From : သမ္မတရုံး
www.MyanmarExpress.net
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ
ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ
လိုက်ပါလျက် ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်မှ တပ်မတော် လေယာဉ်ဖြင့်
ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်
အဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့်
တူရကီနိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ
အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ လိုက်ပါလျက်
နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မြန်မာ့
လေကြောင်း အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့သည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်တွေ လေဆိပ်သို့
ရောက်ရှိကြရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်
ပြည်နယ်ဝန်ကြီးများက ကြိုဆိုကြသည်။
ယင်းနောက် ဒုတိယ သမ္မတသည် ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ
လက်အောက်ခံ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဆောင်ရွက်နေသူများနှင့်
တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေး နှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ
ကြီးကြပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများအား တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ရခိုင်ဒေသတွင်
ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတော် အစိုးရ အနေဖြင့် အဆိုပါ
နယ်မြေများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစွမ်းကုန်
ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤသို့
ဆောင်ရွက်ခဲ့သည်ကို သံတမန် အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများးမှ
အဖွဲ့ဝင်များအနေဖြင့် ယခင် ခရီးစဉ်များအတွင်း ကောင်းစွာမြင်တွေ့ခဲ့ပြီး
ဖြစ်ပါကြောင်း။
၎င်းအပြင် သက်ဆိုင်ရာ နယ်မြေများအတွင်း ငြိမ်းချမ်းရေး
ပြန်လည် ဖော်ဆောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းချက်တို့တွင်
သက်ဆိုင်ရာ အာဏာပိုင်များ အပိုင်းက လူမျိုးရေး (သို့မဟုတ်) ဘာသာရေးအပေါ်
အခြေခံ၍ ခွဲခြားခြင်း၊ ဘက်လိုက်ခြင်း လုံး ဝမရှိခဲ့ပါကြောင်း ၊ ယင်းကဲ့သို့
သက်ဆိုင်ရာ အာဏာပိုင်များက အပြုသဘောဆောင်သည့် ကြိုပမ်းချက်နှင့်
သဘောထားအမြင်များ ရှိနေလင့်ကစား အခြေအနေကို ထိန်းသိမ်း ဆောင်ရွက်ရာတွင်
အင်အားကို အလွန်အကျွံ သုံးစွဲမှုရှိခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ
အစီရင်ခံမှုများ ရှိခဲ့ပါကြောင်း၊ မကြာသေးမီက ယင်းအခြေအနေနှင့် စပ်လျဉ်း၍
လူမျိုးစု မျိုးနွယ်တုံးအောင် ကြိုးပမ်မှု ပုံစံအနေအထားမျိုး သတင်း၊
ထင်ယောင်ထင်မှား ဖြစ်အောင် ပုံဖော်ကြိုးပမ်း ရေးသားမှုများ ရှိခဲ့ကြောင်း၊
ယင်းတို့မှာ အမှန်တရားနှင့် လုံးဝ ဆန့်ကျင်နေပါကြောင်း။
ယင်းကဲ့သို့ အမြင်လွဲမှားမှုနှင့် မဟုတ်မမှန် သတင်း
အချက်အလက်များက နိုင်ငံတကာ အသိုင်းအဝိုင်းအား ရခိုင်ပြည်နယ်တွင် အမှန်တကယ်
အခြေအနေနှင့် ပတ်သက်၍ မဟုတ်မမှန် အထင်အမြင် လွဲမှားစေနိုင်ကြောင်း၊ အဆိုပါ
သံသယများကို ချေဖျက်နိုင်ရန် နိုင်ငံတော် အစိုးရအနေဖြင့်
အချက်အလက်အမှန်များ၊ သတင်းအမှန်များကို ပံ့ပိုးပေးသွား ရန်ရှိပါကြောင်း၊
သို့ဖြစ်၍လည်း ယနေ့ ဤနေရာ၌ အခြေအနေမှန်ကို မျက်မြင်လေ့လာ ကြည့်ရှုနိုင်ရန်
ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေး
ဝန်ကြီးဌာနကလည်း ယနေ့တွင် သတင်းထုတ်ပြန်ချက် တစ်ရပ်
ထုတ်ပြန်ပေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း
ငြိမ်းချမ်းပြီး သဟဇာတ ရှိသော လူမှု အသိုင်းအဝိုင်း တည်ဆောက်ရေး
ရည်မှန်းချက်ဖြင့် အခြေအနေကို ဖြေရှင်းရန် အတတ်နိုင်ဆုံး
ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဒေသတွင်း
ပြည်သူများအတွက် လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို
