ဟေမန်ဆောင်းက ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကြီးအား လက်ကျန်အအေးငွေ့များနှင့် လွမ်းခြုံထွေးပွေ့ထားသော အချိန်အခါသမရ တစ်ခုသောအခါတွင် ကျွန်ုပ်သည် နေရာဌာနေစွန်မှ ဂိုထောင်ဟောင်းတစ်လုံးအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည် ။ အနှီဂိုထောင်ဟောင်း၏ တစ်ဖက်ထိပ်တွင်ကား ရှိရာအရာများဖြင့်ပြုလုပ်ထားသော စင်မြင့်တစ်ခုရှိလေသည် ။ ထိုစင်မြင့်ရှေ့တွင် ယိုင်နဲ့နဲ့ ထိုင်ခုံအချို့နှင့် အဆိုပါ ထိုင်ခံများပေါ်တွင် နေရာယူထားသော ကျွန်ုပ်အပါအ၀င် ဒေါ်လာစားများ နှင့် ကိုယ့်ထမင်းကိုယ်စား မူလ လက်ဟောင်းများနှင် လက်သစ်များ မှာ ခန့်ခန့်ကြီးနှင့် စန့်စန့်ကြီးနေရာယူထားကြလေသည် ။
ကျွန်ုပ်တို့ ဒေါ်လာစားနှင့် ကိုယ့်ထမင်း ကိုယ်စားများ ယခုကဲ့သို့ စုဝေးနေခြင်းမှာ တစ်ခြားအကြောင်းတော့မဟုတ် ကျွန်ုပ်၏ မိတ်ဆွေကြီး အိုပီမိုးချီးဇွန်း မှ လုပ်စရာမရှိသောကြောင့် အဆန်းထွင်ပြုလုပ်သော “စာပေနှင့်နိုင်ငံရေး အတွေးအခေါ်များ ဟောပြောပွဲ” ကြီင်္းပြုလုပ်ရန်အတွက် ဖြစ်လေသည် ။
ကျွန်ုပ်တို့မှာ အလုပ်မရှိအလုပ်ရှာ ကြောင်မွေးသန်းရှာ ဆိုတဲ့အတိုင်း ကျွန်ုပ်တို့လည်း ဒေါ်လာရေးအတွက် ထာဝစဉ်ကြိုးပန်းလုပ်စားနေသူများဖြစ်သောကြောင့် ယခုကဲ့သို့ စီစဉ်လိုက်ဖြစ်ဖြစ်သည်ကို ရှင်းပြဖို့ လိုမည်မထင်ပါ ..။ နှောင်းလွန်ကာလများတုံးကလည်း ကျွန်ုပ်တို့၏ ၀န်းနီးချင်း ကိုးယိုးကားယား နိုင်ငံမှ သွေးဖောက် ဆန္ဒပြမှုများ ၀ှဲချီး ကျင်းပပြုလုပ်သည်ဟု ကြားစဉ်က ကျွန်ုပ်တို့ ဒေါ်လာစားများမှလဲ မည်သို့မျှအားကျမခံပဲ ဆေးနီမှောက် ဆန္ဒပြပွဲကြီး ကျင်းပခဲ့ပေချိမ့် ။ သွေးဖောက်ဖို့အရေးကိုမူ အဘယ်သို့ဖြစ်သည်မသိ မည်သူကမျှ ယောက်ယမ်းပြီးလျှင်ပင် စကားမထွက်ခဲ့ပေ ။ ထို့နည်းတူစွာပင် လွန်လေသောကာလ အနည်းငယ်က ကိုယ်ခန္ဒာ မီးရှို့ပြီး ဆန္ဒပြသည်ဟု ကြားရသည်နှင့် ဆိုင်းမသွေပင် ကျွန်ုပ်တို့သည်လည်း စိတ်ကူးပေါက်ရာများကို မီးရှို့် ပြီး သတ္တိပြခဲ့ပြန်လေသည် ။ တစ်ခြားတော့မဟုတ် အလံနှင့် တစ်ခြားအရာများသာဖြစ်ပါသည် ။ ခန္ဒာကိုယ်ကိုတော့ မီးရှို့ဖို့မပြောနှင့် မီးပုံနားမျှပင် ယောင်ယမ်းပြီး မသွားဖြစ်ပေ…။ ၀န်းကျင် တိုင်းဌာနေတွင်ရှိသော ရှိရှိသမျှ ဘာဇာသို့သော အတိုက်အခံများနှင့် နောက်ကျပြီးမကျန်ရစ်သော မဟာပြည်ပြေးအဖြစ် အဓိပ္ပာယ်ကိုဆောင်ယူပေချိမ့်။ အသို့ဆိုစေဖြင့် ကျွန်ုပ်တို့၏ သတ္တိများကို ရဲရဲတောက်ဖေါ်ပြပြီးလျှင် အဖမ်းမခံရသော ပြည်ပတိုင်းတစ်ပါးတွင်း သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီးနေခဲ့ပြီးနောက် အခုရက်ပိုင်းတွင်း လုပ်စားစရာ အကြောင်းအရာများ လွန်နည်းပါးလာသောကြောင့် ဒေါ်လာစားခေါင်းဆောင်ကြီးဖြစ်သော ကျွန်ုပ်၏ မိတ်ဆွေ အိုင်ပီမိုးချီးမှ ယခု ဟောပြောပွဲကြီးကို ကျင်းပခြင်း ဖြစ်လေတော့သည် ။
