From : http://myanmarthway.blogspot.com/2013/01/blog-post_7687.html
www.MyanmarExpress.net
ဦးဆန်းဆင့်
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။
သိပြီးတဲ့လူတွေများပေမယ့် မသိသေးတဲ့ သူတွေအတွက် အနည်းငယ် မိတ်ဆက်ပြီး
စကားခင်းပါရစေ။ ဦးဆန်းဆင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ လူသိများတဲ့နေရာမှာ
ပုံစံ ၂ မျိုးနဲ့ ကျော်ကြားသူလို့ ကျွန်တော်က သတ်မှတ်ချင်ပါတယ်။ ဘာကြောင့်
ဒီလိုပြောရသလဲဆိုတာ ဆက်ရှင်းပြပါမယ့်မယ်။ ပထမတစ်မျိုးက
လွှတ်တော်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျော်ကြားမှုပါ။ ဒုတိယတစ်မျိုးကတော့
အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားမှုပါ။ အဲဒီ
ကဏ္ဍ ၂ ခုလုံးမှာ ဦးဆန်းဆင့်ဟာ ပြောစရာတွေ အတော်များများဖြစ်ပြီး
ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်သူပါ။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ လက်ရှိအသက်ဝင် လည်ပတ်နေတဲ့
လွှတ်တော်တွေ အားလုံးထဲမှာ အသက်အ၀င်ဆုံး၊ အတက်ကြွဆုံး၊ အလုပ်အများဆုံး၊
သတင်းအဖြစ်ဆုံး လွှတ်တော်ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ ပြည်သူတွေရဲ့ အသံတွေကို
လွှတ်တော်ထဲမှာ ပြန်လည်ပဲ့တင်ရေး လုပ်ငန်းတွေကို ဧရာဝတီတိုင်း
ဒေသကြီးလွှတ်တော်က အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီလို
ဆောင်ရွက်ခဲ့တဲ့ အတွက်လည်း အုပ်ချုပ်ရေးပိုင်းနဲ့ ပွတ်တိုက်မှုတွေ
မကြာခဏဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တာတွေကို
ပြန်လေ့လာကြည့်တဲ့အခါမှာ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအတွက် သက်သက်ဆိုတာ
သွားတွေ့ရပါတယ်။ အဲဒါကပဲ သူဦးဆောင်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့
ထူးခြားမှုပါ။ အခြားလွှတ်တော်တွေက အလုပ်ဖြစ်ရုံ၊ လည်ပတ်ရုံ
လုပ်နေတဲ့အချိန်မှာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဟာ သူ့ရဲ့
ပုံမှန်လုပ်ဆောင်ရမယ့် အလုပ်တွေကို လုပ်ခဲ့ရင်းနဲ့ အခြားလွှတ်တော်တွေကို
ကျော်ပြီး နာမည်ထွက်ခဲ့တာပါ။ တကယ်တော့ အထူးအဆန်း လုပ်ခဲ့တာ မရှိပါဘူး။
လွှတ်တော်အလုပ်ကို ပီပြင်အောင် လုပ်ခဲ့ခြင်းပါပဲ။ အဲဒီအတွက်
ဦးဆောင်သူဖြစ်တဲ့ ဦးဆန်းဆင့် နာမည်ထွက်ပြီး ကျော်ကြားတာ မဆန်းလှဘူး
ထင်ပါတယ်ဗျာ။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာတောင်
ပုံမှန်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ လွှတ်တော်စာစဉ်တို့၊ လစဉ်သုံးသပ်ချက်တို့
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကနေ ပုံမှန်ဆောင်ရွက် လုပ်ကိုင်နေတယ်ဆိုတာ
သိရရင်လည်း စာဖတ်သူတော့ မသိဘူး၊ ကျွန်တော်ကတော့ အတော်အံ့သြမိသဗျ။ သြော်..
