Subscribe to our RSS Feed

အာဆီယံ အသိုက်အဝန်းကို ၂၀၁၅ ခုနှစ်ကုန်တွင် အပြည့်အဝ ဖော်ဆောင်နိုင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

From : ..the voice


အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး ပါဝင်သော အာဆီယံအသိုက်အဝန်းကို လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲတွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။ အာဆီယံ အသိုက်အဝန်းတွင် အာဆီယံ လုံခြုံရေးနှင့် နိုင်ငံရေး အသိုက်အဝန်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်း ကဏ္ဍကြီးသုံးရပ် ပါဝင်ပြီး ယင်းကဏ္ဍကြီး သုံးရပ်ကို လာမည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ရန် အာဆီယံနိုင်ငံများ အားလုံးက သဘောတူညီထားကြသည်။ “အာဆီယံ အသိုက်အဝန်း ထူထောင်မှုဟာ လက်ရှိအခြေအနေမှာ ၈၀ ရာခိုင်နှုန်းမျှ ပြီးစီးနေပါပြီ။ လာမယ့် ဆယ့်ခုနစ်လ အတွင်းမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု နိုင်ငံတော် သမ္မတက ဆိုသည်။ အဆိုပါ ဖွင့်ပွဲတွင် အာဆီယံအဖွဲ့ကြီးက လုပ်ဆောင်နေသော အဓိက ဦးစားပေး လုပ်ငန်းစဉ်များကို အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာနိုင်ငံက တင်ပြရာ၌ ပထမ ဦးစားပေးအဖြစ် အာဆီယံ အသိုက်အဝန်း ထူထောင်မှု၊ ဒုတိယ ဦးစားပေးအဖြစ် အာဆီယံဖွဲ့စည်းမှု ခိုင်မာစေရေး၊ တတိယ ဦးစားပေးအဖြစ် ကမ္ဘာ့အရေးနှင့် ဒေသတွင်း နိုင်ငံတကာရေးရာများ ပြောင်းလဲတိုးတက်နေမှုကို လိုက်လျော တုံ့ပြန်နိုင်စေရေးတို့ သတ်မှတ်ထားကြောင်း သမ္မတက ထည့်သွင်း ပြောကြားသွားသည်။ ယခု ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြင် ၂၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း ဖိုရမ်၊ ၄ ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံနှင့် မိတ်ဖက် နိုင်ငံများ သီးခြား တွေ့ဆုံပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ အာဆီယံအဖွဲ့တွင် အဖွဲ့ဝင် ၁၀ နိုင်ငံ၊ လူဦးရေ သန်းပေါင်း ၆၀၉ သန်းကျော်နှင့် တစ်နှစ်လုံး ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံခန့် (၂၅၀၀ ဘီလီယံ) ရှိကြောင်း သတင်းရရှိပါသည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်