အဘယ်မျှသော အချိန်မနှောင်းခင်မှာပင် ဟောပြောပွဲကြီးမှာ စတင်လေတော့အံ့ ။ အနို့ဖြစ်သောကြောင့် ကျွန်ုပ်တို့ ခွဲတမ်းအကြီးစားဒေါ်လာစားများမှာ ရှေ့ဆုံးခုံတန်းတွင် ထုံစံအတိုင်း နေရာယူပြီး သကာလ ကျွေးသမျှကို စားက အချင်းချင်းဆောင်းပြောင်းပုတ်ခတ် ဆွေးနွေးနေချိန်တွင်…. ကျွန်ုပ်တို့ဇာတ်လိုက်ကြီး အိုပီမိုးချီးဇွန်းမှာ စင်ပေါ်သို့တက်ပြီးသကာလ သူပြောချင်တာတွေပြောတာတွေပြောပြီး နောက် ဒေါ်လာနိုင်ငံသို့(မှားလို့)ဒီမိုနိုင်ငံသို့ ဆက်လက်ချီတက်မည်ဟု သုံးကြိမ်သုံးခါ အော်ပြီးနောက် အခမ်းအနားဖွင့်လေသည် ။
ထို့နောက် အရင်ဆုံး ဟောပြောမယ့်သူဟန်တူသော တိုက်ပုံ ဖိုသီဖက်သပ် ပုဆိုးဖရို့ဖရဲနှင့်အတူ ရီဝေေ၀ ယမကာမျက်လုံးများနှင်လူတစ်ယောက် စင်ပေါ်သို့တက်လာလေသည် ။ သူအား တော့ကိုပင် ညှောင်နာသောအသံဖြင့် ဘဇာသို့သော အတီးအမှုမျှ မပါပဲ နဂါးနီသီချင်းကို ဆိုချလိုက်ရာ စင်အောက်မှာ လူများမှာ ကျွေးမွေးတိုက်ကျွေးထားသော အစားအစာများပင် သီးသူသီး နင်သူ နင်ဖြစ်ကုန်လေသည် ။ ဆုံးသော် အောက်မှလူများမှ “ဆင်းပါဗျို့ဟု” အော်သောအသံများကို “နောက်တစ်ပုဒ်”ဟုတ်ထပ်တောင်းဆိုနေသည်ဟု ကြားသည်လားမသိချေရာ စစ်ကိုင်းတံတား ၊ သူဌေးဝါဒ ၊ ထို့နောက် လက်ရည်တစ်ပြင်တည်း ၊ သို့နောက် ရွှေဘိုသေနပ်ခါး အစရှိသဖြစ် ဆက်လက် သီဆိုပြန်ရာ အောက်မှလူများကလဲ သူများကျွေးတာ စားထားမှတော့ ခံပေါ့ဟုသော မျက်နှာမျိုးဖြင့် စားမတက် ၀ါးမတက် အံကြိတ်ကာ နားသောတဆင်ကြကုန်၏ ။ ထိုသို့ သီဆိုရင်း အချိန်အတန်လင့်သော် အဆိုသူ၏ ဟောပြောချိန်ကုန်သောကြောင့် သီချင်းဆိုခြင်းအား အဆုံးသတ်လေသည် ။ သူကား အသံညှောင်နာဖြင့်သီချင်း ၄ ပုဒ် ဆက်တိုက်ကြီး ဆိုသလိုသီဆိုပြီးသည်၏နောက်တွင် “ဒီမိုကရေစီ နိုင်ငံသစ်ကြီးစီသို့” ဟု ၃ ကြိမ် ၃ ခါ လက်သီးလက်မောင်းတန်းပြီး ကျွေးကြော်ပြီးသကာလ စင်အောက်သို့ ယိုင်တိုင်တိုင် ဆင်းသွားလေသည် ။
