Subscribe to our RSS Feed

ပြည်ထောင်စုဝန်ကြီး သုံးဦးနှင့် အလုပ်သမားအဖွဲ့အစည်း ၄၈ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံ

From : 7day


ပြည်ထောင်စုဝန်ကြီး သုံးဦးနှင့် အလုပ်သမားအဖွဲ့အစည်း ၄၈ ဖွဲ့မှ ကိုယ်စားလှယ်များ ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွေ့ဆုံရာတွင် အလုပ်ရှင်များက တည်ဆဲဥပဒေများအား မလိုက်နာခြင်း၊ သမဂ္ဂများ ဖွဲ့စည်းရာတွင် အခက်အခဲများရှိခြင်းတို့အား တင်ပြဆွေးနွေးကြသည်။

တက်ရောက်လာသော အဖွဲ့အစည်းများမှ တင်ပြချက်နှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ကျွန်တော်တို့နိုင်ငံမှာ တွေ့နေရတဲ့ အကြောင်းအရာတစ်ခုက စောင့်ကြပ်စစ်ဆေးမှု မရှိတာဘဲ။ ဘာပဲလုပ်လုပ် စောင့်ကြပ်စစ်ဆေးတဲ့ အစီအစဉ်မရှိတဲ့အခါကျတော့ အမိန့်တွေ ထုတ်ပေးလိုက်လည်း ဘယ်သူမှမလိုက်နာဘူး"ဟု ရှင်းလင်းပြောကြားသည်။

အစိုးရအဖွဲ့က အလုပ်သမားနှင့် လယ်သမားသမဂ္ဂများ ပေါ်ပေါက်လာရန် မျှော်လင့်ပြီး မျှတသော သမဂ္ဂများဖြစ်ပါက အလုပ်သမားများက အားကိုးလာမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဦးစိုးသိန်းက ပြောကြားခဲ့သည်။

အစိုးရက အလုပ်သမားအသင်းအဖွဲ့များ စတင်ဖွဲ့စည်းခွင့်ပြုခဲ့သည့် ပြီးခဲ့သည့်နှစ်မှ ယခုအချိန်ထိ ငြိမ်းချမ်းစွာ တောင်းဆိုသော်လည်း အလုပ်ထုတ်ခံရသော အလုပ်သမား ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသာ ရှေ့နေဦးဌေးက ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲမှ ၁၂ နာရီထိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော တွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ တက်ရောက်လာပြီး တက်ရောက်လာသော အလုပ်သမားအဖွဲ့ ၄၈ ဖွဲ့မှ ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးတင်ပြချက်များအား သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနှင့် အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်