Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်ရန် ကနေဒါနှင့် အမေရိကန်တို့ အကူအညီပေးရန်အသင့်ရှိ


 မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် အရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှု၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်တို့ အတွက် အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့က ကူညီပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဩဂုတ် ၉ ရက်နေ့က ပြုလုပ်သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဒုတိယနေ့ အစည်းအဝေး ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။

“သမ္မတကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေနောက် ကြောင်းပြန်လှည့်စရာမရှိဘဲ ရှေ့ ဆက်သွားဖို့ရှိတယ်လို့ ပြောခဲ့တယ်။
ယူနတီဂျာနယ်ကသတင်းသမားတွေ အရေးယူခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကို သမ္မတကြီးက ရှင်းပြပါတယ်။ ဂျွန်ကယ်ရီကတော့ အမေရိကန် ကွန်ဂရက်က ကိုယ်စားလှယ်အချို့နဲ့ အမေရိကန် ပြည်သူတွေက မြန်မာ့အရေးကိစ္စကို တကယ်စိတ်ဝင်စား နေကြတယ်။ မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲရေး လုပ်ငန်း အောင်မြင်မှုကို အမေရိကန်နိုင်ငံအနေနဲ့ ချီးကျူးတယ်။ အသိအမှတ်လည်းပြုတယ်။ တစ်ဖက်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေရှိနေတဲ့အတွက်ကြောင့် ဖြေရှင်း နိုင်ဖို့အတွက် အမေရိကန်နိုင်ငံအနေ နဲ့လည်း တတ်နိုင်သမျှ ကူညီပေးသွားမည်လို့ပြောခဲ့ပါတယ်” ဟု ၎င်း က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအား အမေရိကန် အပါအဝင် နိုင်ငံတကာကပါဝင်ပူး ပေါင်းဆောင် ရွက်ပေးရန် စိတ်ဝင်စား လျက်ရှိနေပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘတ်က သမ္မတ ကြီးနဲ့တွေ့ဆုံစဉ် ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူ အညီပေးရာတွင် အထူးဦးစားပေး နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါကြောင်း၊ မြန်မာနိုင်ငံ၌ လူထုအခြေ ပြုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက် စေရန်၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် အကူအညီ ပေးရန်၊ လူကုန်ကူးမှုတားဆီးရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲရေး၊ နယ်စပ် ဖြတ်ကျော် မှုခင်းကိစ္စရပ်များတွင် အကူအညီပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကနေဒါနိုင်ငံအနေဖြင့် နောက်နှစ်တွင် ပြုလုပ်ကျင်းပမည့် မြန်မာ နိုင်ငံ၏ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ များတွင် အကူအညီပေးရန်အ သင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးများကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်သွားနိုင် ရန်အတွက် အကူအညီပေးဖို့ရှိ နေပါကြောင်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံတော် သမ္မတကြီးအားပြောကြားခဲ့သည်။

(၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ဩဂုတ် ၉ ရက် ဒုတိယနေ့အဖြစ် အာဆီယံ-ကိုရီးယား ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ ဝန်ကြီးအဆင့် အစည်အဝေး၊ အာဆီယံ- တရုတ် ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ- ရုရှား ဝန်ကြီးအဆင့် အစည်အဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ - ဥရောပ ဝန်ကြီးအဆင့် အစည်အဝေး၊ အာဆီယံ-ဂျပန် ဝန်ကြီးအဆင့် အစည်အဝေး၊ (၇) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံ ဝန်ကြီးအဆင့် အစည်အဝေး၊ (၄) ကြိမ်မြောက်မဲခေါင်မြစ်အောက်ပိုင်း အစီအမံ၏ မိတ်ဆွေများ ဝန်ကြီးအဆင့် အစည်အဝေးများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) ၌ ကျင်းပခဲ့သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်