Subscribe to our RSS Feed

Black Box စစ်ဆေးပြီးမှသာ လေယာဉ်ပျက်ကျမှု အဖြေသိမည်ဟုဆို

From :the voice


ဟဲဟိုးတွင် ပျက်ကျသည့် Air Bagan လေယာဉ်မှ Black Box ကို စစ်ဆေးရန်
စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ထား စစ်ဆေး နေပြီဖြစ်ပြီး Black Box
စစ်ဆေးချက် အဖြေထွက်မှ သာလျှင် လေယာဉ်ပျက်ကျသည့် အကြောင်းအရင်းကို သိရှိနိုင်မည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ Director of Engineering ဦးလှိုင်ဘွားက ပြောကြားသည်။

Air Bagan လေယာဉ်ပျက်ကျမှု ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅နာရီခန့်က ကန်တော်ကြီးပဲ့လေစ် ဟိုတယ်တွင် ပြုလုပ်သော
သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

Black Box ဆိုသည်မှာ လေယာဉ် ပျံသန်းမှု အမြင့်၊ မြန်နှုန်းစသည့်
လေယာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို လေယာဉ် စက်စတင်လည်ပတ်ချိန်မှ စ၍
မှတ်တမ်းတင်သော ကိရိယာဖြစ်ပြီး အချိန်တစ်လအထိ မှတ်တမ်းတင်နိုင်သည့် Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) တို့ ပါဝင်ကြောင်း၊ CVR သည် လေယာဉ်မှူးနှင့် လေကြောင်း ထိမ်းသိမ်းရေးတာဝန် ရှိသူများ ဆက်သွယ်သော အသံများကို မှတ်တမ်းတင်ထားသော ကိရိယာဖြစ်ကြောင်း မြန်မာ့
လေကြောင်းညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး
ဦးတင်နိုင်ထွန်းကပြောကြားသည်။

“Black Box စစ်ဆေးမယ့်ကိစ္စကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို
အပ်လိုက်ပြီ။ ကော်မရှင်ကပဲ တာဝန်ယူလုပ်မှာပါ။ စုံစမ်း စစ်ဆေးပြီှး လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတာကို သိရမယ်“ ဟု ဦးလှိုင်ဘွားက ရှင်းပြသည်။

Air Bagan လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် အတိုင်း
ပျံသန်းသည့် F-100 အမျိုးအစား လေ ယာဉ်(အမှတ် XY-AGC ခရီးစဉ် အမှတ် 011) သည် ဒီဇင်ဘာ ၂၅ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ် အချိန်က ဟဲဟိုး လေယာဉ်ကွင်းသို့ ဆင်းသက်ရာ နှင်းများ ထူထပ်စွာ ကျရောက်နေခြင်းကြောင့် လေယဉ်ပြေးလမ်းဘေး လယ်ကွင်းသို့ မှားယွင်း ဆင်းသက်စဉ် ဟဲဟိုး -အောင်ပန်း ကားလမ်းအနီး သစ်ပင်များနှင့် ဝင်တိုက်မိရာ အမြီးပိုင်း ကျိုး၍ မီးလောင် ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများက ကြေညာခဲ့သော်လည်း Air Bagan က အတည်ပြုခြင်းမရှိသေးပေ။

လေယာဉ် ပျက်ကျမှုကြောင့် ယင်းလေယာဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန် ဒေါ်နွယ်လင်းရှိန်နှင့် မန္တလေး-ဟဲဟိုး ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူ နှစ်ဦးကို ဝင်တိုက်မိပြီး တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းလေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်