Subscribe to our RSS Feed

လူတန်းစားတိုက်ပွဲမှိုင်းတိုက်၍ “ဂ”ငယ်ကွေ့ ဖြစ်လာနိုင်

From : .. PP™


မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် NLD နှင့် ၈၈ တို့ကြောင့် အဆိုးဘက်သို့ ဦးတည်ကာ ၂၀၁၅ မတိုင်မီ “ဂ”ငယ်ကွေ့ ကွေ့သွားနိုင်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးက ခန့်မှန်းပြောကြားလိုက်သည်။

“အခုအချိန်က နိုင်ငံရေးဘက်ကို ကြည့်လိုက်ရင် တင်းမာတာတွေ အများကြီး ရှိနေတယ်။ ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်လိုက်ရင် NLD နဲ့ ၈၈ တွေက ဆူပူအုံကြွမှုတွေ ပြုလုပ်နိုင်ဖို့ မျိုးစေ့လေးတွေ ချထားတာ အညှောင့်လေးတွေ ထောင်နေပြီ။ လယ်သမားဘက်မှာရော၊ အလုပ်သမား ဘက်မှာရော။ ကျောင်းသားတွေဘက်မှာရော။ လူထုကို အခြေပြုထားတဲ့ အုံကြွမှုကို ပုံဖော်ထားတယ်။ ဒါက သိပ်ကြောက်စရာ ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ ဦးတည်ချက်က ပြည်သူ့အကျိုး မဟုတ်ဘူး။ ခု အနေအထားက ၈၈ နဲ့ မတူတော့ဘူး။ ၈၈ ဆိုတာက ကိုယ်တို့ ဗကပက သေသေချာချာ ဗျူဟာဆွဲပြီး ချခဲ့တာ။ မဆလပြုတ်ကျဖို့အဓိကပဲ။ အခု NLD နဲ့ ၈၈ ရဲ့ ဦးတည်ချက်ကို ကြည့်ရင် ဒေါ်စု သမ္မတ ဖြစ်ရေးတစ်ခုတည်းကိုပဲ တည်ထားတယ်။ လူထုအကျိုး မဟုတ်ဘူး။ ရှင်းရှင်း ပြောရရင် ဒေါ်စု သမ္မတ မဖြစ်ရင် ဒီနိုင်ငံ ဘာဖြစ်မလဲ။ သမ္မတ ဖြစ်ရင် ဘာဖြစ်မလဲ။ သေသေချာချာ စဉ်းစားကြည့်ဖို့ လိုတယ်။ သူ သမ္မတ ဖြစ်လည်း ချက်ချင်းကြီး ပဒေသာပင် ပေါက်လာမှာ မဟုတ်ဘူး။ သခင်စိုး ပြောထားတာက ကုန်ထုတ်သတ္တိကို မြှင့်တင်ပြီး လူတန်းစားကွာဟချက်ကို လျှော့ချဖို့။ သခင်သန်းထွန်းပြောတာက စနစ်ကို မြေလှန်ပစ်ဖို့ မတူဘူးနော်။ ကိုယ်တို့က သခင်စိုး အုပ်စုထဲမှာပါတယ်။ အစိုးရတစ်ရပ် လူထုကို ဦးတည်လာပြီ ဆိုရင် ပေါ်လစီကို ပြောင်းလဲလာအောင် ကစားလို့ ရတယ်။ အခု ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ အုပ်စုက ပေါ်လစီကို ဖွင့်ပေးထားတယ်။ ဒါကို ဒီမိုကရက်တွေ အကျိုးရှိရှိ သုံးနိုင်ဖို့ လိုတယ်” ဟု ဗကပဟောင်းတစ်ဦးက ပြောသည်။

