Subscribe to our RSS Feed

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုခ လျော့ချရေး ပူးပေါင်းကုမ္ပဏီများနှင့် ဆွေးနွေးနေ

From : ..mizzima


 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျော့ချပေးရေးအတွက် MPT နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် KDDI ၊ Sumitomo Corporation စသည့် ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီဟု မိုဘိုင်းဆက်သွယ်ရေးအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးမြင့်သိန်းထွန်းက “မိုဘိုင်းဖုန်းခေါ်ဆိုခတွေ လျော့ချဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိက ဆွေးနွေးမှုနေဆဲဖြစ်လို့ ဘယ်အချိန်လောက် ဖြစ်မလဲတော့ မပြောနိုင်သေးဘူး။= မကြာမီမှာ ဖုန်းခေါ်ဆိုခ လျော့ချတဲ့ အချိန်ကို တရားဝင်သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။

အခြားအော်ပရေတာများနှင့် ဈေးကွက်ယှဉ်ပြိုင်ရာတွင် မိုဘိုင်းဖုန်းသုံးဆွဲသူများကို ပေးသည့် ဝန်ဆောင်မှုများပါ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်း အင်ဂျင်နီယာချုပ်က ထပ်မံပြောကြားသည်။

၎င်းက “ ခုဆို မိုဘိုင်းအင်တာနက် မြန်နှုန်းတွေ ပိုမိုကောင်းမွန်အောင် လိုအပ်တဲ့နေရာဒေသအလိုက် ပြုပြင်ပေးနေတာတွေ လုပ်နေတယ်။ နောက်ပိုင်းမှာလည်း အင်တာနက် မြန်နှုန်းတွေ ပိုပြီး တိုးတက်လာအောင် ဆောင်ရွက်နေဖို့လည်း လုပ်ကိုင်နေပါပြီ ” ဟုပြောသည်။

ထို့ပြင် မိုဘိုင်းဖုန်းခေါ်ဆိုခ လျော့ခမှုမှာ တရားဝင် သတ်မှတ်ထားခြင်း မရှိသေးဘဲ အခြားအော်ပရေတာများနှင့် ဈေးနှုန်းချိုသာမှု ယှဉ်ပြိုင်နိုင်သည့် အခြေအနေမျိုး ဖြစ်လာနိုင်မည်ဟု ဆိုသည်။

ထိုသို့ ဝန်ဆောင်မှုများတိုးမြှင့်ကာ ဈေးနှုန်းများလည်း လျော့ချလာမည်ဆိုပါက မိုဘိုင်းဖုန်း သုံးဆွဲသူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး ဈေနှုန်း လျော့နည်းသည့် အော်ပေရေတာကို စိတ်ကြိုက် ရွေးချယ်အသုံးပြုခွင့်ရှိလာမည်ဟု Mr.Fone မိုဘိုင်းဖုန်းဆိုင်၏ အထွေထွေ မန်နေဂျာ ကိုထက်လင်းက သုံးသပ်ပြောကြားသည်။

ကိုထက်လင်းက “ ဈေးနှုန်းလျော့ချတဲ့အပိုင်းမှာ အခြားအော်ပရေတာတွေနဲ့ နှိုင်းယှဉ်ရင် သက်သာဖို့ လိုအပ်ပါတယ်။ နောက်ဝန်ဆောင်မှုလည်း အခြားအော်ပရေတာထက် အပြိုင်ပိုကောင်းဖို့ လိုအပ်တယ်။ သုံးဆွဲသူတွေဘက်ကလည်း ဈေးနှုန်းသက်သာတဲ့ ၊  ဝန်ဆောင်မှုကောင်းတဲ့ အော်ပရေတာ ကို ရွေးသုံးမှာလေ။ MPT က တခြားအော်ပရေတာနဲ့ တန်းတူ အနေအထား ဈေးနှုန်းချိုသာရင် သူတောင် ဈေးကွက်မှာ ဝေစု ပိုရမယ်လို့ ထင်ပါတယ် ” ဟု သုံးသပ်ပြောကြားသည်။

အခြားအော်ပရေတာများဖြစ်သော အူရီးဒူးက ဇူလိုင်လကုန်တွင်  မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပြီး တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ် ၊ ၃၅ကျပ် အသီးသီး သတ်မှတ်ထားသည်။ ယင်းအပြင် တယ်လီနောကလည်း စက်တင်ဘာလအတွင်း ဆင်းမ်ကတ်များ စတင်ချထားပေးမည်ဟု ဆိုထားပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ထက် မပိုစေနိုင်ဟု ဆိုသည်။ ရတနာပုံတယ်လီပို့ကမှု လုပ်ငန်းလိုင်စင် ရရှိရန်အတွက် ပူးပေါင်းလုပ်ကိုင်မည့် အော်ပရေတာ ကို ရွေးချယ်နေဆဲဖြစ်သည်။

ပြည်တွင်းတွင် တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်ပ အော်ပရေတာများ အဖြစ် အူရီးဒူးနှင့်တယ်လီနော၊ ပြည်တွင်း အော်ပရေတာများ အဖြစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့က လုပ်ကိုင်မည် ဖြစ်သည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်