Subscribe to our RSS Feed

မလေးရှား အတိုက်အခံ ခေါင်းဆောင်ကို လိင်တူဆက်ဆံမှုဖြင့် ပြစ်ဒဏ်ချမှတ်

From : The Voice Weekly


မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်နဝါအီဘရာဟင်ကို လိင်တူ ဆက်ဆံမှုဖြင့် တရားရုံးက သောကြာနေ့တွင် ပြစ်ဒဏ် ချမှတ်လိုက်ပြီး ယင်းကဲ့သို့ အမိန့်ချမှတ်မှုမှာ နိုင်ငံရေးရာ လှုံ့ဆော်မှုများ ပါဝင်နေသည်ဟု အတိုက်အခံ ခေါင်းဆောင်အပေါ် ထောက်ခံသူများက ပြောကြားနေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အန်နဝါမှာ ၎င်း၏ လက်ထောက် အမျိုးသားတစ်ဦးနှင့် ၂၀၀၈ ခုနှစ်တွင် လိင်ဆက်ဆံခဲ့ကြောင်း အယူခံ တရားရုံးက အမိန့်ချမှတ်လိုက်ပြီး ယင်းအပြုအမူမှာ မွတ်ဆလင်အများစု နေထိုင်သော မလေးရှားနိုင်ငံတွင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။
သို့သော်လည်း မျိုးရိုးဗီဇ DNA ဆိုင်ရာ တွေ့ရှိချက်များမှာ ရှုပ်ထွေးလျက် ရှိကြောင်း အန်နဝါ၏ ဥပဒေအဖွဲ့က ခုခံ ပြောကြားထားသည်။

အတိုက်အခံ ခေါင်းဆောင်မှာ လိင်တူ ဆက်ဆံခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန် ခဲ့သော်လည်း အမှုပြန်လည် စစ်ဆေးရေး မလေးရှားအစိုးရ တောင်းဆိုချက်ကို တရားရုံးက လက်ခံခဲ့ကာ အပြစ်ရှိကြောင်း အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လိင်တူ ဆက်ဆံမှုသည် မလေးရှားနိုင်ငံတွင် တရားဝင်ခြင်း မရှိဘဲ ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အန်နဝါ၏ ဥပဒေအဖွဲ့က မလေးရှားနိုင်ငံ၏ အဆင့်မြှင့်ဆုံး တရားရုံးသို့ သွားရောက် အယူခံဝင်မည်ဟု မျှော်လင့်ထားပြီး တရားစီရင်ခြင်းမှ ဆိုင်းငံ့ခွင့် ရရှိနိုင်မည် ဖြစ်သော်လည်း မတ်လအတွင်း ကျင်းပမည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် အန်နဝါ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအပေါ် ထိခိုက်သွားမည် ဖြစ်သည်။

ယင်း ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပါက မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးနှင့် လူဦးရေ အထူထပ်ဆုံး ဆီလန်ဂါ ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို အန်နဝါ ရယူနိုင်ရေး လမ်းပွင့်သွားမည် ဖြစ်သည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်