“၈၈ မှာ ဒို့ လုပ်ခဲ့တာက ယူဂျီတွေ ကြိုပြီး ချိတ်ဆက်စုဆောင်းရတာ။ အခု NLD နဲ့ ၈၈ တွေက အိုဂျီတွေနဲ့ ချလို့ ရနေပြီ။ ဆိုလိုတာက မြေအောက်တော်လှန်ရေး လုပ်စရာ မလိုတော့ဘူး။ ဒါကို သူတို့က မြေပေါ်နိုင်ငံရေးကို မြေအောက်တော်လှန်ရေး အတွေးအခေါ်နဲ့ လုပ်နေကြတာ မြင်ရတော့ စိတ်ပျက်ဖို့ သိပ်ကောင်းတယ်။ အညမည ဆိုတာ အဲဒါကို ပြောတာ။ ပါတီတွေနဲ့ လူ့အဖွဲ့အစည်းကြားက အမှီသဟဲ ပြုမှုဆိုတာ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်ပေါ်မှာ မူတည်နေတယ်။ ခု မြင်ရတဲ့အတိုင်း ပြောရရင် လွှတ်တော်နိုင်ငံရေးနဲ့ မြေပေါ်နိုင်ငံရေးခေတ်ကြီးထဲမှာ မြေအောက်တော်လှန်ရေး သမားတွေ များနေတယ်။ ၈၈ တွေ နိုင်ငံရေးသဘောတရား ဘယ်လောက်ပြည့်ဝပြီလဲ။ ဒေါ်စုနဲ့ NLD ဘာတွေ လုပ်ပြခဲ့ပြီးပြီလဲ။ ၂၁ ရာစုမှာ ၈၈ အရေးအခင်းမျိုးကို အားသန်နေတာပဲ တွေ့ရတယ်။ NLD အမတ်တွေရဲ့ အရည်အချင်းက လွှတ်တော်ထဲမှ သိပ်သိသာတယ်။ ထိုးထွက်မလာဘူး။ တစ်ယောက်ပဲ ရှိရှိ နှစ်ယောက်ပဲရှိရှိ NLD ဆိုတာ ဒါမျိုးကွ ဆိုတဲ့ အမတ် မတွေ့ရဘူး။ ဒါက ဘာကို ဖော်ပြနေသလဲ ဆိုရင် တက်ကြွလှုပ်ရှားတာနဲ့ နိုင်ငံရေးနဲ့ မကွဲပြားဘူး။ NLD ရော ၈၈ ရော ဒီကနေ့အထိ နှစ်ပေါင်း ၂၀ ကျော်မှာ နိုင်ငံရေး ဆိုတာ မလုပ်ခဲ့ဖူးဘူး။ တက်ကြွလှုပ်ရှားတာတွေပဲ လုပ်လာခဲ့တာ။ အစိုးရကို ဆန့်ကျင်ပြတာ၊ ဆန့်ကျင်ရဲတာ၊ ဆန့်ကျင်နေတာ နိုင်ငံရေး မဟုတ်ဘူး။ NLD ရော ၈၈ ရော ဒါကို နားမလည်သေးဘူး” ဟု ၄င်းက ဆိုသည်။

“ဒီပုံအတိုင်း ဆိုရင် ၂၀၁၅ မတိုင်ခင် လူထုလမ်းပေါ်ထွက်တာတွေ လုပ်လာလိမ့်မယ်။ အခြေအနေအရ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ဘူး။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒေါ်စုက စွန့်လွှတ်နိုင်မလား။ သူလည်း မဖြစ်ရင် မဟာအရှက်တော် ကွဲမယ်။ အရှက်ကွဲမခံနိုင်ရင် လူထုကို လမ်းပေါ်တင်ဖို့ပဲ လုပ်တော့မယ့် သဘော မြင်နေရတယ်။ ၈၈ ရော NLD ရော လမ်းပေါ်တင်ပြီးရင် ဘာဖြစ်လာမလဲ ခုထိ စဉ်းစားထားတာ မရှိသေးဘူး။ သူတို့ကို လမ်းပေါ်တင်ခဲ့တဲ့ ဒို့ ဗကပတွေတောင် ၈၈ မှာ အကြမ်းဖက်တာတွေ၊ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာတော့ ဘယ်လိုထိန်းရမှန်း မသိတော့ဘူး။ မထိန်းနိုင်တော့ဘူး။ အစက ဒေါ်စုကို တင်လိုက်ရင် ငြိမ်သွားမယ် ထင်တာ မရဘူး။ ခု အခြေအနေက ၈၈ ထက် ပိုပြီး ဆိုးနိုင်တယ်။ လူမျိုးရေး၊ ဘာသာရေး ထိပ်တိုက်တွေ့နေတာတွေက အကင်းမသေသေးဘူး။ ပြီးတော့ လူထုက အကြမ်းဖက်မှုတွေမှာ လက်ယဉ်သလိုမျိုးကို ဖြစ်နေတာ။ ဒီအချိန်မှာ NLD နဲ့ ၈၈ က လူထုကို လမ်းပေါ်တင်လိုက်ရင် တိုင်းပြည် ငါးပါးမှောက်သွားလိမ့်မယ်။ သေချာတယ်။ တစ်နိုင်ငံလုံး သွေးချောင်းစီးတော့မယ့် အနေအထားကို ရောက်လာနိုင်တယ်” ဟု ၄င်းက ပြောသည်။

