Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ကျင်းပမည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေး နှင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့တက်ရောက်ရန် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အဖွဲ့ဝင်များအား ထိုင်းနိုင်ငံ ဝန်ကြီး  ချုပ်ရုံး ဝန်ကြီး H.E.Mr.Niwattumrong Boon Songpaisan နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ESCAP အဆောက်အအုံသို့ ရောက်ရှိ ကြရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Mr.Jan Eliasson နှင့် ESCAP အမှုဆောင်အတွင်းရေးမှူး Dr.Noeleen Heyzer တို့က ကြိုဆိုကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနှင့် အဖွဲ့ဝင်များသည် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးကော်မရှင်အစည်းအဝေးသို့ တက်ရောက်ကြ သည်။

အစည်းအဝေးတွင်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဒုတိယအတွင်းရေးမှူးချုပ်က ဖတ်ကြားပြီး ESCAP အမှုဆောင် အတွင်းရေးမှူးက ဖွင့်ပွဲနှင့် မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ဖော်ညွှန်းသည့် အကပဒေသာဖြင့် ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုကြသည်။

ထို့နောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်  အမှုဆောင်အတွင်းရေးမှူး Dr.Noeleen Heyzer က နိုင်ငံတော်သမ္မတ သိန်းစိန်အား မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်သမ္မတ၏ ထက်မြက်သည့်အမြင်၊ ခေါင်းဆောင်မှုနှင့် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များအတွက် အသိအမှတ်ပြု ဆုတံဆိပ်ကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင်-

UN ESCAP ၏ အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ယူချိန်မှစပြီး မြန်မာနိုင်ငံ အတွက် မိတ်ဆွေကောင်းတစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည့် ဒေါက်တာနော်လင်းဟေဇာ ၏ ဖိတ်ကြားချက်ကို လက်ခံတက်ရောက်နိုင်သည့်အတွက် အထူးဝမ်းမြောက် ပါကြောင်း၊ ဒေါက်တာနော်လင်းဟေဇာ၏ တည်ကြည်သည့် ဦးဆောင်မှု၊ ပြတ်သား သည့်ဆုံးဖြတ်ချက်များနှင့် ESCAP အဖွဲ့ကြီးသည် ဒေသတွင်း ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံကို ပြောင်းလဲမှု လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်မှုနှင့် ရဲဝံ့မှုတို့အတွက် အသိအမှတ်ပြုသည့် အနေဖြင့် UN ESCAP က ဂုဏ်ပြုဆုကို ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဤဆုကို ရရှိခြင်း သည်လည်း မိမိတစ်ယောက်တည်း၏ ကြိုးပမ်းမှုကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စုပေါင်းဆောင်ရွက်မှုကြောင့် ရရှိခြင်းဖြစ်ပါကြောင်း။

အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်သည် အာရှပစိဖိတ်ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အထူးအရေးပါသည့် အခန်းကဏ္ဍကပါဝင်ခဲ့ခြင်း လည်းဖြစ်ပါကြောင်း၊ ထိုကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ရှေ့ပိုင်းနှစ်များတွင် ဦးဆောင်မှုပေးခဲ့သော မိမိတို့၏ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည့် ဦးညွှန့် အတွက်လည်း မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ESCAP အဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ရန် ခိုင်ကျည်သည့် သန္နိဋ္ဌာန်ချမှတ် ထားပါကြောင်း။

မိမိတို့အစိုးရအဖွဲ့အနေဖြင့် အဓိက ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကနေ ပေါ်ပေါက်လာသည့် အခွင့်အလမ်းများ ကို အမိအရ ဆုပ်ကိုင်အသုံးချနိုင်ရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် Stakeholders အားလုံးပါဝင်သော ပွင့်လင်းသည့် ဆွေးနွေးမှုများကို အစပြုနေပြီဖြစ် ပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပေါ် အဓိကအမှီပြုရသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အတွက် လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကလည်း အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု များနှင့်အတူ ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အကူအညီပေးခဲ့သည့် UN ESCAP ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့အနေဖြင့် အင်မတန်အရေးကြီးသည့်အချိန်တွင် ယခုကဲ့သို့ တွေ့ဆုံကြခြင်းဖြစ်ပါ ကြောင်း၊ ၂၁ ရာစုအစောပိုင်းကာလများတွင် မိမိတို့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွား ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲမွဲတေမှုကို အောင်မြင်စွာလျှော့ချ တိုက်ဖျက် နိုင်မှုများသည် ကမ္ဘာတွင် အဓိကအရေးပါသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါကြောင်း။

