Subscribe to our RSS Feed

ငြိမ်းချမ်းရေး ဘာတွေ မှားနေသလဲ အပိုင်း (၁)




ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဘာကြောင့် မရသေးတာလဲ၊ ဘာတွေ နှောင့်နှေးနေတာလဲ၊ ဘာတွေမှားနေသလဲ အမှန်ကို လေ့လာသုံးသပ်ကြဖို့ အချိန်တန်ပါပြီ။ ငြိမ်းချမ်းရေးတစ်ခုတည်းကိုသာ ရှေးရှုပြီး ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်လိုပါတယ်။

အစဉ်အဆက် စစ်တပ်ကို လက်ညှိုးထိုးပြီး လူမျိုးကြီးဝါဒ တည်ဆောက်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်တွေ ဒီကနေ့ အသုံးမ၀င်တော့ပါဘူး။ တိုင်းပြည် မတိုးတက်အောင်၊ ပြည်သူတွေ မအေးချမ်းအောင် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့သူ အများစု အတ္တ အကျိုးစီးပွားအတွက် ခုချိန်အထိ တင်းမာနေတယ်လို့ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။

ဘာတွေမှားနေလဲ

ဒီကနေ့ မငြိမ်းချမ်းသေးတဲ့ နေရာဒေသတွေကို ကြည့်လိုက်ရင်

၁။ သယံဇာတ တစ်ခုမဟုတ် တစ်ခု ကြွယ်ကြွယ်၀၀ ထွက်ရှိတာတွေ့ရလိမ့်မယ်။

၂။ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုလုပ်နိုင်တဲ့ ဒေသတွေ ဒါမှမဟုတ် ပြည်ပကျောထောက်နောက်ခံ ရယူနိုင်တဲ့ ဒေသတွေဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီနှစ်ချက်ဟာ အဓိကပဲဖြစ်ပါတယ်။


ဒီသယံဇာတတွေ၊ ကုန်သွယ်ရေးလမ်းကြောင်း အချက်အခြာကျမှုတွေဟာ စစ်ဘုရင်ဝါဒကို
အဓွန့်ရှည်စေခဲ့တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တိုင်းရင်းသား တန်တူရေးတို့၊ကိုယ်ပိုင်ပြဌာန်းရေးတို့
ဆိုတာ စစ်ဘုရင်ဝါဒကို ဖုံးလွှမ်းထားတဲ့ မျက်နှာဖုံးတွေပဲဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရရှိသေးတဲ့အတွက် ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးတွေ၊ ဘိန်းတွေ ကမ္ဘာကို ပြန့်နေတာပဲဖြစ်တယ်။ ငြိမ်းချမ်းရေး အမှန်တကယ်ရရှိသွားပြီဆိုရင် ရွှေတြိဂံဒေသဟာ
ဘိန်းဘုရင်တွေရဲ့ ဘူမိနက်သန်မဖြစ်နိုင်တော့ပါဘူး။ ကမ္ဘာမှာ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံးစာရင်းထြဲ မန်မာနိုင်ငံပါဝင်နေတာဟာ ဒီစစ်ဘုရင်တွေရဲ့ မတော်လောဘကြောင့်လို့ပဲ
ပြတ်ပြတ်သားသား ထောက်ပြလိုပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ၊ သစ်တွေ၊ ကျောက်မျက်တွေ ထွက်တယ်။ ဒါတွေကို တရုတ်ကို မှောင်ခိုပို့ပြီးအောက်ဈေးနဲ့ ရောင်းစားကြတယ်။ ကချင်စစ်ဘုရင်ခေါင်းဆောင်တွေ တရုတ်ပြည်မှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ထားကြတယ်။ ဒီခေါင်းဆောင်တွေရဲ့ သားသမီးတွေက တရုတ်ပြည်က
တက္ကသိုလ်ကြီးတွေမှာ တက်နေကြတယ်။ ဒါတွေက ကချင်စစ်ပွဲကို ရှည်ညောင်းစေခဲ့တဲ့ အကြောင်းရင်း
ခံတွေပဲ။


ရှမ်းပြည်မှာဆိုရင်လည်း ဘိန်းထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံးက တိုင်းရင်းသားအရေးအမည်ခံထားတဲ့
အကျိုးစီးပွားကြီးရဲ့ ဇစ်မြစ်ပဲ ဖြစ်နေတယ်။ ဒီနေ့ခေတ်နောက်ပိုင်းမှာတိုင်းရင်းသားအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီရေးတွေကို အလေးထားပြီး လုပ်ဆောင်နေတာ အားလုံးမြင်တွေ့
နေရတယ်။ ဒီအတွက် သမ္မတကြီး ဦးသိန်းစိန်ကိုခရစ်ဒစ်ပေးရမယ်။ သူတက်လာကတည်းက ငြိမ်းချမ်းရေးတံခါး ပွင့်လာခဲ့တာ။ စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးတယ်။ စောင့်ဆိုင်းတယ်၊ ညှိနှိုင်းတယ်။

