Subscribe to our RSS Feed

ABSDF ဇူးလူးနဲ့ပတ်သက်၍ကျနော်ပြောချင်သောစကားများ၊

From :Ko Oo



ကိုကိုဦး(တပ်ရင်း-၁၀၂)

တချို့သောသမိုင်းဆိုင်ရာ အချက်တွေကိုတော့ မိမိသိရှိရာ ထောင့်ကနေပြီးတော့ ဖြည့်ပေးရမယ်လို့ယူဆပါတယ်၊ ဒါကလည်း အခုအချိန်မှာ မကဒတနဲ့ ပတ်သက်ပြီးရှုပ်ထွေးနေမှုက တခုပြီးတခု ဖြစ်နေတယ်၊ အမြင်တွေကလည်း ရှု့ထောင့်အမျိုးမျိုးက လာနေလို့ပဲ ဖြစ်ပါတယ်၊

သူတို့ရဲ့ရှု့ထောင့်တွေကိုလည်း လေးလေးစားစား ဖတ်ရှုရမှာဖြစ်သလို မိမိတို့သိခဲ့ဖြတ် သန်းခဲ့တာလေးတွေကိုလည်း ပြန်လည်ဝေငှပေးရမယ်လို့ ယူဆပါတယ်၊ မကြာခင်ကပဲ ကိုထွန်းဦး(ဇူးလူး)နှင့်ကိုညိုမှိုင်းတို့ အဖမ်းခံရတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ရေးတာသားတာတွေ့တချို့ ဖတ်လိုက်ရလို့ပါ၊

ဒီနေရာမှာကျနော်က ကျနော်မှတ်မိသလောက်ကို ပြန်ပြောပြရတာမို့ ပြည့်စုံသည်မဟုတ်ပေမဲ့ မူလကျောရိုးကတော့ အခိုင်အမာပါပဲဆိုတာလောက်ပဲပြောချင်ပါတယ်၊ ကျနော်လို့ပဲဒီကိစ္စကို ကိုသီရိညွန့်တို့ ကိုကျော်ထင်(မင်းသမီး) တို့ကလည်း ပြောပြနိုင်ပါတယ်၊

ထွန်းဦးဟာနောက်ဆုံး တော်လှန်သမားကောင်းတစ်ဦး အနေနဲ့ကျဆုံးသွားရတာကိုတော့ ကျနော်တကယ်ပဲ လေးစားဂုဏ်ယူတယ်ဆိုတာကို အရင်ဆုံးပြောချင်တယ်၊ ပြီးတော့ဆန့်ကျင်ဖက်အုပ်စုလို့ပြောလို့ရတဲ့ ထွန်းဦးကို ဗဟိုကော်မီတီကနေ မှားယွင်းပြီး ပေးတော့မဲ့ ကြီးလေးတဲ့ အပြစ်ဒဏ်ကနေ ဘာကြောင့်ကံကောင်းထောက်မစွာ လွတ်လာခဲ့ရပါသလဲ၊ ဒီနေ့အထိ မသိသေးတဲ့သူတွေ အများကြီးရှိနေပါသေးတယ်၊

တကယ်ဆို ဇူးလူးဟာ ကျနော်အပါအ၀င် ၀င်းမိုး၊အောင်နိုင်၊ကိုကိုဦး လို့ပြောကြတဲ့ ဗကသ နောက်ခံကနေလာကြတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အလွန်တိုက်ခိုက်တတ်သူ တစ်ယောက်ပဲဆိုတာ မကဒတမှာလုပ်ခဲ့ကြဘူးတဲ့ ဗဟိုကော်မီတီအများစုက သိကြပါတယ်၊ မကဒတ စတင်ဖွဲ့စည်းစဉ်ကာလက လူတွေက တစ်ယောက်အကြောင်း တစ်ယောက်မသိ တစ်ဦးအရည်အချင်း တစ်ဦးမသိနဲ့ ပြိုင်ကြဆိုင်ကြတဲ့ကာလတစ်ခုကိုဖြတ်သန်းခဲ့ရတယ်၊