တစ်ဖက်တွင်လည်း ယခုလိုအောင်မြင်မှုများ ရရှိခဲ့သော်လည်း ဆက်လက်ဆောင်ရွက် စရာများ ကျန်ရှိနေသေးသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပါကြောင်း၊ ကမ္ဘာ့စီးပွားရေး အခြေအနေသည် နှစ်အနည်းငယ်ကြာ ဆိုးရွားသည့်အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ယခုထက်ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်းကာလများနှင့် တွေ့ကြုံကောင်း တွေ့ကြုံရနိုင်သည့် အနေအထားများရှိနေပါကြောင်း၊ ထိုကဲ့သို့ စီးပွားရေး အကျပ်အတည်းများဖြစ်ခဲ့လျှင် အာရှဒေသထွက်ကုန်များအပေါ် ဝယ်လိုအား ကျသွားနိုင်ပြီး မိမိတို့ အာရှပစိဖိတ်ဒေသကိုလည်း ရိုက်ခတ်လာမည်ဖြစ်ပါကြောင်း။

စီးပွားရေးတိုးတက်မှု နှေးကွေးလာသည်နှင့်အမျှ စီးပွားရေးအကျပ်အတည်း ၏ဒဏ်ကို အများဆုံးခံစားကြရသည်မှာ ဆင်းရဲသည့်နိုင်ငံများနှင့် ပြည်သူလူထု ပင်ဖြစ်ပါကြောင်း၊ စီးပွားရေးအကျပ်အတည်းမတွေ့ဘဲ မှန်မှန်တိုးတက်နေသည် ဆိုလျှင်ပင် မိမိတို့ အနေဖြင့် အထိန်းအကွပ်မဲ့သည့် ဖွံ့ဖြိုးမှုသည် အန္တရာယ်များကို ဆောင်ကြဉ်း လာသည်ဆိုသည်ကို သတိပြုကြရန် လိုပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ၊ လူမှုသဟဇာတဖြစ်မှုများ၊ သာမန်ပြည်သူလူထု၏ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်မှုများကိုလည်း ထည့်သွင်း စဉ်းစားကြရန် လိုပါကြောင်း၊ အာရှပစိဖိတ် ဒေသသည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ ပိုများသည့် ဒေသဖြစ်သည် ဆိုသည်ကိုလည်း မိမိတို့နားလည်ထားပြီး ဖြစ်ပါကြောင်း။

ထို့ကြောင့် ယခုနှစ်ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေး အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရေး ဆိုသည့် ခေါင်းစဉ်သည် အထူး ဆီလျော်ညီညွတ်သည့် ခေါင်းစဉ်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဆိုသည်ကို မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ဤအခြေအနေကို ပြောင်းလဲနိုင်ရန် အဝှမ်းညီစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက် လာသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ရန် အထူးကြိုးစား လုပ်ဆောင်နေပါကြောင်း၊ တစ်ပြိုင်နက်တည်းမှာပင် ပိုမိုထိခိုက်လွယ် သည့် လူ့အသိုက်အဝန်းကို အထူးဂရုပြု ကာကွယ်ပေးရန်၊ နိုင်ငံကို ဆင်းရဲမွဲတေ၊ သက်ဆိုးရှည်စေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ြပီး တရားနည်းလမ်းတကျ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အထီးကျန်မှုကို  အဆုံးသတ်၊ ပိတ်ဆို့မှုများကို ပယ်ဖျက်ပြီး ကမ္ဘာ့စီးပွားရေး ဈေးကွက်ကို မျက်နှာပန်းလှလှ ပြန်လည်ဝင်ရောက်နိုင်စေရန် အထူးကြိုးစားနေသည် ဆိုသည်ကိုလည်း ထပ်လောင်းကတိပြုလိုပါကြောင်း။

