Subscribe to our RSS Feed

အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲဝင် ကားများ မြဝတီ-မဲဆောက်မှ တစ်ဆင့်ဝင်မည်

From :ခေတ်လူငယ်

မြန်မာနိုင်ငံမှ ရှစ်ဦးဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် ဒုတိယအကြိမ်မြောက် အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲဝင် ကားများသည် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြဝတီ-မဲဆောက်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယခု ဒုတိယအကြိမ်မြောက် ကားမောင်းပြိုင်ပွဲသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စတင်တာထွက်ခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ကို ဖြတ်၍ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် မြဝတီမဲဆောက်မှ တစ်ဆင့် ဝင်ရောက်ပြီး ဘားအံ၊ နေပြည်တော်၊ မန္တလေးတို့ကို ဖြတ်သန်းမောင်းနှင်၍ ဒီဇင်ဘာ ၁၅ ရက်တွင် ကလေး-တမူးမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ပန်းဝင်မည်ဖြစ်သည်။ ယင်းကားမောင်းပြိုင်ပွဲကို အိန္ဒိယနှင့် အာဆီယံ ဆက်ဆံရေး စတင်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ၁၉၉၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သော အရှေ့မျှော်မူဝါဒအရ အာဆီယံ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မြို့တော် နယူးဒေလီ၌ အာဆီယံ-အိန္ဒိယ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယခုကားမောင်းပြိုင်ပွဲတွင် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံ စုစုပေါင်း ၁၁ နိုင်ငံမှ ပြိုင်ပွဲဝင်ဦးရေ ၁၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲဝင်ကားအစီးရေ ၃၁ စီးရှိကြောင်း သိရသည်။ ပထမအကြိမ် အာဆီယံ-အိန္ဒိယ ကာားမောင်းပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့  တမူးမြို့မှ ဝင်ရောက်ခဲ့ပြီး မန္တလေး၊ လွိုင်လင်၊ ကျိုင်းတုံတို့ကို ဖြတ်၍ တာချီလိတ်မှတစ်ဆင့် ပြန်လည်ထွက်ခွာခဲ့ပြီး ကားအစီး ၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်