ပထမအကြိမ် ဗဟိုကော်မီညီလာခံ ကာလကပင် ရန်ကုန်ကိုအခြေခံပြီးလာတဲ့ ဗကသနဲ့ ဆက်စပ်နေကြတဲ့ ကျောင်းသားတွေကတဖက် ကရင်နယ်မြေ ဒေသအသီးသီးလာတဲ့ စခန်းကိုယ်စားလှယ်တွေကတဖက်နဲ့ ဘက်နှစ်ဘက် လိုလိုဖြစ်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုတွေ ပျောက်ခဲ့ကြတယ်၊
နောက်ဆုံးမွန်နယ်မြေကလာတဲ့ ကိုထွန်းအောင်ဂျော်တို့ ကိုသန်းဝင်းတို့ ဥက္ကဌ၊ အတွင်းရေးမှုးဖြစ်လာပြီး၊ ကိုဝင်မိုးကဒုဥက္ကဌ၊ ကိုအောင်နိုင်ကတွင်း(၁)၊ ကျနော်ကတွင်း(၂)ဖြစ်လာပေမဲ့ အုပ်စုနှစ်စုက သိသိသာသာကြီးဖြစ်လာတယ်၊ ဘာမှမဟုတ်တဲ့ အသေးအဖွဲကစလို့ အပြစ်ကြီးလုပ်ပြီး အင်အားကြီးတဲ့ ကရင်၊ကချင် မဟာမိတ်တွေဆီကို မျက်နှာလိုမျက်နှာရလုပ်ရင်း တဖြေးဖြေးဝေးလာကြတယ်၊

အဲဒီလိုအပြန်အလှန် တိုက်ခိုက်မှုတွေအထဲမှာ ဇူးလူးကအဆိုးဆုံးလို့ပြောရမယ်၊ ကချင်ခေါင်းဆောင် ဒေါက်တာထူးဂျာ ပိုက်ဆံစိုက်ထုတ်ပြီး ဗဟိုရံပုံငွေရအောင်
တော်လှန်ရေး ဆန်ဆန် ပို့စကဒ်လေးတွေကို ရံပုံငွေရအောင်ရောင်းဖို့ ထုတ်ပေးရှာပါတယ်၊ တစ်ခုကို(၅)ဘတ်တန် ပို့စကဒ်ကိစ္စကအစ ၀င်းမိုးတို့အုပ်စုက အလွဲသုံးစားလုပ်တယ်ဆိုပြီး မဲဆောက်မှာ စာတွေဖြန့်ဝေလာတဲ့အထိ ဇူးလူးကဦးဆောင် လုပ်လာခဲ့ကြတယ်၊

နောက်ဆုံးပို့စကဒ်တွေကို ယူသွားတာ ကိုတင်မောင်စန်းပါလို့ ဒေါက်တာထူးဂျာ ကိုယ်တိုင် ၀င်းရှင်းပေးလိုက်တော့ ကိစ္စကပြီးသွားတယ်၊ နောက်တစ်ခုက ကိုအောင်နိုင်ကို ခွေးသူခိုးလို့ စွတ်စွဲတဲ့ကိစ္စတွေ ဆိုတာကလည်း မူကိုတိုက်တာထက် လူကိုတိုက်တာပိုများနေပါတယ်၊ ဖြစ်ပုံကကိုအောင်နိုင်နဲ့ ကိုမွန်းအောင်(အဆိုတော်)တို့က ထိုင်းဖက်ကမ်းမှာ စားသောက်ပြီး ပြန်အလာမှာ ခွေးကလေးတစ်ကောင်ကို ချစ်လို့ထင်ပါတယ် ယူလာတာကို အကြီးအကျယ် လုပ်ပြီး ခွေးသူခိုးအောင်နိုင်ဆို ပြီး ရဲဘော်တွေအကြားမှာ ၀ါဒဖြန့်ပြီးတိုက်ခဲ့ကြတယ်၊

အဲသလိုလုပ်ရပ်တွေက မမှန်မှန်းသိပေမဲ့ တပ်ပေါင်းစုလူကြီး တွေကအစ မတားခဲ့နိုင်တာလာ၊း ဒါမှမဟုတ် လက်ရှိ အုပ်စုကောင်းနေတဲ့ဖက်ကို ယိမ်းတာလား အလေးပေးတာလား တော့မသိဘူး၊ ကျနော်တို့ ဘက်မှာလည်း ကေအင်ယူအပေါ်မှာ အထင်လွဲခဲ့ကြတယ်၊ ပြောရမယ်ဆိုရင် ကျနော်တို့ကို မကဒတ ဗဟိုရှိရာ ကရင်နယ်မြေမှာ လုံးဝအခြေချ လို့မရအောင်လုပ်လိုက်တာပဲလေ၊ အဲဒီနောက်ကွယ် ဇူးလူးသာမက ဗဟိုကော်မီတီဝင်တွေ အများစုပါဝင်နေလိမ့်မယ်လို ကျနော်ထင်ပါတယ်၊

