့ပြီး ငြိမ်းချမ်းသာယာသည့် အာဆီယံအသိုက်အ၀န်း တစ်ရပ်ဆီသို့ မမှိတ် မသုန် ရှေးရှုပြီး ရှေ့သို့ ဆက်လက်ချီတက်ရန် တပ်လှန့် ခဲ့ခြင်း ဖြစ်ပါကြောင်း။

ယနေ့ ကမ္ဘာ့အခြေအနေများကို ကြည့်ပါက စိုးရိမ်မကင်းဖွယ် မတည်မငြိမ်မှု များစွာကို တွေ့ရပါကြောင်း၊ အာဆီယံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို စုပေါင်း ထိန်းသိမ်းနိုင်ရေးအတွက် အာဆီယံကို အခြေခံပြီး ဦးဆောင်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ နိုင်ငံရေးနှင့် လုံခြုံရေးမူဘောင်များကို အသစ်တစ်ဖန် စဉ်းစားသည့် နေရာ တွင်လည်း လက်ရှိမိမိတို့အားလုံး လိုက်နာ ကျင့်သုံးနေသည့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပါ အချက်များကို အခြေခံသင့်သည်ဟု ယူဆပါကြောင်း။

ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာဝပြောစေရန်အတွက် ဘာသာရေး၊ လူမျိုးရေး တို့တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ သဟဇာတမျှတမှု၊ သည်းခံစိတ်များ မြှင့်တင်မှုတို့ကို အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အစွန်းတရား များကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာနေထိုင်လိုမှု၊ မေတ္တာ၊ စေတနာစိတ်ထားကို လွှမ်းမိုးစေရမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်း တွင်လည်း ယင်းဝါဒများ ထွန်းကားလာမှုနှင့် နောက်ကွယ်အကြောင်း အရာများကို လေ့လာဖော်ထုတ်ဖြေရှင်းပေးသွား ကြရမည်ဖြစ်ပါကြောင်း။

သတင်းနှင့်အချက်အလက်နည်းပညာများကြောင့် ကမ္ဘာတစ်ဝန်း လွှမ်းခြုံပြန့်နှံ့မှု ဖြစ်စဉ်နှင့် အပြန်အလှန် မှီခို အကျိုးသက်ရောက်မှုများ ဖြစ်လာသည့်အချိန်တွင် အမုန်းတရားပွားများ စေမည့် သတင်းများကို လူနည်းစုက ဖြန့်ဝေလာသကဲ့သို့ ငြိမ်းချမ်းမှုကို လိုလားသည့် လူအများစုကလည်း ငြိမ်းချမ်းမှုနှင့် မေတ္တာတရားကို ပွားများစေမည့် သတင်းစကားများကို တုန့်ပြန်ပွားများစေရမည် ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ရှေ့သို့တူညီ တက်လှမ်းချီရာတွင် ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းသည် အာဆီယံအသိုက်အဝန်း ထူထောင်မှုပင် ဖြစ်ပါကြောင်း။

အာဆီယံအသိုက်အဝန်းထူထောင်မှုသည် လက်ရှိအခြေအနေတွင် (၈၀) ရာခိုင် နှုန်းမျှ ပြီးစီးနေပြီး လာမည့် (၁၇) လ အတွင်းတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ ၂၀၁၄ခုနှစ် မေလအတွင်းက ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်းတွင် နေပြည်တော်ကြေညာ စာတမ်းကို ထုတ်ပြန်ခဲ့ပြီး အာဆီယံ အသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းများကို မဆုတ်မနစ် တက်ကြွစွာ အကောင်အထည်ဖော်ကြရန် မိမိတို့၏ သန္နိဋ္ဌာန်ချမှု များကို ထပ်လောင်းအတည်ပြုခဲ့ကြပြီး ဖြစ်ပါကြောင်း။

အာဆီယံအတွက် ဒုတိယဦးစားပေးဆောင်ရွက်ရမည့် အချက်သည် အာဆီယံ၏ ဖွဲ့စည်းမှုကို ပိုမိုခိုင်မာစေရေးပင် ဖြစ်ပါကြောင်း၊ အာဆီယံကို ၂၀၀၈ ခုနှစ် အာဆီယံ ပဋိညာဉ်စာတမ်းအရ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် အဖွဲ့အစည်း တစ်ခုအဖြစ် အသွင်ပြောင်းခဲ့ရာတွင် အာဆီယံ၏ အဓိကအဖွဲ့အစည်းများ၏ ခိုင်မာမှု၊ အာဆီယံ အဖွဲ့အစည်း အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