ဖော်ဆောင် ပေးသွားရမည် ဖြစ်ကြောင်း၊ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ချက်များ၊
ကြိုးပမ်း အားထုတ်မှုများလည်း ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၊ ယခု အချိန်၌
နိုင်ငံတော် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက် ရှိနေသည့်
ပြည်သူများသို့ တစ်စုံတစ်ရာ ခွဲခြားမှု မရှိဘဲ လူသားချင်း စာနာထောက်ထားသော
အကူအညီပေးအပ်ရေး အပေါ် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယင်းသို့ ကြိုးပမ်းရာတွင် UNHCR ၊ WFP ၊ OCHA
အစရှိသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအစိုးရ မဟုတ်သော
အဖွဲ့အစည်းများနှင့် အခြား စိတ်ဝင်စားသော နိုင်ငံခြား တိုင်းပြည်
အစိုးရများက မြန်မာနိုင်ငံ အစိုးရနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊
အဆိုပါ နည်းလမ်းကသာလျှင် ရခိုင်ပြည်နယ်အတွင်း ပြည်သူများအား အဓိပ္ပာယ်
ပြည့်ဝပြီး အပြုသဘော ဆောင်သော နည်းလမ်းဖြင့် အကူအညီ ပေးနိုင်မည်
ဖြစ်ပါကြောင်း။
ယနေ့ ခရီးစဉ်သည် သံတမန်များနှင့် ကုလသမဂ္ဂ
အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ အတွက် ရခိုင်ပြည်နယ်အတွင်း လက်ရှိ
ဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ မှန်ကန်သော အချက်အလက်များ လေ့လာ သိရှိခွင့်
ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့များ အနေဖြင့် လက်တွေ့
အမှန်တကယ် အခြေအနေကို ထင်ဟပ် ဖော်ပြသော သတင်းအချက် အလက်များကို သက်ဆိုင်ရာ
မြို့များ၊ ဌာနချုပ်များသို့ ပြန်လည် အစီအရင် ခံမည်ဟု မျှော်လင့်
ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဇွန်လနှင့်
အောက်တိုဘာလအတွင်း ဖြစ်စဉ်များ၊ ပြန်လည် တည်ဆောက်ရေးနှင့် လူသားချင်း
စာနာထောက်ထားမှု အကူအညီပေးအပ်မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ရှင်းလင်း ပြောကြားချက်များနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ
ဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ နီဝမ်က ပြောကြားရာ၌ အစိုးရက ယခုကဲ့သို့
စီစဉ်ပြသမှုများအတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်
ကိစ္စနှင့်စပ်လျဉ်းပြီး ကော်မရှင်ဖွဲ့ခြင်း စသည့် ဆောင်ရွက်ချက်များ
ရှိပါကြောင်း၊ ယခု လောလောဆယ် ဆောင်ရွက်ရန်မှာ လူသားချင်း စာနာ ထောက်ထားမှု
ကိစ္စကို တုံ့ပြန်ရေး ကိစ္စပင် ဖြစ်ပါကြောင်း၊ နေရာ ပြောင်းရွှေ့
ရောက်ရှိနေသူများကို အမိုး အကာအောက် ရောက်ရှိရေး၊ ယင်းသို့ နေရာ
ချထားနိုင်ရေး အတွက် မြေနေရာ သတ်မှတ်ပေးရေး၊ အကူအညီများ ပေးအပ်ခွင့်
ရရှိရေးအတွက် ဒေသခံ လူ့အဖွဲ့အစည်းများ၏ လူသားချင်း စာနာ ထောက်ထားမှု
အကူအညီပေးသည့် အဖွဲ့အစည်းများ အပေါ် ရန်လိုသည့် သဘောထားများအား ပြောင်းလဲရန်
ကြိုးစားရေး၊ ခေါင်းဆောင်ပိုင်းမှ အောက်ခြေအထိ ပျံ့နှံ့အောင်
ဆောင်ရွက်ရေး၊ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပြန်လည် သင့်မြတ်ရေး၊ အခြေခံ
အကြောင်းအရင်း ဖြစ်သည့် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေခြင်းအား အဖြေရှာ
ဆောင်ရွက်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု ဥပဒေ အရ
နေထိုင်ခွင့်ရှိသူများကို နေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးရေး
စသည်တို့ကို ဆောင်ရွက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက ပြဿနာ ပြန်လည်
ဖြစ်ပွားနေမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်း၌ပင် ပါဝင်လှူဒါန်းသည့်
နိုင်ငံတကာနှင့် နှစ်နိုင်ငံ အကြား လှူဒါန်းသူများအား
ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက် ကူညီရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ
အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တူရကီနိုင်ငံနှင့်
ကမ္ဘောဒီးယားနိုင်ငံတို့မှ သံအမတ်ကြီးများက ရခိုင်ပြည်နယ် အရေးနှင့်
စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို ဆက်လက်
အားပေးကူညီမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍
ဖြေရှင်းရန်မှာ များစွာသိမ်မွေ့ နက်နဲကြောင်း၊ မြန်မာနိုင်ငံ၏
ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ထောက်ခံသည်ကို (၂၁) ကြိမ်မြောက် အာဆီယံ
ထိပ်သီးအစည်းအဝေးတွင် ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါကြောင်းနှင့် ပြဿနာ
ဖြစ်ပွားစေသည့် အကြောင်းအရင်းများကို ဖြေရှင်းနိုင်မှသာ ထပ်မံဖြစ်ပွားမည်
မဟုတ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ဆွေးနွေး ပြောကြားချက် အားလုံးအတွက်
ကျေးဇူးတင်ရှိပါကြောင်း၊ အခြေအနေမှာ များစွာ သိမ်မွေ့ နက်နဲပါကြောင်း၊
ဤအခြေအနေများကို သဘော ပေါက်စေရေးနှင့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက်
ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းကို ကောင်းစွာ နားလည် သိရှိထားရန်
လိုကြောင်း၊ အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင်
ရခိုင်ကိစ္စ ပေါ်ပေါက်လာခြင်းသည် အဟန့်အတား ဖြစ်စေကြောင်း၊
ဇွန်လနှင့်အောက်တိုဘာလ ဖြစ်စဉ်များသည် လူမှုအဖွဲ့အစည်း နှစ်ခုအကြား
ရန်လိုမှုများအပေါ် အခြေခံကြောင်း၊ ခံစားမှုများလည်း နက်နက်နဲနဲ
ရှိကြကြောင်း၊ သို့ဖြစ်ရာ ဤကိစ္စကို ဖြေရှင်းရန်မှာ အချိန်လိုမည်
ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် သွားမည်
ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
အဖွဲ့ဝင်များသည် သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ
အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် စစ်တွေလေဆိပ်မှ
ရဟတ်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ မင်းပြားမြို့နယ် စမ္ဘလေကျေးရွာသို့
ရောက်ရှိကြပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆန်၊
ဆီ၊ ဆား၊ ခေါက်ဆွဲ၊ စောင် စသည့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာသို့ ရောက်ရှိကြပြီး
ဒေသခံပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ သိရှိလိုသည်များကို
မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့်
သံတမန်အဖွဲ့များက တောင်ဘွေကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ဆန်၊ ဆီ၊
ဆား၊ ပဲ၊ ငါးသေတ္တာ၊ ငရုတ်သီးခြောက်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်နှင့်
စောင်တို့ကို ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မောင်တောမြို့နယ်
ရွှေရင်အေးကျေးရွာသို့ ရောက်ရှိပြီး ယာယီ ရှင်းလင်းဆောင်၌
ဒေသခံပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ယင်းနောက် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့်
သံအမတ်ကြီးများ၊ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးတို့က ဒေသခံ
ပြည်သူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စားဝတ်နေရေး
အခြေအနေများကို မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် ရွှေရင်အေးကျေးရွာမှ ဦးသာစိန်က
နိုင်ငံတော်က ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
အဖွဲ့ဝင်များသည် မောင်တောမြို့နယ် သရေကုန်ဘောင် ကျေးရွာတွင် ယာယီ
တဲအိမ်များ ဆောက်လုပ်ပေး၍ ဒေသခံ ပြည်သူများအား နေထိုင်နိုင်ရေး
စီစဉ်ဆောင်ရွက်ထားမှုများကို သွားရောက် ကြည့်ရှု လေ့လာကြပြီး အဆိုပါ
ကျေးရွာရှိ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကား
ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်
သရေကုန်ဘောင်ကျေးရွာမှ ရဟတ်ယာဉ် များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ ညနေ ၆
နာရီတွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရတို့က စမ္ဘလေကျေးရွာ၊ တောင်ဘွေကျေးရွာ၊
ရွှေရင်အေးကျေးရွာနှင့် သရေကုန်ဘောင် ကျေးရွာများသို့ ထောက်ပံ့ပေးအပ်သည့်
ပစ္စည်းများမှာ ဆန်အိတ် ၁၇ဝ၊ ဆီပိဿာ၁ဝဝ၊ ဆား ခုနစ်အိတ်၊ ပဲ ၉၂ ပိဿာ၊
ငါးသေတ္တာ ၁၃ ဖာ၊ ငရုတ်သီးခြောက် ပိဿာ ၄ဝ၊ ဆပ်ပြာဖာ ၅ဝ၊ ခေါက်ဆွဲခြောက် ၁၂၄
ဖာနှင့် စောင် ၁၅ ထည်တို့ ဖြစ်ကြောင်း သိရှိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်