နောက်ဆုံးကျနော်တို့ မဲဆောက်ကနေ ကားသုံးစီးနဲ့ ခွပ်ဒေါင်းအလံကိုလွင့်ပြီး
မွန်နယ်မြေကို ရောက်ခဲ့ကြတယ်၊ ကျနော်စိတ်မှာဖြစ်နေခဲ့ရတာကတော့ ဘာဖြစ်လို့ဒီလူတွေဟာ ရန်ကုန်တက္ကသိုလ်တွေမှာ ကျောင်းသားအရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့ကြသူတွေကို ပထုတ်နေတာလဲ၊ နောက်ဆုံး Jealous ဖြစ်တယ်လို့သာ စိတ်မှာမှတ်ထားလိုက်ပါတယ်၊ နောက်တစ်ခုက
ဇူးလူးဟာမူလက တပ်ရင်း(၁၀၂)ကဖြစ်ပေမဲ့ ဒုတိယညီလာခံကျတော့ မိခင်စခန်းကို မလာတော့ပဲ၊ သံလွင်စခန်း(၂၀၉)ကိုယ်စားလှယ်အဖြစ် တက်ခဲ့တယ်၊ ဗဟိုကော်မီတီ ဖြစ်လာခဲ့ပြီး ဗဟိုရဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး စခန်းကော်မီတီတွေကို အသိမပေးပဲ ကိုညိုမှိုင်းကို တပ်ရင်းကနေခေါ်ထုတ်ပြီး ဗဟိုမှာတာဝန်ပေးတဲ့ကိစ္စတွေကအစ တပ်ရင်း(၁၀၂) မှာ ပြသနာတွေကိုထားခဲ့ဘူးပါတယ်၊
ဒါကတော့ ကိုထွန်းဦး(ဇုးလူး)ရဲ့ နောက်ခံအနေအထားတချို့ဖြစ်ပါတယ်၊

ကဲဇူးလူးအဖမ်းခံရတာကတော့ ဗဟိုစစ်ကော်မရှင်ကကိုင်တွယ်တဲ့ ယူဂျီသတင်းပေါက်ကြားမှုနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ၊ မိမိတို့ဘက်လူတွေအဖမ်းအဆီးခံရတယ်အပေါ်မှာ ဒီကစ္စကိုဘယ်သူ့ အားနည်းချက်ဖြစ်တယ်ဆိုတာကို ဗဟိုကော်မီတီကို စစ်ကော်မရှင်ကချမပြခင်၊ ဇူးလူး၊ကိုညိုမှိုင်း၊တို့ကိုဖမ်းဆီးထားပြီး အချုပ်ထားပြီးသားဖြစ်ပါတယ်၊

ကိုညိုမှိုင်းကို မာနာပလောမှာရှိတဲ့ အချုပ်မှာထားရှိပြီး ဇူးလူးကိုတော့ အပြစ်ကြီးကြီး ရှိတဲ့လူတွေ ထားတဲ့ မာနာပလောနဲ့သောလဲထအသွားလမ်းမှာရှိတဲ့ လှေစစ်ဆေးရေး ဂိတ်အနားက အချုပ်ထောင် ထဲမှာဖမ်းထားတယ်၊

ဗဟိုကော်မီတီမှာ စစ်ကော်မရှင်တွေဖြစ်ကြတဲ့ ကိုမိုးသီး၊ကိုနိုင်အောင်၊ ကိုကျော်ကျော်၊ ကိုလှဌေးတို့က တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့်ဇူးလူးကို ဖမ်းထားရတဲ့ အကြောင်းတွေကိုရှင်းပြကြပါတယ်၊ အသေးစိတ်ကိုတော့ များလွန်းတဲ့အတွက် ကျနော်အကုန်မမှတ်မိပေမဲ့ ဆိုက်ဖါလုံခြုံရေးမရှိလို့(ဆိုက်ဖါပေါက်လို့) တာဝန်ခံဖြစ်တဲ့ဇူးလူးကို အရေးယူရတာဖြစ်ကြောင်းသိရှိလိုက်ရပါတယ်၊

