From : The Myanmar Age
လွန်ခဲ့သော လေးနှစ်က အစိုးရမှ သေနတ် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု ကြေငြာခဲ့သည့် မက္ကဆီကို မူးယစ်ဆေးဝါး ရာဇာ နဇာရီရိုမိုရီနို ဂွန်ဇာလတ်မှာ သေဆုံးပြီး ဖြစ်ကြောင်း မက္ကဆီကန် အစိုးရမှ တနင်္ဂနွေနေ့တွင် ကြေငြာခဲ့သည်။
အယ်လ်မာဆို ဟုလည်း ခေါ်ဆိုကြသည့် မိုရီနို (အသက် ၄၄ နှစ်) သေဆုံးမှုမှာ ရှုပ်ထွေးပွေလီလှသည့် မက္ကဆီကို၏ မူးယစ်ဆေးဝါး စစ်ပွဲများ အကြောင်းကို တစ်စွန်းတစ်စ ဖော်ပြလျှက် ရှိသည်။ မီချိုအာကန် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ ပြီးနောက် တွေ့ရှိခဲ့သော ကိုယ်ခန္ဓာမှာ မိုရီနို ဖြစ်ကြောင်း မက္ကဆီကို မြို့တော် အာဏာပိုင်များက ပြောကြားခဲ့သည်။
မိုရီနို ဖြစ်ကြောင်းကို လက်ဗွေရာများက သက်သေခံနေသော်လည်း ဆက်လက် စစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗဟို ရှေ့နေချုပ်ရုံး လက်အောက်ရှိ ရာဇဝတ်သားများ စုံစမ်းရေး ဌာန အကြီးအကဲ တိုမတ်စ်ဇီရွန်မှ ပြောဆိုခဲ့သည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရမှ ဗဟိုရဲတပ်ဖွဲ့နှင့် ပတ်ခတ်မှုအတွင်း သေဆုံးကြောင်း ပြောဆိုခဲ့ချိန်၌ မိုရီနိုမှာ La Familia မူးယစ်ဆေးဝါး ရောင်းဝယ်ရေး အဖွဲ့ကို ဦးဆောင်နေချိန် ဖြစ်သည်။ ကိုယ်ခန္ဓာကို မတွေ့ခဲ့ရသော်လည်း အစိုးရမှ မိုရီနို သေဆုံးပြီ ဖြစ်ကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။ အစိုးရမှ ကြေငြာပြီး နောက်ပိုင်းတွင် မိုရီနိုမှာ သေဆုံးခြင်း မရှိသေးကြောင်း ကောလဟာလများ၊ သတင်းများ ထွက်ပေါ်လာခဲ့သည်။
၎င်းအချိန်များအတွင်း La Familia အဖွဲ့မှာ ပိုမိုပြီး အင်အားကြီးမားသော၊ ကြမ်းကြုတ်ရက်စက်သော Knight Templar မူးယစ်ဆေးဝါး ရောင်းဝယ်ရေးအဖွဲ့အဖြစ် ပြောင်းလဲလာခဲ့သည်။ အမေရိကရှိ မီသာမက်ဖီတမင်း ဆေးများ၏ အဓိက ထုတ်လုပ်ရာ ရင်းမြစ်အဖြစ် Knight Templar အဖွဲ့အား အမေရိက တရားဥပဒေ ဆိုင်ရာ အရာရှိများမှ သက်မှတ်ထားခဲ့သည်။
အကယ်၍ မိုရီနိုသာ ယခုတစ်ကြိမ်၌ အမှန်တကယ် သေဆုံးခဲ့လျှင် မက္ကဆီကို အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲတွင် အောင်မြင်မှု တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
မိုရီနိုဟု ယူဆရသည့် ခန္ဓာကိုယ်ကို မီချိုအာကန် ပြည်နယ်ရှိ အပါဇင်းဂန်မြို့တွင် စစ်တပ်၏ ထိန်းသိမ်းမှုအောက်၌ ထားရှိထားကြောင်း သိရှိရသည်။
REF: USA Today
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်