Subscribe to our RSS Feed

ကချင်ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း အမြန်ပြင်ဆင်နေ

From : ခေတ်လူငယ်

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းသည် မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် သားများအတွက် အဓိကကျသော လမ်း တစ်လမ်း ဖြစ်ပါသည်။ ဤလမ်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတို့အတွက် အသက်သွေးကြောသဖွယ် အရေးကြီးသော လမ်းလည်း ဖြစ်ပါသည်။ ထိုမျှအရေးကြီးသော လမ်းပိုင်းသည် လွန်ခဲ့သည့်လများက ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် လမ်းနှင့် တံတားများ ပျက်စီးခဲ့ရပါသည်။ သို့ပါသော်လည်း ယခုအခါ ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်က အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနေပြီ ဖြစ်သည်။ အဆိုပါလမ်း ပြန်လည်တိုးတက် ကောင်းမွန်ရေး ပြုပြင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာချုပ် ဦးသိန်းဇော်က “မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းမှာ သဘာဝဘေးဒဏ်ကြောင့် တောင်ပြိုခြင်း၊ တံတားများ ပျက်စီးခြင်း၊ မိုင်းဒဏ်ကြောင့် တံတားရှစ်စင်း ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး သွားလာမှု ခေတ္တပြတ်တောက်ခဲ့ရ ပါတယ်။ ဒါကြောင့် ဒီလမ်းပိုင်းမှာ ပြည်သူတွေ အမြန်ဆုံးပြန်လည် သွားလာနိုင်ဖို့ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက တံတားများ ပြင် ဆင်ခြင်းနှင့် တောင်ပြိုမြေများ ဖယ်ရှားခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်းက လမ်းတံတားတွေကို ၃-၁၁-၂ဝ၁၂ ရက်မှစပြီး စတင်ပြုပြင် လျက်ရှိပါတယ်။ မိုင် ဝ/ဝ မြစ်ကြီးနားမှ မိုင် ၄ဝ/ဝ (အင်စွတ်)ထိ၊ မိုင် ၅၃/ဝ (တီယန်ဇွတ်) မှ ၆ဝ/ဝ (ဆွတ်ခါး) ထိ၊ မိုင် ၁၂၃/ဝ မှ မိုင် ၁၃၂/ဝ (ဆွမ်ပရာဘွမ်) ထိ၊ မိုင် ၁၃၂/ဝ မှ မိုင် ၁၃၉/ဝ ထိ၊ မိုင် ၁၅၃/ဝ မှ မိုင် ၂၁၈/ဝ (ပူတာအို)ထိ လမ်းပြုပြင်ပြီးစီးပြီ ဖြစ်လို့ ပြင်ဆင်ပြီးတဲ့ အပိုင်းတွေမှာ ယာဉ်များ သွားလာနိုင်ပြီ ဖြစ်ပါတယ်။ ၄င်းလမ်းကို အဖွဲ့လေးဖွဲ့ခွဲပြီး ၃-၁၁-၂ဝ၁၂ ရက်နေ့မှ စတင်ပြုပြင်နေပါတယ်။ မိုင် ၃၆/ဝ (ဖုန်အင်ခ) ပေ ၂ဝဝ ရေနိမ့်တံတားကို ၂၆-၁၁-၂ဝ၁၂ ရက်နေ့တွင် ပြုပြင်ပြီးစီးပါတယ်။ တံတားအထူးအဖွဲ့ (၁၅) က မိုင် ၄ဝ/ဝ (အင်စွတ်)ရှိ ပင်မတံတားကို ပြုပြင်လျက်ရှိရာမှာ ကြမ်းခင်းခင်းတဲ့ အဆင့်ရောက်ရှိပြီဖြစ်ပြီး ၆-၁၂-၂ဝ၁၂ ရက်နေ့မှာ ပြီးစီးပါမယ်။ လမ်းနှင့် တံတား ပြင်ဆင်ခြင်း စုစုပေါင်းကုန်ကျ ခန့်မှန်းငွေ ၈၆၂ ဒသမ ၄၃ သန်း ဖြစ်ပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကို တစ်ကြောင်းထိုး ယာဉ်သွားလာနိုင်တဲ့ အဆင့်အထိ ၂ဝ-၁၂-၂ဝ၁၂ ရက်နေ့မှာ ပြီးစီးမှာဖြစ်ပြီး ၃၁-၁၂-၂ဝ၁၂ ရက်နေ့မှာတော့ အားလုံးပြီးစီးအောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်