အံသြစရာကောင်းတာက ဇူးလူးတို့အမာခံခေါင်းဆောင်တွေလို့ဆိုလိုရနိုင်တဲ့ ကိုနိုင်အောင်၊ ကိုကျော်ကျော်တို့ ငြိမ်ကုတ်နေကြတယ်၊ ဇူးလူးကိုမျှတတဲ့အခွင့်အလမ်း(သို့) အကာအကွယ်လုံးဝ မပေးတော့ပဲ မင်းဖြစ်ချင်ရာဖြစ် ငါမဖြစ်ရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်မျိုး ထားခဲ့ကြလေသလားမသိပါ၊ အများစုက ဇူးလူးကိုအပြစ်ပေးရေးအပေါ်မှာ စုစည်းနေကြပြီ၊
ဇူးလူး၊ ကိုညိုမှိုင်းတို့မှာ ကယ်မဲ့သူဝေးနေပြီဆိုတာ သိလိုက်ရတော့ တရားကျမိသလို တကယ်တော်လှန်သမားတစ်ယောက် မလိုလားအပ်ပဲနစ်နာသွားမှာကို အထူးစိုးရိမ်မိခဲ့ပါတယ်၊

ဗဟိုကော်မီတီအစည်းအဝေးကို အတူလာခဲ့ကြတဲ့ ကျနော်တို့ တပ်ရင်း(၁၀၂)က ကိုယ်စားလှယ်ဖြစ်တဲ့ ကိုသီရိနဲ့ တိုင်ပင်ပြီး အမှန်တရားအတွက်ကြိုးစားလုပ်ခဲ့ပါတယ်၊ အောင်မြင်မှုရတယ်လို့ပြောရပါမယ်၊ နောက်နေ့မှာဗဟိုကော်မီတီမှ ကိုအောင်ထူးကို အဖွဲ့ခေါင်းဆောင်၊ ကျနော်ကို ဒုအဖွဲ့ခေါင်းဆောင်တာဝန်ပေးခဲ့ပြီး ဒီကိစ္စအတွက် ဗဟိုကော်မီတီကို အစီရင်ခံဖို့လုပ်ရပါတယ်၊

ကျနော်မှတ်မိသလောက်ပြောရရင် ကျနော်တို့တင်တဲ့ အစီရင်ခံစာကို အဓိကမားမားမတ်မတ် ရပ်ပေးပြီးဆွေးနွေးပေးသွားသူတွေကတော့ မင်းသမီးစခန်းက ကိုကျော်ထင်နဲ့ ကိုသီရိညွန့် ဖြစ်ပြီး နောက်ပိုင်းဗဟိုကော်မီတီအများစုက ဇူးလူးနဲ့ကိုညိုမှိုင်းကို ပြန်လွတ်ပေးဖို့ ဆုံးဖြတ်ချက်လည်း ကျခဲ့ပါတယ်၊
(ဒီနေရာမှာ ဗဟိုကော်မီတီဝင် ကိုကျော်ထင်ပတ်သက်ပြီး ကျနော်ရင်ထဲမှာရှိတာကို နည်းနည်းပြောခဲ့ချင်တယ်၊ ကိုကျော်ထင်ဟာ ကျနော်တို့ နှစ်ဖွဲ့ကွဲတဲ့အခါ ကိုနိုင်အောင် ဗဟိုဘက်ကို ပါခဲ့ပေမဲ့ ဘက်နှစ်ဘက်စလုံးထဲက ကျနော်အလေးစားဆုံး သူတွေအထဲက သူတစ်ယောက်ပါပဲ၊)

နောက်ဆုံး ကေအင်ယူအချုပ်ခန်းမှာရှိတဲ့ ဇူးလူးနဲ့ကိုညိုမှိုင်းကို ဘယ်သူ့သွားထုတ်မလဲဆိုတဲ့ အခါကျပြန်တော့လည်း ကျနော်ပဲတာဝန်ကျခဲ့တယ်၊ ရှင်းရှင်းပြောရရင် ဗဟိုကော်မီတီ အများစုဟာ ကေအင်ယူနဲ့ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စရပ်တွေမှာ လက်ရှောင်ကြလေ့ရှိပါတယ်၊