တိုင်းရင်းသားတွေဘက်ကိုကြည့်ရင် ပထမဆွေးနွေးပွဲမှာ Hot Issue တွေက တစ်မျိုး၊ နောက်တစ်ကြိမ်
ဆွေးနွေးပဲရောက်သွားရင် ခေါင်းစဉ်တွေက ပြောင်းသွားပြီ။ ဒါကဘာကိုပြနေသလဲဆိုရင် တချို့
တိုင်းရင်းသားအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးကိုတကယ်လိုချင်သလား၊ မလိုချင်ဘူးလားဆိုတာကို သိမြင်စေတယ်
လို့ပဲ ပြောချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုသွားဖို့ လုပ်နေတာက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသာဖြစ်ပြီးတော့ နောက်တစ်ဆင့်ရောက်ရင် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အခုငြင်းနေတဲ့ single text ကိုကြည့်ရင် စကားလုံးတစ်လုံးကို ဖက်တွယ်ငြင်းခုန်နေကြတာဟာ နိုင်ငံရေးအရ အသာစီးရရှိလိုမှုတွေကို အခြေခံပြီး ဖြစ်ပေါ်နေတာ ထင်ရှားပါတယ်။

အခုပြောနေတဲ့ ဖယ်ဒရယ်တပ်မတော်တို့၊ ဖယ်ဒရယ်ပြည်ထောင်စုတို့ဆိုတာက ရှင်းရှင်းပြောရရင် နောက်တစ်ဆင့်မှာလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဖြေရှင်းရမယ့် ပြဿနာသာဖြစ်တယ်။ အခု နှစ်ဘက်ညှိနှိုင်းလို့ မရဘူးဆိုရင် နောက်တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လက်မှတ်ရေးထိုးပြီး ဘယ်နှစ်ရက်အတွင်း၊ ဘယ်နှစ်လအတွင်း ကျင်းပရမယ်ဆိုတဲ့ အချက်တစ်ချက်တည်း ထည့်ထားရင်ပဲ ရပါပြီထင်ပါတယ်။

ဒါဟာ အခုမကြာသေးခင်ကမှ ညှိနှိုင်းပြီးစီးသွားတဲ့ လိုင်ဇာညီလာခံကို လေ့လာပြီး ပွင့်ပွင့်လင်းလင်း ပြောချင်တဲ့ စကားပဲဖြစ်ပါတယ်။လိုင်ဇာညီလာခံကို ကြည့်မယ်ဆိုရင်လည်း တစ်ဖွဲ့တစ်ဂါထာ ရွတ်နေကြတာ တွေ့ရတယ်။အဲဒီအထဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ငြိမ်းချမ်းရေးကိုအထူး လိုချင်တပ်မက်နေတာကိုပြသသွားခဲ့တာက တစ်ယောက်တည်းပဲရှိတယ်။
အဲဒါကတော့ KNU ခေါင်းဆောင်စောမူတူးစေးဖိုးပဲ။

KIA ကတော့ တစ်ခါလာ တစ်မျိုးပြောနေတာ တွေ့ရတဲ့အတွက် အမှန်တကယ် ငြိမ်းချမ်းရေး
လိုချင်စိတ်ရှိပါရဲ့လားစဉ်းစားစရာဖြစ်လာနေပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အနောက်နိုင်ငံတွေပါလာအောင် KIA က ဆွဲခေါ်နေလေတော့ ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာကိစ္စဖြစ်လာအောင် KIA ကလုပ်နေသလား တွေးစရာ ဖြစ်လာပါတယ်။

လွတ်လပ်သော ၀မ်ပေါင်နိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ စိတ်ထား အမှန်တကယ်ရှိနေတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း ဖွင့်ချဖို့လိုပါပြီ။တကယ်လို့ လက်မှတ် မထိုးချင်သေးဘူးဆိုရင်တော့
အပစ်အခတ်မရပ်စေချင်လို့ဆိုတဲ့ သဘောဖြစ်သွားပါပြီ။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီဆိုတဲ့ အချိန်မှာ KIA အနေနဲ့ စစ်သားစိတ်မွေးပြီး စစ်သားအချင်းချင်း ဖြေရှင်းကြရတော့မှာဖြစ်တယ်။ အဲဒီအချိန်မှာတော့ နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေ ဟိုအော် ဒီအော်မလုပ်ဖို့ အရေးကြီးပါတယ်။ လေးနှစ်နီးပါးစောင့်ဆိုင်းခဲ့တဲ့
ငြိမ်းချမ်းရေးကို ပယ်ချပြီး လှည့်ထွက်သွားရင်တော့ စစ်ကိုလိုလားလို့ဆိုတဲ့ သဘောမျိုး
ရောက်ရှိလာနိုင်ပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်း ထောက်ပြချင်တဲ့ အဓိက အချက်တစ်ခုကတော့ ဖယ်ဒရယ်တပ်မတော် ပြည်ထောင်စုတပ်မတော် ဘယ်လိုပဲ ခေါ်ဆိုကြပါစေ တပ်မတော်ဆိုတာ ဘယ်နိုင်ငံမှာမဆို တစ်ခုတည်းပဲ ရှိရပါလိမ့်မယ်။

