Subscribe to our RSS Feed

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပြည်တွင်းပြည်ပမှ မီဒီယာများ နှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်



အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အာဆီယံအစည်းအဝေးနှင့် ဆက်စပ်နေသော အစည်းအဝေးများသို့ တက်ရောက် ခဲ့ပြီးနောက် ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ The Lake Garden ဟိုတယ်ခန်းမ၌ ပြည်တွင်းပြည်ပမှ မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။
ဝန်ကြီးဂျွန်ကယ်ရီသည် မြန်မာနိုင်ငံခရီးစဉ် အတွေ့ အကြုံနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးသို့ ဦးတည် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများမှာ သိသာသော တိုးတက်အောင်မြင်မှုများရရှိနေသည်ကို မိမိတွေ့မြင်ရပါကြောင်း၊ ပြည်သူ့ဆန္ဒ နှင့်အညီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ထူးခြားစွာ အောင်မြင်နေသည်ကို အထင်အရှားတွေ့မြင်ရသော်လည်း မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးခြေလှမ်း များ ဆက်လက် တိုးတက်ဖြစ်ပေါ်လာအောင် ကြိုးပမ်းသွားရဦးမည်ဖြစ် ပါကြောင်း။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး ကြိုးပမ်းမှုများတွင် အစိုးရအဖွဲ့နှင့်အတူ မိမိတို့ ဆက်လက် ၍ လက်တွဲလုပ်ကိုင်သွားလိုပါကြောင်း၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် အဆုံးသတ်ကာ ငြိမ်းချမ်းရေးတည်ဆောက်ရန်လည်း အားလုံးက ဝိုင်းဝန်း ကြိုးပမ်းလျက်ရှိကြပါကြောင်း၊ မြန်မာနိုင်ငံ၌ အရပ်ဘက်အဖွဲ့အစည်း များဖွံ့ဖြိုးတိုး တက်ရေး၊ မီဒီယာသမားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက် ပေးရေး၊ တောင်သူ လယ်သမားများ မြေယာပိုင်ဆိုင်ခွင့်ရရှိရေး၊ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်သူတို့၏အခြေခံ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြပါကြောင်း။

ရခိုင်ပြည်နယ်နှင့် အခြားသောဒေသများ၌ ပဋိပက္ခ များဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားစေနိုင်ကြောင်း၊ အကြမ်းဖက်မှုများသည် ပြည်သူ တို့၏လုံခြုံရေးကို ထိခိုက်စေနိုင်ပြီး လူမှုရေးဘ၀ ကိုလည်း ခြိမ်းခြောက်ကာ အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကိုတုံ့နှေးသွားစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၌ လာမည့်နှစ်ရွေးကော်ပွဲကျင်းပရန် ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် အလွန်အရေးကြီးသော အချိန်ကာလ တစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်ပါကြောင်း၊ အားလုံးပါဝင် ခွင့်ရရှိနိုင်သောရွေးကောက်ပွဲ၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန်လိုအပ်ပါကြောင်း၊ ရွေးကောက် ပွဲကျင်းပပြီးနောက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုများ ဆက်လက်ဖြစ်ပေါ်ရေးမှာလည်း အရေးကြီးပါကြောင်း။

မိမိသည် မြန်မာနိုင်ငံ၌ ရှိနေစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ လွှတ်တော်ရှိ ရေးရာကော်မတီများ၏ဥက္ကဋ္ဌများ၊ လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း၊ ယင်းသို့ တွေ့ဆုံမှုများပြုလုပ်ခဲ့ရာတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ပိုမိုတိုးတက်အောင် အကောင်အထည် ဖော်လိုသော ဆန္ဒမွန်ကို ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ပါ ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီ အကြီးအကဲများ မကြာမီ ဝါရှင်တန်သို့လာရောက်၍ ကွန်ဂရက် လွှတ်တော်ကိုလေ့လာရန် မိမိကဖိတ်ခေါ် ခဲ့ပါကြောင်း။

မြန်မာနိုင်ငံသည် တိုးတက်မှုအလားအလာများ အထူး ကောင်းမွန်နေသည့်နိုင်ငံဖြစ်ပြီး သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်ပါကြောင်း၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ထူထောင် နေချိန်လည်းဖြစ်ပါကြောင်း။
ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် မျှော်မှန်းကာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်နေချိန်တွင် နိုင်ငံရေးအရ သဘောကွဲလွဲမှု များကိုစေ့စပ်ညှိနှိုင်းပြီး လက်တွဲကြိုးပမ်းကြရန် လိုအပ် ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၌ အမေရိကန်ပြည်ထောင်စုက မြန်မာပြည် သူများ ၏ မိတ်ဆွေနိုင်ငံအဖြစ် တတ်စွမ်းနိုင်သမျှ အကူအညီများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
မိမိသည် နေပြည်တော်၌ကျင်းပသော အာဆီယံအမေရိကန် ဝန်ကြီးအဆင့် အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) အစည်းအဝေး၊ မဲခေါင်မြစ်အောက်ပိုင်း အစီအမံဆိုင်ရာ မိတ်ဆွေများဝန်ကြီးအဆင့် အစည်းအဝေးတို့တွင် ပါဝင် တက်ရောက်ကာ ဆွေးနွေးခဲ့ပါကြောင်း။

