Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေး တက်ရောက် ဆွေးနွေး

From : ..သမ္မတရုံး



နေပြည်တော် ဧပြီ ၂၅
(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးသို့ ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် ဆွေးနွေးသည်။

သီးသန့် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတ နိုင်ငံသမ္မတ ဒေါက်တာဆူစီလို ဘမ်ဘန်းယူဒိုယိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် President of the Senate H.E. Mr. Tan Sri Abu Zahar Ujang၊ ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ က (၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန် ဟာဂျီဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် အာဆီယံ အသိုက်အဝန်း ၂ဝ၁၅ ၊ အာဆီယံဗဟို အချက်အချာကျမှုနှင့် ဒေသတွင်း ဗိသုကာ တည်ဆောက်မှု၊ အာဆီယံအနာဂတ်လုပ်ငန်းစဉ်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ဘန်ဒါဆရီဘီဂါဝန်မြို့တော်ကို လာရောက်လည်ပတ်ခွင့် ရသည့်အတွက် ကြည်နူးဝမ်းမြောက် မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း။

ဤထိပ်သီးအစည်းအဝေး၌ မိမိတို့အနေဖြင့် ဘရူနိုင်းနိုင်ငံ၏ ''မိမိ အနာဂတ်အတွက် အတူတကွ ပေါင်းစည်းကြမယ့် မိမိတို့၏ ပြည်သူများ'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံ အသိုက်အဝန်း ထူထောင်မှုတွင် ပြည်သူများ၏ အခန်းကဏ္ဍနှင့် ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံ၏ အနာဂတ် မျှော်မှန်းချက် တို့ကို လေးလေးနက်နက် ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း။

အဆွေတော် ဘုရင်မင်းမြတ်၏ ခေါင်းဆောင်မှုအောက်၌ အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိမည်ဟု မိမိတို့ အပြည့်အဝ ယုံကြည်ပါကြောင်း၊ ဘရူနိုင်းနိုင်ငံ၏ ခေါင်းဆောင်မှုအောက်၌ ချမှတ်သွားမည့် အာဆီယံ ဆုံးဖြတ်ချက်များ အောင်မြင်စွာ အကောင်အထည် ဖော်ရေးကိုလည်း မိမိတို့အနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်သွားပါမည်ဟု ကတိပြု ပြောကြားလိုပါကြောင်း။

အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၏ သစ်လွင်ပြီးဆန်းသစ်သည့် အစီအမံများကို ကြိုဆိုပါကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်၏ အာဆီယံအသိုက်အဝန်း ထူထောင်မှုနှင့် ၂ဝ၁၅ ခုနှစ်လွန် အတွေးအမြင်များကိုလည်း ထောက်ခံပါကြောင်း။

မိမိတို့အနေဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းကို အကောင်အထည်ဖော်မှု၌ တိုးတက်မှုများ မြင်တွေ့လိုပါကြောင်း၊ အာဆီယံပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ် မှုများ ပြုလုပ်သွားရန် မိမိတို့အနေဖြင့် ထောက်ခံသွားရန် အဆင်သင့်ရှိမည် ဆိုသည်ကိုလည်း ဤနေရာ၌ ပြောကြားလိုပါကြောင်း။

အာဆီယံအသိုက်အဝန်း ၂ဝ၁၅ (ASEAN Community 2015) ထူထောင်မှုနှင့် ပတ်သက်၍ မိမိတို့အမြင်အချို့ကို တင်ပြလိုပါကြောင်း၊ပထမအချက်အနေဖြင့် အာဆီယံ၏ စီးပွားရေးသည် ကောင်းမွန်နေပြီး ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများအကြား၌ အာဆီယံ အနေဖြင့် ပုံမှန်တိုးတက်မှုများ ရရှိနေပါကြောင်း။