အာဆီယံ၏ တတိယဦးစားပေးရမည့် အချက်သည် အာဆီယံသည် ပြောင်းလဲနေသည့် ကမ္ဘာ၏ ပကတိအခြေအနေများနှင့် တိုးတက်ဖြစ်ပေါ်လာသည့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ အနေအထားများနှင့်အညီ တုန့်ပြန်ပြောင်းလဲနိုင်စေရေး ဖြစ်ပါကြောင်း၊ သို့မှသာ အာဆီယံသည် နိုင်ငံတကာအသိုင်းအဝန်းအတွင်းတွင် အရေးပါပြီး ခိုင်မာသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ဤမျှော်မှန်းချက်သည် အာဆီယံကို ကမ္ဘာ့အမြင်ရှိသည့် အဖွဲ့အစည်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်း အတွင်းတွင် တက်ကြွနိုးကြားမှုရှိသည့် အဖွဲ့အစည်း ဖြစ်လာစေမည်ဖြစ်ပြီး စိန်ခေါ်မှုများကို လည်း ကျော်လွှားနိုင်စေမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်ကို ချမှတ်နိုင်မှုသည် များစွာ အရေးကြီးပါကြောင်း၊ အများပါဝင်နိုင်ပြီး ပြည်သူကိုဗဟိုပြုသည့် အာဆီယံသည် ကျယ်ပြန့်သည့် စီးပွားတိုးတက်မှုကို ရရှိရမည်ဖြစ်ပြီး အခွင့်အရေးနည်းပါးသည့် လူ့အဖွဲ့ အစည်းအစိတ်အပိုင်းများအထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကို ခံစားနိုင်စေ ရမည် ဖြစ်ပါကြောင်း၊ ဤမျှတသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် အာဆီယံ အနေဖြင့် အာဆီယံ ပေါင်းစည်းရေးဆိုင်ရာ ကြိုးပမ်းမှုနှင့် ဖွံ့ဖြိုးမှု ကွာဟမှုများ လျော့နည်းနေမှုများကို ကြိုးပမ်းခဲ့ကြပါကြောင်း၊ ထိုသို့သော ကြိုးပမ်းမှုများကြောင့် အဖွဲ့ဝင်နိုင်ငံသစ်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ အာဆီယံ၏ စုစုပေါင်း GDP တွင် ပါဝင်မှုနှုန်းသည် ၂၀၀၉ ခုနှစ်၌ (၆) ရာခိုင်နှုန်းမှ ၂၀၁၃ ခုနှစ်၌ (၁၂) ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို အားရဖွယ် တွေ့ရှိရပါကြောင်း။

အာဆီယံ၏ ပေါင်းစည်းမှု၊ တူညီသည့် အခွင့်အလမ်းများနှင့် အာဆီယံကို ပြိုင်ဆိုင်နိုင်စွမ်း ရှိသည့် ဒေသဖြစ်ပေါ်စေရန်ကိစ္စတွင် အထူးအရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ အာဆီယံဆက်သွယ်ရေး မဟာစီမံကိန်းကို မဖြစ်မနေ အကောင်အထည် ဖော်ကြရန် ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ရှေ့သို့တူညီ တက်လှမ်းချီရာတွင် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ကျော်လွန် သွားနိုင်ရေးကို ပြင်ဆင်ထားကြရန် ဖြစ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများအနက် ကမ္ဘာတစ်ဝှမ်းလုံးနှင့် အတူ ရင်ဆိုင်နေရသည့် ပြဿနာသည် ရာသီဥတုပြောင်းလဲမှုများနှင့် အလွန်အမင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုများပင် ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိအနေဖြင့် ပြီးခဲ့သည့် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အရေးယူဆောင်ရွက်သင့်သည့် အချက်များကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ အချက်များကို ဆက်လက်အကောင်အထည် ဖော်ပေး ကြရန် တိုက်တွန်းလိုပါကြောင်း။

ငြိမ်းချမ်းသာယာသည့် အာဆီယံအသိုက်အဝန်းဖြစ်ပေါ်စေရန်၊ အမြဲရှင်သန်နေသည့် အဖွဲ့အစည်းဖြစ်ပေါ်စေရန်၊ စီးပွားရေး အားဖြင့် ရှင်သန်သွက်လက်သည့် အဖွဲ့အစည်း ဖြစ်စေရန်၊ အာဆီယံပြည်သူများကို ဗဟိုပြုသည့် အာဆီယံ ဖြစ်စေရန်၊ နိုင်ငံတကာ အသိုက်အဝန်းအလယ်တွင် ဂုဏ်ယူတင့်တယ်စွာ ရပ်တည်နိုင်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန်၊ ရှေ့သို့တူညီ တက်လှမ်းချီကြရန် ယခုလို (၄၇) ကြိမ်မြောက် အာဆီယံအခါသမယတွင် အာဆီယံနိုင်ငံအားလုံးကို တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကား ပြောကြားရာတွင် အာဆီယံ သည် အာဆီယံအသိုက်အ၀န်း၏ စင်မြင့်သစ် အတွက် လက်တစ်ကမ်းအနေအထား၌ ရှိနေသည်ဖြစ်ရာ မိမိတို့၏ ရည်မှန်းချက်များ အချိန်မီပြည့်မီအောင် လုပ်ဆောင်ရန် အထူးအရေးကြီးပါကြောင်း၊ ယခုအချိန်သည် မိမိတို့၏ အတိတ်ကာလက ရရှိခဲ့သော ဂုဏ်သတင်းကို ပြန်လည်သုံးသပ်ရန် သာမက ပွင်းလင်းစွာ ပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်သည့် အပြင် မိမိတို့ အနာဂါတ်အတွက်ပါ အစီအစဉ်ချမှတ်ရမည့် အချိန်လည်းဖြစ်ပါကြောင်း။