သေဒဏ်ကျတဲ့သူအများစုကိုထားလေ့ရှိရာ အချုပ်ခန်းကို ဇူးလူးကိုသွားထုတ်တော့ ကိုမောင်မောင်ကြီးက ဗဟိုရုံးအဖွဲ့မှုးအနေနဲ့ ကျနော်နဲ့အတူ လိုက်လာခဲ့တာပါ၊ ဇူးလူးကသူမထင်မှတ်တဲ့သူတွေကို တွေ့လိုက်ရတော့ တအံတသြ ဖြစ်နေပုံရပါတယ်၊ ကျနော်အထင် သူ့တို့အုပ်စုရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုနိုင်အောင်၊ ကိုကျော်ကျော် တစ်ယောက်ယောက်လာမယ်လို့ မျှော်လင့်ထားပုံရပါတယ်၊ ကျနော်ကပဲ မင်းကို ငါ့တို့ဒီနေ့ ဗဟိုကော်မီတီဆုံးဖြတ်ချက်နဲ့အတူ လာထုတ်တာပါလို့ပြောလိုက်တယ်

ကျနော်လည်း မထင်မှတ်ထားပါဘူး၊ မမျှော်လည်း မမျှော်လင့်ထားပါဘူး၊ ဇူးလူးရဲ့ ၀မ်းသာဝမ်းနည်း ရောပြွန်းနေတဲ့ကြားကျနေတဲ့ မျက်ရည်တွေကြားက အလေးပြု လိုက်တာကိုကျနော် မြင်လိုက်ရပါတယ်၊ ကျနော်တို့ အပြန်အလှန်အလေးပြုပြီးတော့ သူက သူ့ကိုဗဟိုကနားလည်တဲ့အတွက် ၀မ်းသာကြောင်းကိုပြောပါတယ်၊ သူဟာ တကယ်တော့ ဗဟိုကော်မီတီအစည်းအဝေးမှာ ဘယ်သူတွေကဘယ်လိုရပ်တည်ချက်တွေနဲ့ ဆွေးနွေး ခဲ့ကြတာကိုမသိခဲ့ပါဘူး၊ မသိခဲ့တာကခပ်ကောင်းကောင်းပဲလို့ကျနော်ထင်ပါတယ်၊ သူကအဲဒီလူတွေနဲ့ ဆက်တွဲပြီး အလုပ်လုပ်ရဦးမှာ မဟုတ်လား၊ ကျနော်မှာလည်း ဒါတွေကို လုပ်ပိုင်ခွင့်အရ ပြောပိုင်ခွင့်လည်း မရှိခဲ့ပါဘူး၊

ကျနော်ရော ကိုမောင်မောင်ကြီးရော ဇူးလူးကိုကြည့်ပြီး ၀မ်းနည်းဝမ်းသာ အတူဖြစ်ခဲ့ရပါတယ်၊
ဇူးလူးအနေနဲ့ သူ့ကိုလာထုတ်သူ၊ သူ့ကိုမတရားအပြစ်ဒဏ်ခံရမဲ့ဘေးကလွတ်အောင် ရပ်ပေးခဲ့သူအထဲမှာ ကျနော်ပါမယ်လို့ သူဘယ်တုန်းကမှ စိတ်ထဲမှာထင်ခဲ့မှာ မဟုတ်ဘူးလို့ကျနော်ထင်ပါတယ်၊ ကျနော်လည်း တခါမှသူ့ကိုပြောဖို့မကြိုးစားခဲ့ပါဘူး၊
ကျနော်အထင် နောက်ဆုံး သူကျဆုံးသွားချိန်အထိတောင် ဒီအကြောင်းတွေ သူကောင်းကောင်း သိသွားမှာမဟုတ်ဘူး၊

ကျနော်ဖက်ကတော့ ရိုးရိုးလေးပါပဲ၊ ရှေးပိုင်းမှာဖေါ်ပြခဲ့သလို ဇူးလူးတို့တိုက်ခိုက်ခဲ့တာကို အာဃာတမထားခဲ့ဘူးဆိုတာကို ပြခွင့်ရယုံမျှမက တော်လှန်သမားတစ်ဦး ရှေ့ကိုဆက်ပြီး သူယုံကြည်တဲ့တော်လှန်ရေးကို လွတ်လွတ်လပ်လပ်ပြန်လုပ်ခွင့်ရခဲ့တဲ့အတွက် အများကြီး ၀မ်းသာပိတိဖြစ်ခဲ့ရကြောင်းပါခင်ဗျား၊


www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်