Subscribe to our RSS Feed

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

From : ..  Mirror


 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများ၊ လွှတ်တော်များသည် ဥပဒေပြုရေး၊ မဏ္ဍိုင်ကြီး(၃)ရပ်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းရေးကိစ္စရပ်များကို အဓိကထားဆောင်ရွက်နေသည့်နည်းတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပါတီ(၁၉)ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ ဦးစားပေးဆောင်ရွက်နေမှုများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်အပါအဝင် အဖွဲ့အစည်းအသီးသီး ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ် တိုးတက်မှုရှိစေရန် အမေရိကန်ပြည်ထောင်စုမှ အကြံဥာဏ်များနှင့် ထိုက်သင့်သော အားပေးကူညီမှုပြုရေးကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဌေး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကြည်ထွဋ်ဝင်းနှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်လည်း တက်ရောက်သည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်