Subscribe to our RSS Feed

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး ရန်ကုန်မြို့တွင် ဖွင့်လှစ်



မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Centre Point Tower ကိုးထပ်တွင် သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက ကျင်းပရာ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.John Baird၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Mr.Mark McDowell နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အဆိုပါ အခမ်းအနားတွင် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံရုံးကို မြန်မာနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်ခြင်းသည် ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ရေရှည်ဆက်ဆံရေးအတွက် ရည်မှန်းထားမှုကို ပြသရာရောက်ကြောင်း၊ ကနေဒါနိုင်ငံ အနေဖြင့် အာဆီယံ မိတ်ဖက်နိုင်ငံများအပေါ် လေးနက်သော ရည်ရွယ်ချက်ကိုလည်း ဖော်ပြပေးရာ ရောက်ကြောင်း၊ ကနေဒါနှင့် မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုရှိသော၊ စနစ်တကျဖြစ်သော ဒီမိုကရေစီမူဝါဒများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မှုအပေါ် အလေးထားခြင်း ဖြစ်ပါကြောင်း၊ ကနေဒါနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်းမှတ်ကျောက် တစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပါဝင်ကူညီရန် အဆင်သင့်ဖြစ်ပါကြောင်း။ ထို့ပြင် ကနေဒါနိုင်ငံ၏ နိုင်ငံတကာ တိုးတက်မှုဆိုင်ရာ ဝန်ကြီးဌာနမှ မြန်မာနိုင်ငံအား နိုင်ငံတကာ ထောက်ပံ့မှုအစီအစဉ်၏ အဓိကနိုင်ငံ တစ်နိုင်ငံအဖြစ် ရွေးချယ်ထားကြောင်း၊ နည်းပညာနှင့် စွမ်းဆောင်ရည်များ တာဝန်သိ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး လုပ်ငန်းများတွင် ကနေဒါနိုင်ငံအနေဖြင့် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့် ဖြစ်ကြောင်း၊ ကနေဒါနှင့် မြန်မာနိုင်ငံသည် ဆယ်စုနှစ် နှစ်ခုကြား သံတမန်ဆက်ဆံမှု မရှိခဲ့သော်လည်း နှစ်နိုင်ငံကြား ရင်းနှီးခဲ့သော သမိုင်းကြောင်း ရှိပါကြောင်း၊ ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးအား ၁၉၇ဝ ပြည့်နှစ်အတွင်း ကနေဒါနိုင်ငံမှ ဆောက်လုပ်ပေးခဲ့ပြီး သာကေတ တံတားကိုလည်း တည်ဆောက်ပေးခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အရင်းအမြစ် ကဏ္ဍများတွင် ကူညီမှုများ ရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံး ဖွင့်လှစ်ပြီးနောက် ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် ပိုမိုတိုးတက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က ကနေဒါနိုင်ငံသံရုံးကို မြန်မာနိုင်ငံတွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်း အတွက် ဝမ်းမြောက် ကြိုဆိုကြောင်း ပြောကြားသည်။ ထို့နောက် ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr.John Baird၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး Mr.Mark McDowell တို့က သံရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်