From : ပြည်သူ့ အာဏာ
အင်းစိန်ရွာမ ဆရာတော်ကြီး ဦးဆောင်သော အမျိုးဘာသာသာသနာစောင့်ရှောက်အဖွဲ့ (ဗဟို)က အမျိုးစောင့် ဥပဒေ (၄)ခု ရေးဆွဲရန် တင်ပြနေရာတွင် လွှတ်တော်က ခေါင်းရှောင်ပြီး ပယ်ချလိုက်ချိန်တွင် အမျိုးသားရေးအတွက် မြန်မာနိုင်ငံသားများ အိပ်ပျှော်မနေကြရန် ရွှေည၀ါ ဆရာတော်က ဟောကြားလိုက်ကြောင်း သိရသည်။
မကြာသေးမီက အင်းစိန်ရွာမဆရာတော်ကြီး၏ တောင်းဆိုချက်ကို သမ္မတဦးသိန်းစိန်က ထပ်ဆင့်ထောက်ခံ၍ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ ခဲ့ရာ အခြေခံဥပဒေနှင့် မညီဘဲ လွှတ်တော်က ခေါင်းရှောင် တာဝန်ရှောင်နေခြင်းနှင့် စပ်လျဉ်း၍ အညံ့စားစိတ်ဓါတ်ဖြင့် မျိုးချစ်စိတ် တုံးသည် ဟု ဝေဖန်ပြောကြားလိုက်ပြီး အိပ်ပျှော်နေသော လွှတ်တော်ကို နှိုးဆောင်ပေးရမည် ဟု ဆရာတော် ဦးပညာသီဟက မိန့်ကြားသည်။
ရွှေည၀ါဆရာတော် ဦးပညာ သီဟက "ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုယ့်သာသနာ
မကွယ်မပ မပျောက်မပျက်သွားအောင်၊ ဘုန်းကြီးတို့ရဲ့ အနာဂတ် မျိုးဆက်
နှစ်ဆက် သုံးဆက် လေးဆက် ဘုန်းကြီးတို့ မျက်ကွယ်ပြုပြီးတော့
မျက်လုံးမှိတ်ပြီး ဒီဘ၀တခု ထွက်သက် နောက်ဆုံးအချိန်အထိ ဘုန်းကြီးတို့
ဘာတွေထား သွားခဲ့မလဲ၊ မျိုးဆက်သစ်တွေအပေါ်မှာ ဘုန်းကြီးတို့
သစ္စာဘယ်လောက်ရှိ သွားသလဲ၊ အနာဂတ် ကို ဘုန်းကြီးတို့
ဘယ်လောက်ထိတာဝန် ယူသွားရဲသလဲ၊ အဲဒါဘုန်းကြီးတို့ပြောချင်တယ်။ ကိုယ့်တသက်တာ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အညံ့စား စိတ်ဓာတ်မျိုးလောက်နဲ့
အသက်ရှင်နေရတာတော့`မျိုးချစ်စိတ်´တုံးဘွန်းတယ်လို့ ပဲ ပြောချင်တယ်။
`အမျိုးသားရေး´စိတ်တွေက အိပ်ပျော်နေတာမျိုးလောက်ကို ပြော လို့ မရတော့ဘူး။ မေ့ကိုမေ့နေတယ် သဘောမျိုးတွေ ဖြစ်နေတာကို ဘုန်းကြီးတို့က နှိုးဆော်ပေးရမယ်...အဲဒါကြောင့် အမျိုးသားရေး
ကိုဦးစားပေးတဲ့တရားကို ဘုန်းကြီးဟောမှာပါ" ဟု ထည့်သွင်းဟောကြားခဲ့ခြင်း ဖြစ်သည်။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က “အဲဒါ လွှတ်တော်ရဲ့ လုပ်ငန်းဆိုတာ နားလည်မှု လွဲတာပါ။ လွှတ်တော်က ဥပဒေပြုတယ် ဆိုတာ နဂိုတုန်းက သက်ဆိုင်ရာအစိုးရအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေက ပေးပို့တဲ့ ဥပဒေကြမ်းတွေပေါ်မှာ လွှတ်တော်က ဥပဒေဖြစ်အောင် စိစစ်တာ။ ပြုစုတာပေါ့နော်။ အခုဟာက ဥပဒေကြမ်းကို လုံးဝ မပါဘူး။ ဥပဒေကြမ်း ပါတာ မဟုတ်ဘူး။ အဲဒီခေါင်းစဉ်ကြီး လေးမျိုးကို ဥပဒေပြဌာန်းပေးပါ ဆိုပြီးတော့ လွှတ်တော်ကို လုပ်ခိုင်းလိုက်တာ။ လွှတ်တော်က မူကြမ်းရေးဆွဲဖို့ တာဝန် မရှိဘူး။ သက်ဆိုင်ရာတွေက ပို့တဲ့ ဥပဒေကြမ်းတွေပေါ်မှာ အတည်ပြု ပေးဖို့၊ စိစစ်ပေးဖို့ပဲ တာဝန်ရှိတယ်လေ။ အခုဟာက ဥပဒေကြမ်းကို ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ဟာကိုယ် လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေတယ်။ လွှတ်တော်ရဲ့ တာဝန်မဟုတ်ဘူး” ဟု ငြင်းဆန်ခဲ့ကြောင်း ဘီဘီစီသတင်းတွင် ပါရှိသည်။
ဦးဝင်းမြင့် ပြောကြားချက်အား "လွှတ်တော်က ဥပဒေ မရေးဆွဲနိုင်ဘူး ဆိုရင် ဘာလုပ်မှာလဲ မေးချင်တယ်။ လွှတ်တော်ထဲမှာ စုပြီး ထိုင်နေတာ ဥပဒေ ရေးဆွဲဖို့ မဟုတ်ဘူးလား။ ဒါက သက်သက်မဲ့ ခေါင်းရှောင်တာ။ သူတို့ ပြဌာန်းချင်တဲ့ ဥပဒေတွေဆိုရင် မဖြစ်မနေ လုပ်ကြတာ တွေ့နေရတာပဲ။ သမ္မတနဲ့ အစိုးရနဲ့ အတိုက်အခံ ပြုပြီးတော့ကို ဥပဒေတွေ ရေးဆွဲနေတာ။ အခြေခံဥပဒေနဲ့ မညီလို့ သမ္မတ က လက်မှတ် မထိုးလို့တောင် စကားတွေများနေတာ တွေ့နေရတာပဲ။ အခြေခံဥပဒေခုံရုံးတောင် ပြုတ်သွားတာ တွေ့နိုင်တယ်။ ပြီးတော့ လွှတ်တော် အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတော့တယ် ဆိုပြီး ဦးအောင်ကိုတို့ ပြောထားတာပဲ။ လွှတ်တော်အမတ်တွေ အမျိုးသားရေးကို ခေါင်းရှောင်တယ်။ ကိုယ့်တာဝန်ကို မကျေပွန်ဘူး။ ဒီကြားထဲ ဦးလှဆွေလို အမတ်တွေက အမျိုးသားရေးကို ထိပါးသလိုမျိုးတွေ ပြောတယ်။ ဘူးလက်လှဆွေ ပြောတာတွေက လွှတ်တော်ရဲ့ သဘောထားပဲလား စဉ်းစားစရာ ဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ဥပဒေ မရေးဆွဲချင်ဘူး ဆိုရင်လည်း လွှတ်တော်ထဲ လာထိုင်မနေနဲ့ လို့ ပြောချင်တယ်" ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
