Subscribe to our RSS Feed

ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိသုံးဦးအား နုတ်ထွက်ခွင့်ပြုခြင်း သတင်းမမှန်

From : ..7day

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအ၀င် တာဝန်ရှိသူသုံးဦးအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဧပြီ ၂၃ ရက် နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဝက်ဘ်ဆိုက် စာမျက်နှာအချို့တွင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစန်းယုနှင့် ဒုရဲမှူးကြီးသွင်ကိုကိုတို့အား နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် (၃၆/၂၀၁၃)ဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ရေးသားဖော်ပြထားကြသည်။ ထို့အပြင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လေ့ရှိသော အမိန့်စာရွက်ပုံစံကို အင်တာနက်စာမျက်နှာတွင် စကင်န်တင်၍ ဖြန့်ဝေမှုများလည်း ရှိခဲ့သည်ကိုလည်း တွေ့ရသည်။

“သမ္မတရုံးက အမိန့်ထုတ်ရင် ကျွန်တော်တို့သိမှာပေါ့။ ထုတ်သမျှစာအားလုံးကို သမ္မတရုံးဝက်ဘ်ဆိုက်မှာ တင်နေတာပဲ။ သမ္မတရုံးဘက်ကတော့ ဒီအမိန့်ကိုမထုတ်ပါဘူး။ လူမှုကွန်ရက်မှာကတော့ အမိန့်စာရွက်ပုံစံရေးပြီး တင်ချင်တဲ့သူက တင်လို့ရနေတာပဲ” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ဝန်ကြီး နုတ်ထွက်တယ်ဆိုတဲ့သတင်းက လုံးဝမှားပါတယ်။ ဒီသတင်းက လုံးဝမဟုတ်ပါဘူး”ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးအဆင့်ရှိ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

မတ်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၌ ဖြစ်ပေါ်နေသာ အားနည်းချက်များကို ပြုပြင်၍ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်သင့်ကြောင်း ဖော်ပြထားသည်။ သပိတ်စခန်းများ ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး အစီရင်ခံစာ၏ ဖော်ပြထားမှုအပေါ် ဒေသခံအချို့ မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒေသခံများနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ကြား နားလည်မှုရရှိခဲ့သည်။


 .. www.MyanmarExpress.net
 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်