အဲဒါကြောင့်လည်း ဦးဆန်းဆင့် ဖြစ်နေတာပါလားလို့ တွေးမိပါရဲ့။
ဒုတိယတစ်ပိုင်းဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကျောင်းခြင်းပါ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီနေရာမှာ ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်ရဲ့ တိုင်းဒေသကြီး အစိုးရအပေါ် ထိန်းကျောင်းနိုင်မှုဟာ
ဦးဆန်းဆင့်တစ်ဦးတည်းရဲ့ အင်အားကြောင့်ဆိုတာ ကျွန်တော်ကိုဉာဏ် အပြည့်အဝ
ပြောရဲပါတယ်။ အစိုးရကို ရဲရဲဝံ့ဝံ့ ထိန်းကျောင်းတည့်မတ်ပေးဖို့ မဆုတ်မနစ်၊
မကြောက်မရွံ့ လုပ်ဆောင်ခဲ့သူဟာ ဦးဆန်းဆင့် ဖြစ်ပါတယ်။
ကျွန်တော်ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ရခိုင်ပြည်နယ်
လွှတ်တော်နဲ့ ပတ်သက်တာတွေကို စိတ်ဝင်တစား လေ့လာဖူး၊ မေးမြန်းဖူး၊
ဝေဖန်ခဲ့ဖူးပါတယ်။ စော်ကားပြောဆိုလိုခြင်း မရှိပေမယ့် ရခိုင်လွှတ်တော်နဲ့
အစိုးရဟာ သီးခြားစီမဖြစ်ဘဲ သွယ်ဝိုက်သော နည်းလမ်းနဲ့ ဆက်နွယ်ပတ်သက်မှုတွေ
ရှိနေတယ်လို့ ကျွန်တော်သုံးသပ်ပြခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ် အစိုးရရဲ့
စီမံခန့်ခွဲမှု အမှားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်
ရခိုင်ပြည်နယ်လွှတ်တော်က မည်သည့်ထိန်းကျောင်းမှုမျှ မလုပ်နိုင်ခဲ့ပါဘူး။
လွှတ်တော်ကိုယ်စားလှယ် အများစုဟာ လူမျိုးရေးကိစ္စတွေ၊ ယဉ်ကျေးမှုကိစ္စတွေနဲ့
ငြင်းခုန်ပြီး အချိန်ကုန်နေခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသား
ရာနှုန်းပြည့်နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရကို
ရခိုင်တိုင်းရင်းသား ရာနှုန်းပြည့်နီးပါး ပါဝင်နေတဲ့ ပြည်နယ်လွှတ်တော်က
မထိန်းကျောင်းနိုင်တာဟာ ဘာကြောင့်လဲဆိုတာ ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုပါဘူး။
ဟိုမရောက်ဒီမရောက် ကျွန်တော်ကိုဉာဏ်လိုလူတောင် သိသေးရင် တာဝန်ရှိတဲ့လူတွေက
မသိစရာ အကြောင်းမရှိပါ။ မူလအကြောင်းအရာကနေ သွေဖည်သွားတဲ့အတွက်
တောင်းပန်ပါတယ်။ ပြန်ဆက်ရရင် အခြားပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့
လွှတ်တော်တွေမှာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို
ထိန်းကျောင်းနိုင်လောက်တဲ့၊ ထိန်းကျောင်းရဲတဲ့ ဥက္ကဋ္ဌတွေ ရှိမနေခဲ့ပါဘူး။
ဒီစကားဟာ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ သိက္ခာကို ထိပါးစေတယ်လို့ ယူဆကောင်း
ယူဆနိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းကို
မှန်မှန်ကန်ကန် ထိန်းကျောင်းတည့်မတ်ဖို့ တာဝန်ရှိတဲ့ လွှတ်တော်တွေ
အသက်မ၀င်တာကိုတော့ ကျွန်တော်မကျေနပ်နိုင်တာ အမှန်ပါ။ အဲဒီနေရာမှာ