ဥရောပသမဂ္ဂဝင် နိုင်ငံများအနေဖြင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ လွန်မြောက်အောင် ကြိုးပမ်းနေသည့်အချိန်တွင် အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုသည် ၅ဒသမ ၅ ရာခိုင်နှုန်း ရရှိနေပါကြောင်း၊ အာဆီယံနိုင်ငံများအနေဖြင့် ယခုစီးပွားရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း ထားခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့အနေဖြင့် အာဆီယံ၏ တလုံးတစည်းတည်းသော ဈေးကွက်နှင့် ကမ္ဘာ့ထောက်ပံ့မှု စနစ်မှာ တလုံးတစည်းတည်းသော ထုတ်လုပ်မှုအခြေခံ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဒေသတစ်ခုအဖြစ် ရပ်တည်သွားနိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံနိုင်ငံများအနေဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့ခြင်း၊ အလယ်အလတ်နှင့် အသေးစား လုပ်ငန်းများ တိုးတက်ထွန်းကားခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ အပြန်အလှန် ရွှေ့ပြောင်းနိုင်ခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း ထုတ်လုပ်မှုစွမ်းအားစုများ ခွဲဝေအသုံးချမှုကို စွမ်းဆောင်ရည် ပြည့်ဝအောင် ဆောင်ရွက်ပေးစေနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေမည်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်မှု၌ ၇၅ ရာခိုင်နှုန်းမျှ ပြီးစီးအောင်မြင်ခဲ့ပြီ ဆိုသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့်ပတ်သက်၍ ရည်မှန်းချက်များ ပြည့်မီရေးကို ဦးတည်ဆောင်ရွက်နေပြီး ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ကြရန်ကိုလည်း တိုက်တွန်းပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ၏ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်း ဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ဒုတိယအချက်အနေဖြင့် မိမိတို့တည်ထောင်မည့် အာဆီယံအသိုက်အဝန်းသည် ခိုင်မာပြီး ရေရှည်တည်တံ့ရန်လိုအပ်ပါကြောင်း၊ အာဆီယံသည် အာရှငွေရေးကြေးရေး အကျပ်အတည်း၊ ဆားစ်ဟုခေါ်သည့် ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ တစ်ဖက်၌ မိမိတို့အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်နေရပါကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်၏ ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရန် အစီအမံများ ချမှတ်ပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်ကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများမှာGreen Growth Technology နှင့် Green Economyစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုသည့် စီးပွားရေး လုပ်ငန်းများ ဖြစ်ကြပါကြောင်း။

ယင်းကြောင့် မိမိတို့အနေဖြင့် အမျိုးသားစီးပွားရေး စီမံချက်များ ချမှတ်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးအနက်ထားထည့်သွင်း စဉ်းစားပါကြောင်း။

တတိယအချက်အနေဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ရာ၌ ကောင်းမွန်သည့် ဆက်သွယ်မှု စနစ်ရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ဆက်သွယ်ပေါင်းစည်းမှုကို တိုးတက်ဆောင်ရွက်နေသည့် တစ်ချိန်တည်း၌ အဖွဲ့အစည်းများအကြား ဆက်သွယ်ရေးနှင့် အာဆီယံပြည်သူများအကြား ထိတွေ့ဆက်ဆံကူးလူးမှုကို တိုးမြှင့်ရေးသည်လည်း ထပ်တူထပ်မျှ အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံဆက်သွယ်ပေါင်းစည်းမှု မဟာစီမံကိန်းကြီး အကောင်အထည် ဖော်နေမှုနှင့် ရည်မှန်းချက် အောင်မြင်ရေးအတွက် လုပ်ဆောင်နေမှုအားလုံးကို အပြည့်အဝ ထောက်ခံပါကြောင်း။

ဤစီမံကိန်းကြီး၌ ပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဖက်နိုင်ငံများနှင့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတို့ကို ယခုအစည်းအဝေးမှ ဖိတ်ခေါ်လိုပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ နိုင်ငံတော်နှင့် ပုဂ္ဂလိကအတူ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များကို ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ ယင်းစီမံချက်များသည် ဒေသဆိုင်ရာ ဆက်သွယ်ပေါင်းစည်းမှုကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အနာဂတ် မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ပေးသွားရမည် ဖြစ်ပါကြောင်း။