ကျယ်ပြန့်သည့် ကမ္ဘာ့စီးပွားရေးဈေးကွက်ထဲကို ပါဝင်ဆောင်ရွက်လိုက်သည်နှင့်အမျှ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများ၊ မထင်မှတ်သည့် ရိုက်ခတ်မှုများသည် မိမိတို့ အပေါ် သက်ရောက်လာနိုင်သည် ဆိုသည်ကိုလည်း သိရှိ သဘောပေါက်ထားရန် လိုပါကြောင်း၊ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်သည့်အချိန်တွင် ဘာမျှကြိုတင် မျှော်လင့် ပြင်ဆင်ထားခြင်း မရှိသည့်အတွက် မြန်မာပို့ကုန်များ အားလုံး ရုတ်တရက် ဈေးထိုးကျပြီး ပြိုလဲခြင်းနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ သန်းပေါင်းများစွာသော ပြည်သူ များသည် ပိုင်ဆိုင်မှုဘာမျှ မကျန်တော့လောက်အောင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပါ ကြောင်း၊ ထို့နောက်တွင် အစွန်းရောက်အယူအဆများလည်း ပေါ်ထွက်ခဲ့ပါကြောင်း။

သဘာဝဘေးအန္တရာယ် ကပ်ဆိုးများ၏ ဆိုးရွားသည့်အန္တရာယ်ကို မိမိတို့နိုင်ငံ အနေဖြင့်လည်း အထူးသတိပြု အလေးထားပါကြောင်း၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အထူးသဖြင့် မိမိ၏ မွေးရပ်ဇာတိ အိမ်ရှိသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရပါကြောင်း၊ မုန်တိုင်းသင့်ပြည်သူများကို ဝိုင်းဝန်း ကူညီစောင့်ရှောက်ကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းထဲတွင် ဒေါက်တာဟေဇာနှင့် အဖွဲ့သည် ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့သော သဘာဝ ဘေးအန္တရာယ်များ နောက်တစ်ကြိမ် မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင် သေးသည်ကိုလည်း သေချာစဉ်းစား ပြင်ဆင်ထားရမည်သာ ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံစီအတွက်သာမက အာရှပစိဖိတ်ဒေသကြီး တစ်ခုလုံးအတွက် သက်ဆိုင်ပြီး အားလုံးအတူတကွ လက်တွဲပြင်ဆင်ရင်ဆိုင်ကျော်လွှား သွားကြရမည်ဆိုသည်ကို မိမိတို့နားလည်ထားပါကြောင်း၊ မိမိတို့ဒေသတွင်း အသိုင်းအဝိုင်းတွင် အတွေ့အကြုံများ ဖလှယ်သွားကြပြီး စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း အတူတကွ လက်တွဲပြီး ရင်ဆိုင်သွားကြရန်ကိုလည်း မိမိအနေဖြင့် မျှော်လင့်မိပါကြောင်း။

ဆက်လက်ဆွေးနွေးသွားမည့် ကိစ္စရပ်များအားလုံး အကောင်းဆုံးဆောင်ရွက် ဆွေးနွေးနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ကိုယ်စား မိန့်ခွန်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး သဘာပတိအဖြစ် အရှေ့တီမောဝန်ကြီးချုပ်အား ရွေးချယ် တင်မြှောက်ကြပြီးနောက် သဘာပတိက မိန့်ခွန်းပြောကြားသည်။

ထို့နောက် နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများသည် ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြပွဲအား စက်ခလုတ်ပြိုင်တူနှိပ်၍ ဖွင့်လှစ်ပေးကာ စုပေါင်း၍ ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ၂ဝ၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ESCAP အမှုဆောင် အတွင်းရေး Dr.Noeleen Heyzer က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်