ကျွန်တော်သွားတွေ့တာ တစ်ချက်ကတော့ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့
ဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေက ဥက္ကဋ္ဌတွေရဲ့
နှိုင်းယှဉ်ချက်ပါပဲ။ သူတို့ ၂ ယောက်ကြားက ကွာဟချက်ဟာ လွှတ်တော်တွေ
အသက်ဝင်/မ၀င် ဆိုတာကို အဆုံးအဖြတ် ပေးသွားတာပါပဲ။ ဦးဆန်းဆင့်ကတော့
ဧရာဝတီတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေဘောင်
အတွင်းကနေပဲ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပိုင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ကျွန်တော်ပြောရင် အခြားလူတွေတော့
မသိဘူး၊ ဦးဆန်းဆင့်တော့ ငြင်းမယ်မဟုတ်ဘူးလို့ ကျွန်တော်က
ယုံကြည်မိပါရဲ့ဗျာ။
ကဲ... အခုလိုလျှောက်ပြီး ဋီကာတွေ ချဲ့နေ၊ ပြောနေရတာ ဖတ်ရတဲ့လူလည်း
ငြီးငွေ့ရောပေါ့ဗျာ။ ကျွန်တော်အဓိက ပြောချင်တာက ဒီကိစ္စတွေ မဟုတ်ပါဘူး။
ဒါတွေက နိဒါန်းပျိုးနေရတာတွေပါ။ ပြောချင်တဲ့ကိစ္စက အများစု
သိပြီးဖြစ်ပါလိမ့်မယ်။ မကြာသေးခင်ကမှ လစ်လပ်သွားခဲ့တဲ့ သာသနာရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဆန်းဆင့်ကို ခန့်အပ်လိုကြောင်း သမ္မတကြီးက
ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာ ပေးပို့ခဲ့တယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ နေရာအတွက် အစားထိုးခန့်အပ်ဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို
သ၀ဏ်လွှာပို့တာ ဘာမျှ မထူးဆန်းပါဘူး။ ဒါပေမယ့် ထူးဆန်းတာက
အဲဒါနဲ့ပတ်သက်ပြီး ထွက်လာတဲ့ မှတ်ချက်တွေ၊ ဝေဖန်မှုတွေပါပဲ။
အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင်တော့ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးအဖြစ်
မပြောင်းစေချင်ကြဘူး။ လွှတ်တော်အတွက် နစ်နာလို့တဲ့။ ဒါပဲ။ အဲလိုကျတော့လည်း
တအားတိုသွားသလား၊ နည်းနည်းလောက် ထပ်ပြီး ရှင်းပြခွင့်ပြုပါ။
ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေကလည်း ဦးဆန်းဆင့် ပြောင်းသွားမှာကို
မလိုလားဘူးတဲ့။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဦးဆန်းဆင့် မရှိတော့ရင်
အရှိန်ရနေတဲ့ လွှတ်တော်လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားနိုင်တယ်တဲ့။
တိုင်းဒေသကြီးလွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို အစကနေ ပြန်စရနိုင်တယ်တဲ့။
ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်အချို့ကလည်း ရွှေဉာဏ်တော် စူးရောက်ပြီး
ပြောရှာပါတယ်။ ဦးဆန်းဆင့်ဟာ တအားထက်နေတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌကနေ
အစိုးရထဲကိုထည့်ပြီး သာသနာရေးဝန်ကြီး ပေးတာတဲ့။ သူပြောသလိုဆိုရင်
