Subscribe to our RSS Feed

လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနား သိုက်မြိုက်စွာ ကျင်းပမည်

From : ခေတ်လူငယ်

၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဒေါက်တာမြအေးနှင့် ဒေါက်တာ ကိုကိုဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် ၂၀၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အခမ်းအနားတစ်ခု ဖြစ်သည့် အတွက် ယခုလို ထပ်မံ အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် တင်ပြခဲ့သည်များအနက် အခမ်းအနားကို စည်ကားသိုက်မြိုက် ကျစ်လျစ်စွာ ကျင်းပသွားရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတကိုယ်တိုင် ပါဝင်တက်ရောက်မည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် အဘက်ဘက်မှ အစီအစဉ်တကျ စီမံဆောင်ရွက် သွားနိုင်အောင် အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်တက်စေနိုင်မည့် အခမ်းအနားဖြစ်သည့်အတွက် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြု တင်ပြကြသည်။ ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆွေးနွေးတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။ ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားများကို နေပြည်တော်တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲများနှင့် အားကစား ပြိုင်ပွဲများကို နေပြည်တော်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် ခြိမ့်ခြိမ့်သဲ ဆင်နွှဲသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

  www.MyanmarExpress.net
 

1 comments:

ကျေးဇူးတင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်