စတုတ္ထအချက်အနေဖြင့် စစ်မှန်သည့် အာဆီယံအသိုက်အဝန်း ထူထောင်မှု၌ ကောင်းမွန်သော ပြည်သူများ တက်ကြွစွာပူးပေါင်းပါ ဝင်သွားကြရေးဖြစ်ပါကြောင်း။

အာဆီယံအနေဖြင့် စီမံခန့်ခွဲမှု ကောင်းမွန်ရေး၊ ဒီမိုကရေစီအခြေခံ သဘောထားများ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကို အလေးထား ဆောင်ရွက်နေချိန်တွင် သက်ဆိုင်သူ အားလုံးပါဝင် ဆောင်ရွက်ခွင့် ရရှိကြမည်ဖြစ်ပါကြောင်း၊ ယင်းသို့ သက်ဆိုင်သူအားလုံး ပါဝင်လာခြင်းအားဖြင့် ပြည်သူလူထုကို အခြေခံသည့် အသိုက်အဝန်း ပေါ်ပေါက်ရေးကို ဦးတည်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံအသိုက်အဝန်း ကို သက်ဆိုင်သူ အားလုံးအကြား စိမ့်ဝင်သဘောပေါက် နားလည်လာ ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အာဆီယံ အသိုက်အဝန်းကြီးနှင့် ပတ်သက်သည့် အသိပညာပေးရေးကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါကြောင်း။

ပဉ္စမအချက်အနေဖြင့် အာဆီယံသည် မတူညီမှုများသည့် ဝိသေသများ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ဒေသဆိုင်ရာအဖွဲ့ အစည်းအဖြစ် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ အာဆီယံ၏ထူးခြားသည့် ဝိသေသကို ဆက်လက်ထိန်းသိမ်း ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံအဖွဲ့ဝင်များ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးသော ဓလေ့ထုံးစံနှင့် ကိုးကွယ်မှုများကို လေးစားလိုက်နာသည့် သဟဇာတရှိသည့် လူ့အဖွဲ့အစည်းထူထောင်သွားရန် လိုအပ် ပါကြောင်း။

မိမိတို့အနေဖြင့် အစွန်းရောက်မှုကို ရှောင်ရှားပြီး စိတ်ရှည်သည်းခံမှု၊ ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုကို တိုးတက်မြှင့်တင်ဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံများ အကြား ဆက်ဆံရာ၌ ယင်းရပ်တည်ချက်ကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ၏ လူမှုရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျန်အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထုအားလုံး ငြိမ်းချမ်းပြီး သဟဇာတရှိသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးရန်အတွက် အစွမ်းကုန် လုပ်ဆောင်နေပါကြောင်း။

ဆဋ္ဌမအချက်အနေဖြင့် အာဆီယံအနေဖြင့် အာဆီယံအသိုက် အဝန်း ထူထောင်ရာ၌ မိသားစု တန်ဖိုးထားမှုနှင့် မျှဝေခံစားမှုများကို အလေးထားဆောင်ရွက်နေသည်ကို အထူးအားရပါကြောင်း ပြောကြားလိုပါကြောင်း၊ အာဆီယံနိုင်ငံများ အကြား၌ ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းအောင်ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။

ယင်းသို့ လုပ်ဆောင်သည့်နေရာတွင် စီအယ်အမ်ဗီ (CLMV)၊ အက်ခ်မက်စ် (ACMECS) ၊ ဘင်မီ ယာဂါ(BIMP-EAGA)၊ အိုင်အမ်တီ ဂျီတီ(IMT-GT)၊ ဂျီအမ်အက်စ်(GMS) နှင့် မဲခေါင်မြစ် အောက်ခြေနိုင်ငံများ အစီအစဉ်  (LMI) စသည့်ဒေသခွဲဆိုင်ရာ အဖွဲ့အစည်း များကိုပိုမိုရှင်သန်အောင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး အာဆီယံဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