ဦးဆန်းဆင့်ကို ခန့်ချင်တာနဲ့ပဲ အရင်သာသနာရေးဝန်ကြီးကို ရာထူးက
နုတ်ထွက်ခိုင်းခဲ့သလိုပဲ။ တွေးတတ်ပါ့။ အချို့ကလည်း ဧရာဝတီတိုင်းဒေသကြီး
အစိုးရအတွက် အသက်ရှူချောင်အောင် လုပ်ပေးတာတဲ့။ ဒါလည်း အံ့သြစရာ
အတွေးအခေါ်ပဲ။ အခုနောက်ဆုံး ဦးဆန်းဆင့်ကပါ စကားတွေပြောလာတယ်။ ဧရာဝတီတိုင်းက
ပြည်သူတွေက မသွားစေချင်ရင် မသွားဘဲ လွှတ်တော်မှာပဲ နေပါ့မယ်တဲ့။ အဲဒါကျတော့
ကျွန်တော်ကိုဉာဏ်က ပြတ်ပြတ်သားသားပဲ ဝေဖန်တယ်ဗျာ။ အဲဒါတော့ ဦးဆန်းဆင့်
ရှော်တာပဲ။ ရူးတာပဲ။ အဲလို မပြောသင့်ဘူး။ ထားပါတော့... အခုလောလောဆယ်
ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်မှာလား၊ သူကရော လုပ်မှာလား၊ ဘာဆိုဘာမျှ
သဲသဲကွဲကွဲ မသိရသေးဘူး။ ဦးဆန်းဆင့်ကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်နေသေးတယ်လို့
မြင်မိတယ်။
ကျွန်တော့်သဘောကတော့ ဦးဆန်းဆင့် သာသနာရေးဝန်ကြီးရာထူးကို လက်ခံသင့်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သည် တိုင်းဒေသကြီး တစ်ခုအတွက်သက်သက်သာ
ဖြစ်ပါသည်။ သာသနာရေးဝန်ကြီးဌာနသည် တစ်ပြည်လုံးအတွက်၊
မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံအတွက် အလုပ်လုပ်နိုင်တဲ့နေရာ
ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ စွမ်းဆောင်သမျှသည်
တိုင်းဒေသကြီးတစ်ခုသာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာနမှာ
တော်တည့်မှန်ကန်စွာနဲ့ အလုပ်လုပ်ခြင်းသည် တစ်ပြည်လုံးအတွက်၊
တစ်နိုင်ငံလုံးအတွက် အကျိုးခံစားရမည် ဖြစ်ပါသည်။ ထိုအချက်ကို မမေ့စေလိုပါ။
နောက်တစ်ခုက အုပ်ချုပ်ရေးပိုင်းကို ၀င်သင့်ပါသည်။ သို့မှသာ လွှတ်တော်တွေရဲ့
ထိန်းကျောင်းဝေဖန်ခြင်းကင်းအောင် ဘယ်လိုအလုပ် လုပ်သွားမယ်ဆိုတာ အခြားလူတွေက
လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းလောကမှာလည်း
အဲဒီလိုဆန်ဆန် အဖြစ်အပျက်တွေက အမြဲတမ်းရှိပါတယ်။ ကိုယ့်ရုံးမှာ
အဆင်ပြေနေတဲ့ ၀န်ထမ်းတစ်ယောက်ကို လက်လွှတ်ရမှာ အင်မတန်ကြောက်တဲ့
ရောဂါဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကောင်း၊ လူတော် ရှားပါး၍၊
အသုံးတည့်သူ ရှားပါး၍ ဖြစ်ပါသည်။ တကယ်လို့သာ စာရေးတွေအားလုံး
စာရေးပီသနေပါလျှင်၊ ရုံးအုပ်တွေအားလုံး ရုံးအုပ်ပီသနေပါလျှင်၊
ဌာနစုမှူးတွေအားလုံး ဌာနစုမှူးပီသနေပါလျှင်၊ မန်နေဂျာတွေအားလုံး မန်နေဂျာ
ပီသနေပါလျှင် ယခုကဲ့သို့ အဖြစ်မျိုးတွေ မဖြစ်နိုင်ဟု ယုံကြည်ပါသည်။ ဒါက
စနစ်နှင့်လည်း ဆိုင်မည်ထင်ပါသည်။ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင်
ဝန်ထမ်းတစ်ယောက် အလုပ်ပြောင်းသွားလျှင်၊ သို့မဟုတ် ခွင့်သွားလျှင်၊