၂၁ ရာစုမှာ လက်နက်ကိုင်မင်းမူကြီးစိုးမှုတွေ ဘယ်လိုနိုင်ငံမျိုးတွေမှာ ရှိနေလဲ၊ အဲဒီနိုင်ငံတွေ ဘယ်လို ကိန်းဆိုက်နေလဲဆိုတာ သုံးသပ်ကြည့်ရင် ရှင်းပါတယ်။ နှစ်ဦးနှစ်ဘက် ဘယ်လိုညှိနှိုင်းမှ လက်ခံမလဲဆိုတာ မပြောတတ်ပေမယ့် တပ်မတော်ဆိုတာ တစ်ခုတည်းပဲ ရှိရပါလိမ့်မယ်။

ဒီတစ်ကြိမ်ဟာ တပ်မတော်ဘက်က နောက်ဆုံး လိုက်လျောမှု ဖြစ်လိမ့်မယ်ဆိုပြီး
KNU က ဖထီးပြောသွားခဲ့တာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သတိထားဖို့ လိုပါတယ်....။


သုံးနှစ်ခွဲကျော် တွေ့ဆုံညှိနှိုင်းခဲ့တာကိုမှ အဆင်မပြေဘူး၊ နှစ်ဘက်သဘောတူညီမှု
မရသေးဘူးဆိုရင်တော့ မှားတဲ့ဘက်ကို ရှာကြရပါလိမ့်မယ်။

ခိုင်မာတဲ့ အာမခံချက်၊ ခိုင်မာတဲ့ ကတိက၀တ်ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အခြေခံဥပဒေထက်ပိုပြီး ခိုင်မာတဲ့ အာမခံချက် မရှိတော့ပါဘူး။

ဦးသိန်းစိန်ဘက်က ပြောကြားချက်တွေကိုကြည့်ရင် အပစ်ရပ်လက်မှတ်ထိုးမယ်၊
နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်၊ ပြီးတော့ အခြေခံဥပဒေပြင်မယ်ဆိုတဲ့ အဆင့် (၃)ဆင့်ကို နားလည်မိပါတယ်။ ပထမဆုံးအဆင့်ဖြစ်တဲ့ အပစ်ရပ်အဆင့်မှာကိုပဲ ဒုတိယအဆင့်က နိုင်ငံရေးဒီဘိတ်တွေဝင်လာနေတာ ရိုးသားပါရဲ့လား စဉ်းစားစရာ ဖြစ်နေပါတယ်။

၂၀၀၈ အခြေခံဥပဒေ မူဘောင်ဆိုတဲ့ စကားကြားတာနဲ့ တိုင်းရင်းသားခေါင်ေးဆာင်တစ်ချို့
ခါးခါးသီးသီး ခေါင်းတခါခါဖြစ်နေတာကိုလည်း အသေးစိတ် စဉ်းစားကြည့်ဖို့ လိုလာပါပြီ။

အခြေံခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ကတိက၀တ်ကို ဆုပ်ကိုင်ပြီး ၂၀၀၈ ကို အဆင့်ဆင့် မွမ်းမံပြင်ဆင်သွားဖို့က လက်တွေ့ကျမယ်ထင်ပါတယ်။


Myanmar Peace Center

ကြားထဲက ညှိနှိုင်းရေးတာဝန်ကို ရယူထားပါတယ်ဆိုတဲ့ Myanmar Peace Centerနဲ့ပါတ်သက်လို့ ပြောချက်နေတာတွေ ပြောလိုက်ပါရစေ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ရှင်းလင်းတဲ့အခါမှာ Peace Center က ပညာရှင်တွေက အဖွဲ့ပေါင်း ဘယ်လောက်ဆိုပြီး ပြောနေကြတာ တွေ့ရပါတယ်။ နောက်ထပ်လည်း ရခိုင် လက်နက်ကိုင်အဖွဲ့ဆိုပြီး ပရိုမိုးရှင်းလုပ်လာတာကို တွေ့ရှိရပါတယ်။ မူလက ခြေခြေမြစ်မြစ်မရှိတဲ့ တအောင်းပလောင်ဆိုရင် တိုင်းရင်းသားအခွင့်အရေးကြွေးကြော်ပြီး KNU လောက်နီးနီးဖြစ်လောအောင် Peace Center အကူအညီနဲ့ တည်ဆောက်နေပါတယ်။

စစ်အစိုးရ ဆင်းသွားတဲ့အချိန်မှာ လောက်လောက်လားလား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုလို့ KNUရယ် KIAရယ်၊ SSA ရယ် ဒါပဲ ရှိခဲ့တာပါ။ဒီနောက်ပိုင်းမှာ ဟိုကဆွဲခေါ်၊ ဒီကဆွဲခေါ် အဖွဲ့တွေ များသည်ထက်များအောင် Peace Center က လုပ်ခဲ့ပါတယ်။

အပိုင်း (၂) အား ဆက်လက်တင်ပေးသွားပါမည်။

2 comments:

Very much agree with this article, all are correct and right.

အကုန်လုံးတိုက်ပစ်လိုက်တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်