တစ်ချိန်တည်းမှာပင် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသည့် နိုင်ငံအားလုံး အလေးထားရမည့် ကိစ္စများဖြစ်သော တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှု၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ ကိစ္စရပ်များတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှု လျော့နည်းရေးကို အလေးထား ဆောင်ရွက်နေပြီး ယင်းလုပ်ငန်းစဉ်သည် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့် တစ်ထပ်တည်းရှိပြီး အာဆီယံ ပေါင်းစည်းမှုဆိုင်ရာ ဦးဆောင်ဦးရွက်မှုအောင်မြင်ရေးကို အထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်း။

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ မိမိတို့နိုင်ငံခြားရေး ဝန်ကြီးများ အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ်တွင်း နယ်မြေအငြင်းပွားမှုများ၌ တိုက်ရိုက်ပါဝင်သည့် နိုင်ငံမဟုတ် သော်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် ယင်းကိစ္စကို အထူးအလေးထား ပါကြောင်း ပြောကြားလိုပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှန်သမျှကို မိမိတို့ အစဉ်တစိုက် ထောက်ခံအားပေးခဲ့ပါကြောင်း။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ တောင်တရုတ်ပင်လယ် ဆိုင်ရာ အခြေခံမူ (၆) ချက်နှင့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် အာဆီယံနှင့် တရုတ်အကြား သဘောတူညီချက်များကို မိမိတို့ထောက်ခံပါကြောင်း။

တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) ကို အပြည့်အဝ အကောင်အထည်ဖော်သွားရေးနှင့် တောင်တရုတ် ပင်လယ်ဆိုင်ရာ နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ(COC) ပေါ်ထွက်ရေး အတွက် ရှေ့သို့ဦးတည်သည့် လုပ်ငန်းများကို အကောင်အထည် ဖော်သွားရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၌ အာဆီယံ၏ တူညီသည့် ရပ်တည်ချက် ထွက်ပေါ်ရေးအတွက် ကြိုးပမ်းသည့်နေရာတွင် အာဆီယံ၏ တူညီဆန္ဒနှင့် တစ်သားတည်း ရှိနေမည် ဖြစ်ပါကြောင်း။

တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး မျိုးသစ်တစ်မျိုး ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါ ကြောင်း၊ ယင်းတုပ်ကွေး မျိုးသစ်သည် ကပ်ရောဂါ အသွင်အဖြစ် ကူးပြောင်းမသွားစေရန်နှင့် ဒေသအတွင်း ပံျ့နှံ့ရောက်ရှိမလာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယင်းတုပ်ကွေး မျိုးသစ်အတွက် ကာကွယ်ဆေး ပေါ်ပေါက်လာရန် ဆောင်ရွက်နေကြ သူများကိုလည်း ထောက်ခံအားပေး ပါကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့အနေဖြင့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ ကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အာဆီယံသည် ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ အတွေ့အကြုံ ရှိပြီးဖြစ်၍ ယင်းရောဂါကိုလည်း ထိရောက်စွာ ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် သတိဝီရိယရှိရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များဖလှယ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှာလည်းဖြစ်ပါကြောင်း။

ဥရောပကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည့် ဧပြီ ၂၂ ရက်က ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါ ကြောင်း ပြောကြားလိုပါကြောင်း၊ အီးယူမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုများနှင့် ပြုပြင်ပြောင်း လဲမှုများကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

၎င်းအတွက် ထောက်ခံအားပေးခဲ့သည့် အာဆီယံနိုင်ငံများကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အပေါ်ကျန်ရှိသည့် ပိတ်ဆို့မှုများကိုလည်း အမြန်ဆုံး ရုပ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

အစည်းအဝေး အပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် သုံးဆောင်ကြသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်