"ဒီကနေ့ ကျွန်တော်တို့ သိလိုက်ရတာက လွှတ်တော်က တာဝန် မယူချင်လို့ ခေါင်းရှောင်တာပဲ ဆိုတဲ့အချက်။ ပြန်ကြည့်တော့လည်း ဟုတ်နေတယ်။ ဦးသိန်းစိန်က ဒီဥပဒေ ၄ ခု ရေးဆွဲပြီး တင်လို့ မရဘူး လို့ ဖွဲ့စည်းပုံမှာကို ပါတယ် ဆိုတာ သိရတယ်။ လွှတ်တော်က သူလုပ်ရမယ့် တာဝန်ကို ရှောင်လွှဲပြီး အစိုးရဆီ ဘော်လီဘော ပုတ်တယ်။ ရှက်တတ်ရင် ရှက်ဖို့ကောင်းတဲ့ ကိစ္စပါပဲ။ လွှတ်တော်က ဥပဒေ ရေးဖို့ တာဝန် မရှိဘူး ဆိုရင် ဘာဖြစ်လို့ လွှတ်တော်ကြီး ထားနေတော့မလဲ။ လွှတ်တော် ဆိုတာ ဘယ် လိုတော့မလဲ။ NLD အမတ်တွေ ပြောတာ လိုက်လုပ်နေတဲ့ လွှတ်တော်ပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ ရှက်တတ်ရင် လဲသေလို့ ရပြီ။ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့ ဒီခန်းမိကြီးတွေထဲ ၀င် အိပ်မနေကြပါနဲ့ လို့ ပြောချင်တယ်ဗျာ" ဟု မြန်မာအမျိုးသားကွန်ရက် တာဝန် ရှိသူ တစ်ဦးက ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သော အမျိုးစောင့် ဥပဒေ ၄ ခုကို အစိုးရနှင့် တရားရုံးချုပ်က ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ ကို ရှောင်လွှဲခြင်း ဖြစ်ကြောင်း၊ ဥပဒေပြုစာရင်း ဇယား(၁)(၂)(၃)တွင် ပါဝင်ခြင်း မရှိပါက ပြည်ထောင်စု လွှတ်တော်က ရေးဆွဲရမည် ဖြစ်ကြောင်း၊ လွှတ်တော်က ခေါင်းရှောင်၍ ပြန်ပို့ လိုက်သော ဥပဒေ ၄ ခုကို အစိုးရကရော တရားရုံးချုပ်ကပါ ရေးဆွဲ တင်သွင်းပိုင်ခွင့် မရှိကြောင်း သိရသည်။
"အခုမှပဲ နားလည်တော့တယ်။ လွှတ်တော်က သူလုပ်ရမယ့်ကိစ္စကို မလုပ်ဘဲ သူများကို လွှဲချပြီး ခေါင်းရှောင်နေတာပဲ။ အမျိုး ဘာသာ သာသနာအတွက် ခေါင်းရှောင်တဲ့ လွှတ်တော်၊ တာဝန်မယူတဲ့ လွှတ်တော်ကို ဘယ်လိုမှ ယုံကြည်ဖို့ မဖြစ်နိုင်ဘူး။ ကိုယ့်တာဝန် ကိုယ်လုပ်၊ မြင်းက မြင်းအလုပ် မလုပ်ချင်ဘဲ မြင်းဆိုပြီး နာမည်ခံ အိပ်ကောင်းနေလို့တော့ ဘယ်ဖြစ်မလဲ။ ဘုန်းကြီးတို့ကတော့ ဒီဥပဒေ ၄ ခုဟာ အရေးတကြီး လိုအပ်ချက် ဆိုတာ အခိုင်အမာ ယုံကြည်တယ်။ လွှတ်တော်က ဆက်ပြီး ခေါင်းရှောင်နေဦးမယ် ဆိုရင်တော့ သိမ်ဖျင်းတဲ့ စိတ်ဓါတ်တွေ ပိုပိုပြီး သိသာထင်ရှားလာတဲ့ သဘောပေါ့" ဟု အင်းစိန်ရွာမ ကျောင်းတိုက်မှ သံဃာတစ်ပါးက မိန့်ကြားသည်။
ရွှေည၀ါဆရာတော် ဟောကြားသည့် တရားကိုhttps://www.facebook.com/photo.php?v=493128334124835 တွင် နာယူနိုင်ကြောင်း သိရသည်။

1 comments:
ဆန်ကုန်မြေလေးတွေလား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်