Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဥရောပသမဂ္ဂ၏ နိုင်ငံရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် လေဒီကက်သရင်း အက်ရှ်တန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဥရောပသမဂ္ဂ၏ နိုင်ငံရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် လေဒီကက်သရင်း အက်ရှ်တန် ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ- ဥရောပသမဂ္ဂဆက်ဆံမှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများတွင်အမြင် ချင်းဖလှယ်ခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း နိုင်ငံတော်သမ္မတက မြန်မာ- ဥရောပသမဂ္ဂဆက်ဆံရေး တိုးမြှင့်စေရန်အတွက် လေဒီကက်သရင်း အက်ရှ်တန်၏ ကြိုးပမ်းဆောင် ရွက် ခဲ့မှုများ အပေါ် အသိအမှတ် ပြုကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော် နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် လေဒီကက်သရင်း အက်ရှ်တန် ဦးဆောင်သောအဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland KOBIA လည်း တက်ရောက်သည်။

ဥရောပသမဂ္ဂသည် ၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု များကို တစ်နှစ်ဆိုင်းငံ့ ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လက သွားရောက်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ ဥရောပ ခရီးစဉ်တွင် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်ပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ပင် ကန့်သတ်မှုများကို ရုပ်သိမ်းပေးခဲ့ပြီး ဇူလိုင်လတွင် ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) များကို ပြန်လည်ပေးအပ်ခဲ့သည်။
နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ- အီးယူဖိုရမ်ကို ဇွန်လတွင် ကျင်းပခဲ့ပြီး ဇူလိုင်လတွင် မြန်မာနိုင်ငံအပေါ် ထောက်ခံကူညီအားပေးမည့် ကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေး စသည်တို့ကို ဖော်ပြထားသည့် အလုံးစုံမူဘောင် သတ်မှတ်ချက် (Comprehensive Framework) ကို ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် သံရုံးအဆင့် မြှင့်တင်ခဲ့ပြီး သံအမတ်ကြီး တစ်ဦးခန့်အပ်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး၊ လူစုလူဝေးအား စီမံခန့် ခွဲရေး၊ အရေးပေါ် အခြေအနေ ထိန်းသိမ်းရေးတို့အတွက်လည်း သင်တန်းများစီစဉ်ပေးလျက် ရှိသည့်အပြင် အရေးပေါ်အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုဌာနကိုလည်း ၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်က နေပြည်တော်တွင် ဥရောပသမဂ္ဂ၏ အကူအညီဖြင့် ဖွင့်လှစ်ခဲ့သည်။

လေဒီကက်သရင်း အက်ရှ်တန်သည် ၂၀၁၂ ခုနှစ် ဧပြီလနှင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တို့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ယခုအကြိမ် လာရောက်မှုသည် တတိယအကြိမ်ဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်