ယခုအချိန်သည် အမေရိကန်ပြည်ထောင်စုက အာရှ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ပြုလုပ်နေချိန်ဖြစ်ပါ ကြောင်း၊ ခိုင်မာအားကောင်းသော ဒေသဆိုင်ရာအဖွဲ့ အစည်းအဖြစ် ရပ်တည်နိုင်ရန် ဦးတည်ရှေးရှုကာ လက်တွဲ ကြိုးပမ်းနေကြသည်ကို တွေ့မြင်ရပါကြောင်း။ ဒေသတွင်းဖြစ်ပေါ်နေသော ပြဿနာရပ်များကို အဖြေရှာရာတွင် အာဆီယံသည် အဓိကကျသော အခန်းကဏ္ဍမှရပ်တည်လျက်ရှိကြောင်း၊ ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့အတွက် ဒေသတွင်းနိုင်ငံများအားလုံးက လက်တွဲညီညီ ကြိုးပမ်းနေ ကြသည်ကို အလေးမူမိပါကြောင်း။

အာဆီယံခေါင်းဆောင်များနှင့် မိမိတွေ့ဆုံခဲ့ရာတွင် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲကြိုးပမ်းကြရန် အားလုံးက ထပ်လောင်းအတည်ပြု ခဲ့ကြပါကြောင်း။ အမေရိကန်ကုမ္ပဏီများသည် ဒေသတွင်းနိုင်ငံများ၌ ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နေကြပြီ ဖြစ်ကြောင်း၊ ပြည်သူများအတွက် အလုပ်အကိုင်များ တိုးတက်ဖန်တီးပေးနိုင်ရန် လိုအပ်ပြီး မြန်မာပြည်သူများ အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ရယူခံစားနိုင်ရန် ဦးတည်ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ကြရာတွင် ကျင့်ဝတ်သိက္ခာ ရှိရှိ တာဝန်သိသိဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင် ကြပြီး အစဉ်အမြဲ အခိုင်အမာရပ် တည်နိုင်သော စီးပွားရေး လုပ်ငန်းများဖြစ်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ပြည်သူတို့၏လူနေမှုဘ၀အဆင့်အတန်းမြင့်မား တိုးတက်ရေးကို အလေးပေးရန်လည်း လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်က မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်ကာ လက်တွဲဆောင် ရွက်ခွင့်ရရှိခြင်းကို မိမိအနေဖြင့် ဂုဏ်ယူမိပါကြောင်း။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးလုပ်ငန်းမှာ အလွန်အရေးကြီးလှပြီး အမေရိကန်ပြည်ထောင်စုသည် အာဆီယံနှင့်အတူ ရာသီ ဥတုပြောင်း လဲမှုပြဿနာကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများကို ဒေသဆိုင်ရာ နိုင်ငံများနှင့်အတူ မိမိတို့ လက်တွဲအကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း။ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ အလေးအနက်ပြုကာ ဆွေးနွေးခဲ့ကြပါကြောင်း၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာ ရန်လိုအပ်ပုံကို မိမိတို့ ကျယ်ကျယ်ပြန့်ပြန့်အမြင်ချင်းဖ လှယ်ခဲ့ကြပါကြောင်း၊ တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွားမှုနှင့်ပတ်သက်၍ ကျင့်ဝတ်စည်းမျဉ်းများ လိုက်နာကျင့်သုံးရန်လိုအပ်ပြီး နိုင်ငံတကာဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတကာခုံရုံး၏အဆုံးအဖြတ်ကို ရယူဆောင်ရွက်ရန်၊ ငြိမ်းချမ်းသော နည်းလမ်းဖြင့် စေ့စပ်ဆွေးနွေးဖြေရှင်းကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ မိမိတို့ ဆွေးနွေးခဲ့ကြပါကြောင်း၊ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား လက်နက် ကင်းရှင်းရေးဇုန်အဖြစ် ထူထောင် နိုင်ရန် ဦးတည်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်အညီ လုပ်ကိုင်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။ မိမိ၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ မြန်မာအစိုးရအဖွဲ့အား သမ္မတ ဘာရတ်အိုဘားမား ကိုယ်စား လည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း ကျေးဇူးတင်ရှိ ပါကြောင်း၊ သမ္မတအိုဘားမားသည် လာမည့် နိုဝင်ဘာလတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက် ရန် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ပြည်တွင်းပြည်ပမှ သတင်းထောက် များ၏မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်