“ဒါဆို ဘာဆက်ဖြစ်မလဲ ပြောရရင်တော့ စစ်တပ်က မဖြစ်မနေ ထိန်းရတော့မယ်။ ဒီတစ်ခါ ထိန်းပြီးရင် ထိုင်းပုံစံလိုမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါမှ တကယ် “ဂ”ငယ်ကွေ့ ကွေ့သွားမှာ။ ဒီလို ဖြစ်လာရင် တရားခံက NLD နဲ့ ၈၈ ဖြစ်လာလိမ့်မယ်။ သူတို့ အမြင်ကျယ်ဖို့ လိုတယ်။ သူတို့ အမြင်ကျဉ်းပြီး ကိုယ်ကျိုးစီးပွား အလေးပေးရင် ကျိန်းသေပေါက် နောက်ကြောင်း ပြန်လှည့်တော့မယ်။ ဒါဆိုရင် စစ်တပ်က စဉ်းစားရတော့မယ်။ ဒီမိုကရေစီကို ခုလိုမျိုး လမ်းဖွင့်ပေးလိုက်တဲ့အခါမှာ သတ်ဖြတ်တာတွေ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဒီလို ဖွင့်လို့တော့ မရတော့ဘူး။ ဘယ်ပုံစံသွားမလဲ ဆိုရင် ခု ထိုင်းသွားနေတဲ့ လမ်းကြောင်းကိုပဲ ပြန်သွားမှ ဆိုတာမျိုး ဖြစ်လာလိမ့်မယ်။ ထိုင်းနဲ့ မြန်မာက နိုင်ငံရေး ယဉ်ကျေးမှုချင်း တူတယ် လို့ ပြောလို့ရတယ်” ဟု ၄င်းက သုံးသပ်ပြောကြားသည်။

“၈၈ ထက်ပိုပြီး ကောင်းနေတာက တိုင်းရင်းသားတွေနဲ့ အပစ်ရပ်နိုင်ဖို့ လုပ်နေတာပဲ။ ဒို့တုန်းက လက်နက်ကိုင်တွေကို ချိတ်ဆက်ပြီး စည်းရုံးလို့ရတယ်။ ဒါ့ကြောင့် ဗိုလ်သိန်းစိန်က တိုင်းရင်းသားတွေကို စည်းရုံနေတာ ဖြစ်နိုင်တယ်။ တကယ်လည်း ငြိမ်းချမ်းရေး လိုချင်တာလည်း ပါလိမ့်မယ်။ ဗိုလ်သိန်းစိန်က အမျိုးသားညီလာခံကို တောက်လျှောက် တာဝန်ယူလာတော့ တိုင်းရင်းသားကိစ္စတွေ သိပ်ပြီး အလေးထားတာ တွေ့ရတယ်။ ခုချိန်ကတော့ ပြောရရင် အချိန်ကောင်းပဲ။ NLD နဲ့ ၈၈ မိုက်လုံးမကြီးဖို့ပဲ ဆုတောင်းရမယ်။ ဒို့နိုင်ငံက ကံဆိုးတယ် ပြောရမယ်။ နိုင်ငံရေးသမားတွေက ရင့်ကျက်မှု၊ အမြော်အမြင် ရှိမှု သိပ်နည်းတယ်။ အခု လူတန်းစား ပဋိပက္ခတွေကို သွေးထိုးနေတာ NLD နဲ့ ၈၈ ကအဖွဲ့တွေ။ ဒါမျိုးက မီးနဲ့ ကစားတာမျိုး ဖြစ်နေတယ်။ လူတန်းစား တိုက်ပွဲကို တော်ရုံတန်ရုံ အင်အားနဲ့ ဖန်တီးဖို့ မကြိုးစားလေနဲ့။ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။ သူတို့ ဒါတွေကို နားမလည်ဘူး။ ဒို့တုန်းက လူတန်းစားတိုက်ပွဲကို ရှေ့တန်းတင်လို့ တိုင်းပြည် ပြည်တွင်းစစ်ထဲ ရောက်ခဲ့ရတယ်။ နှောင်းလူတွေ ဒါတွေကို သင်ခန်းစာ ယူဖို့ ကောင်းတ.်။ NLD နဲ့ ၈၈ တွေ ဂငယ်ကွေ့ မကွေ့ရအောင် ၀ိုင်းထိန်းမယ့် လူလည်း မရှိဘူး။ အနောက်အုပ်စုကတော့ မြှောက်ပင့်ပေးနေမှာပဲ။ ပြည်သူကိုပဲ အားကိုးရမယ်။ ပြည်သူတွေ အသိအမြင် ပွင့်လာအောင် ဖွင့်ပေးမှပဲ ရတော့မယ်။ လူထုကို လူတန်းစားတိုက်ပွဲမှိုင်းတိုက်ရင်တော့ အမှားကြီးမှားလိမ့်မယ်” ဟု ၄င်းက ပြောသည်။

.. www.MyanmarExpress.net
 

2 comments:

This analysis seems to come from a very experienced and mature old politician.

ညီလေးမင်းကိုနိုင်နဲ့ ညီမလေးစု ...ငါတို့ ရွာကိုတော့ ဒုက္ခမပေးပါနဲ့ ကွာ ...။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်