ဤသည်မှာ ၂၀၁၅ခုနှစ်တွင် နိုင်ငံရေးအရ စည်းလုံးသော၊ စီးပွားရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရတာဝန်ယူသော အာဆီယံအသိုက်အ၀န်းတစ်ခု ပေါ်ပေါက်ရေးအတွက် မိမိတို့၏ စုပေါင်းအားထုတ်မှုများကို တွန်းအားပေးရန် ဖြစ်ပါကြောင်း။

မိမိတို့၏ အင်စတီကျူးရှင်းများနှင့် ပြည်ပဆက်ဆံရေးများ မြှင့်တင်ရန်အတွက် ပြန်လည်သုံးသပ်သော အာဆီယံ လုပ်ငန်းစဉ်များ ကောင်းစွာ တိုးတက်နေကြောင်းကို အထူးဝမ်းမြောက်စွာ အသိပေးလိုပါကြောင်း။

အာဆီယံအသိုက်အ၀န်း၏ အနာဂါတ်အတွက်  ၂၀၁၅ ခုနှစ် အလွန် မျှော်မှန်ျးက်ကို  ပုံဖော်ရာတွင် တိုးတက်မှုများ ရရှိနေမှုကြောင့် ၀မ်းမြောက်မှု ဖြစ်ရပါကြောင်း၊ ဤကြိုးပမ်းမှုများသည် မိမိတို့ပြည်သူများ၏ ဆန္ဒများအား ဖြည့်ဆည်းပေးရေးနှင့် အာဆီယံစည်းလုံး ညီညွတ်ရေးတို့အတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည် ပါကြောင်း။

အာဆီယံသည် အာဆီယံပဋိညာဉ်စာတမ်း၊ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် (TAC) နှင့် အရှေ့တောင် အာရှ နျူကလီးယားလက်နက် ကင်းရှင်းရေးဇုန် စာချုပ် (SEANWFZ Treaty) ကဲ့သို့သော အရေးပါသည့် နိုင်ငံရေးဆိုင်ရာ စာချုပ်စာတမ်းများကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ အများသဘော တူညီချက်ဖြင့် ဆုံးဖြတ်ချက်ချမှု၊ ညှိနှိုင်း တိုင်ပင်ရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ဆောင်ရွက်မှု၊ အားလုံးကြွယ်ဝချမ်းသာမှုတို့ ပါဝင်ပါကြောင်း၊ ယင်းတို့မှာ အာဆီယံ၏ အမှတ်သင်္ကေတများ ဖြစ်လာခဲ့သည့်အပြင် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အထောက်အကူပြုပါကြောင်း။

သို့သော်လည်း မိမိတို့၏ ကြိုးပမ်းမှုများသည် စိန်ခေါ်မှုများနှင့် မလွတ်ကင်းပါကြောင်း၊ ယနေ့ အာဆီယံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည် ရှုပ်ထွေးပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် နိုင်ငံအားလုံးနှင့် သက်ဆိုင်နေသော ကိစ္စများဖြစ်သဖြင့် ပိုမိုပြည့်စုံသော အဖြေများ ရရှိရန် လိုအပ်နေပါကြောင်း။

မိမိတို့၏ စုစည်းညီညွတ်မှုဖြင့် ပြောင်းလဲနေသော ဒေသဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေး ရှုခင်းများနှင့်အညီ အာဆီယံ၏ ခွန်အားကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း။

စုပေါင်းလုပ်ဆောင်မှုဖြင့် ရှေ့သို့ချီတက်ရာတွင် မိမိတို့သည် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ စည်ပင်သာယာဝပြောရေးနှင့် လူမှုရေးအရ သဟဇာတရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ အာဆီယံ၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက် ရေးနှင့် ခိုင်မာသော ပြည်ပဆက်ဆံရေးတို့အတွက် ကြိုးပမ်းရာတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြခြင်းဖြင့်  ကမ္ဘာကြီးနှင့်အတူ အပြုသဘော ပြောင်းလဲမှုအတွက် ဆက်လက် ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ် တို့သည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “ညီညွတ်သော အာဆီယံ” တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်