သို့မဟုတ် အလုပ်မှနုတ်ထွက်သွားလျှင် အခြားတစ်ယောက်က
ဆက်လုပ်လိုက်တာပဲဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံကျမှပဲ ဒီတစ်ယောက်
ခွင့်သွားလျှင် နောက်တစ်ယောက်မှာ ဘာလုပ်ရမှန်းမသိတော့။ ဟိုလုပ်ငန်းလစ်ဟင်း၊
ဒီအလုပ် လစ်ဟာ ဖြစ်ကုန်တော့သည်။ ဒါက မူနှင့်မလုပ်ဘဲ
လူနှင့်လုပ်ခြင်းကြောင့်ဟု ကျွန်တော်နားလည်မိသည်။ အခုလည်း ထို့အတူပင်။
ဦးဆန်းဆင့် မရှိတော့လျှင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သည်
အခြားလွှတ်တော်များကဲ့သို့ပင် ဖြစ်သွားတော့မည်ကို အားလုံးသိနေကြသည်။
ဘာကြောင့်လဲဆိုတော့ လွှတ်တော်လုပ်ငန်းစဉ်များအတိုင်း လုပ်ရမည့်အလုပ်များကို
အခြားလူများက လုပ်လိမ့်မည်ဟု မသေချာသောကြောင့် ဖြစ်သည်။ ကျွန်တော်သာ
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ထဲက ကိုယ်စားလှယ်တစ်ယောက်ဆိုလျှင်
ရှက်လွန်းလို့ သေသွားနိုင်သည်။ ဦးဆန်းဆင့်မရှိလျှင်
နောက်တစ်ယောက်လုပ်ပေါ့။ ဦးဆန်းဆင့်ထက် သာအောင်လုပ်ပေါ့။ ကိုယ်တိုင်ကျတော့
အဲဒီလို တော်အောင်၊ ထက်အောင် မကြိုးစားချင်ကြတော့ဘူးလား။ ငါမရှိရင် ဒီနေရာက
မဖြစ်ဘူးဆိုလျှင်တော့ ထိုနေရာအတွက်ရော၊ ထိုလူအတွက်ပါ တစ်ခုခု
လွဲချော်နေပြီဟု ကျွန်တော်က ဆိုချင်ပါသည်။ လက်ခံရမည်ဟု မဆိုလိုပါ။
စာဖတ်သူတို့ ဉာဏ်ရှေ့ပန်း၍ ဆင်ခြင်နိုင်ရန်သာ ဖြစ်ပါသည်။


4 comments:
MyanmarExpress ရဲ့ ဆောင်းပါးတွေမှာ ဒီတခုအကြိုက်ဆုံးနဲ့  ဒီတခုပဲ လက်ခံရတယ်။ ဒါမျိုးကျတော့ ၀င်ဆဲနေကြသူတွေ ဘယ်ရောက်သွားလဲမသိဘူး။
ဧရာဝတီလွှတ်တော်၏ တခြားတိုင်းနှင့်ပြည်နယ်နှင့် မတူသောအချက်မှာ ထိုလွှတ်တော်တွင်ရှိသော ကိုယ်စားလှယ်များအားလုံးသည် ကြံ့ခိုင်ရေးပါတီ မှကိုယ်စားလှယ်များ ဖြင့်သာဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။ ဦးဆန်းဆင့် တော်သည်ဆိုတာကို လက်ခံပါသည်။ တခြားလွှတ်တော်နှင့် မတူသည်မှာ အတိုက်အခံမရှိသော တစ်ခုထဲသော လွှတ်တော် ဖြစ်နေသည်ကို ဆောင်းပါးရှင် စဉ်းစားသင့်သည်ဟု ထင်ပါသည်။
thu lae' ta kal tot thu myar tway htet taw tar bar mha ma shi par buu..sit thar 1 yout ka bal lout myar taw naing mhar lae'... a la kar a lote ma shi a kine ma shi e pout nay kya tar
ဦးဆန်းဆင့် ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်နေ၊ တစ်ဦးချင်းအနေနဲ့ပြောမယ်။ ကျန်းမာချမ်းသာပါစေ၊လွတ်မြောက်နိုင်ပါစေ၊ တိုင်းပြည်အကျိုးးသယ်ပိုးနိုင်ပါစေ၊ ကျေးဇူးတရားကိုသိစွာဖြင့်၊ အလေးပြုအပ်ပါသည်။(ရိုးသားကျိုးစား ဧရာဝတီသား)
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်