Subscribe to our RSS Feed

မြန်မာနိုင်ငံအား အမေရိကန် အစိုးရက ကုန်သွယ်မှု အထူးအခွင့်အရေး ပေးခြင်းဖြင့် ကူညီသွားရေး သုံးသပ်နေ

From : ..မြဝတီ

ရန်ကုန်   ဧပြီ   ၂၆
အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် သံအမတ်ကြီး Mr. Dem-etrios Marantis က ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် တော်ဝင်လမ်း အမေရိကန် စင်တာ၌ ပြုလုပ်သော ကျောင်းသားလူငယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ပွဲ၌ အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့ ထားမှုများကို ပြီးခဲ့သည့်နှစ်က ဖြေလျှော့ ပေးခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိစဉ်က အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ကြီးများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားကလည်း  ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်  အာရှပစိဖိတ် ဒေသတွင် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပါကြောင်း၊  အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအား Generalized System Preference (GSP) ကုန်သွယ်မှု အထူးအခွင့်အရေး ပေးခြင်းဖြင့် ကူညီသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ပေးနိုင်ရန် သုံးသပ်နေပြီ ဖြစ်ကြောင်းဖြင့်  ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မည်သို့သောကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည် ဆိုသော ကြိုတင် မေးခွန်းနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများသည် အံ့သြဖွယ်ရာ ကောင်းလောက်အောင်၊  စိတ်လှုပ်ရှားဖွယ်ရာ ကောင်းအောင်   မြန်ဆန်တိုးတက် ပြောင်းလဲ ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင်လည်း သာမန်အခြေခံ လူတန်းစားများ၏ နေ့စဉ် ဘဝကို ပိုမို တိုးတက် ကောင်းမွန်မည့် လုပ်ငန်းများ၌ ဦးစားပေး ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
အရေးအကြီးဆုံး အချက်မှာ မြန်မာနိုင်ငံ အနေဖြင့် ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်စွာ အကောင်အထည် ဖော်ရန် ဖြစ်ကြောင်း၊ ဈေးကွက် ဖွင့်လှစ်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အလွန် အရေးပါကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုလည်း ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဈေးကွက်သည် အလွန် စိတ်ဝင်စားစရာ ကောင်းသည့် ဈေးကွက် တစ်ခုဖြစ်သည်ဟု  မိမိတို့ ယုံကြည် ထားပါကြောင်း ဆက်လက် ပြောကြားခဲ့သည်။
အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ်သည် ဥရောပသမဂ္ဂ (အီးယူ)၏ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော  စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှုများ ရုပ်သိမ်းပြီး နှစ်ရက် အကြာ ဧပြီ ၂၄ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ၂၇ ရက်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်