အကြင်ဆရာသမားကြီး၏ နောက်မှ ဆက်ပြီးတက်လာခဲ့သူမှာ ခေသူတော့ မဟုတ် ။ နိုင်ငံတစ်ကာမှ ပေးစရာဆုမရှိတော့သောကြောင့် ဆုများရှင်ဘွဲတစ်ခုကို ဖန်တီးပြီး လတ်တလောရထားသူ အဘွားအိုတစ်ယောက်ဖြစ်လေသည် ။ သူသည် အဘယ်ကိစ္စများကို အဘယ်သို့ကျွမ်းကျင်သည်မသိသော်လည်း စင်ပေါ်ရောက်သည်နှင် သီချင်းမပါ ဆိုင်းမပါပဲ ကွေးနေအောင် ကလေသည် ။ အချိန်အတန်ကြာထိ အားရအောင်ကပြီးနောက် “ကျမကို ၀ိုင်းရံပါ ကျမကို ၀ိုင်းရံပါ ….. နိုင်ငံရေးဆိုတာ လမ်းပေါ်မှာ အရူးချီးပန်းလျှောက်အော်နေမှ မဟုတ်ပါဘူး … ကျမလို ကတာလဲ နိုင်ငံရေးပါပဲ” ဟုပြောပြီး ဖင်လှုပ် ရင်လှုပ်ပြီး ဆင်းသွားလေသည် ။
အသက်ကခု ခြောက်ဆယ့်ငါး.. မိတ်ကပ်အဖွေးသား၊ နှုတ်ခမ်းနီဆိုးထားပြီး လှနေတဲ့ မင်းသမီးချော အနို့နောက် စင်ပေါ်သို့တက်လာသူသည် ကျွန်ုပ်တို့ အတိုက်အခံလောကတွင် အင်မတန်မှ နာမည်ကြီးသော ခေါင်းဖြူ တောင်းဝှေး တစ်ယောက်ဖြစ်လေသည် ။ ကျွန်ုပ်သည်လည်း ဒီတစ်ကြိမ်တွင်တော့ အတွေ့အကြုံများ ၊ ဒသနအတွေးအခေါ်များကို တစ်ဝကြီး နားဆင်ရတော့မည်ဟု မျှောလင့်လျှက် ပျှော်ရွှင်မိလေ၏ ။ အကြင်သူသည် စင်ပေါ်သို့ရောက်ပြီး သကာလ စတင်ဟောပြောရာ သူသည် ဘယ်ဇာသောသူကို ဘယ်လို ကစ်ထုပ် လိုက်သည၊် အဘယ်သို့သောသူကို အဘယ်သို့ ချောက်တွန်းလိုက်သည် ၊ အဘယ်သူကတော့ ခွဲတမ်းများများမပေးလို့ အဘယ်သို့ ပညာပြလိုက်သည် ၊ လက်သစ်မိန်းမပျိုလေးများအား အဘယ်သို့ မက်လုံးပေးပြီး အပိုင်ရအောင်အဘယ်သို့ကြံလိုက်သည် စသည် စသည် ဖြင့် သူ၏ အင်မတန်တန်ဖိုးရှိသော အတွေ့အကြုံများကို ပြောဆိုပြီးနောက် “လွတ်လပ်သော ရွှေမြန်ပြည် အတွက်” အော်ဟစ် မြည်တမ်းပြီးနောက် ကတုံကယင်နှင် ဆင်းသွားလေသည်။
အသို့ဆိုစေဖြင့် တစ်ယောက်ဆင်း တစ်ယောက်တက် ပြောချင်တာပြောလုပ်ချင်တာလုပ်ဖြင် ကျွန်ုပ်တို့ဒေါ်လာစားတို့၏ “စာပေနှင့်နိုင်ငံရေး အတွေးအခေါ်များ ဟောပြောပွဲ” ကြီးမှာ နတ္ထိတန်လေသည် ။ စင်အောက်မှ မျိုးဆက်သစ် ၊ မျိုးဆက်ဟောင်း ၊ မျိုးဆက်ဆွေး ဒေါ်လာစားကြီးများမှာလဲ ငိုက်သူငိုက် ဟောက်သူဟောက် နှင့် ပွဲပြီးသောအခါ ကမန်းကတမ်းထပြီး သကာလ အိမ်မှုံစုံမွှားများဖြင့်ပြန်သွား လေသည် ။
ကျွန်ုပ်တို့၏ ဟောပြောပွဲပြီးလည်း ပြီးဆုံးလေပြီ လာရောက်နားထောင်ကြာသော ဒေါ်လာစားအပေါင်းအပါများမှာလည်း အဘယ်သို့သော အတွေးအခေါ်များ ၊ အဘယ်ဝါသော အယူအဆများ ၊ အဘယ်မည်သော ခေါင်းဆောင်တို့၏ ဒသနစကားများ ၊ အဘယ်မျှ ရင်အတွင်းသို့ ၀င်ရောက်ပြီး စဉ်းစားတွေခေါ်မှုများလဲ ဦးခေါင်းခွံအောက်မှ ဖြူဖြူအတွန့်လေးများထဲသို့ အဘယ်မျှ ပမာမျှလောက်ဝင်ရောက်လေမည်နည်း ဟုတ် တွေးမိလေသည် ။ ကျွန်ုပ်တို့ လူမျိုးများ မကြာခဏ ပြောလေ့ရှိသော စကားတစ်ခွန်းရှိလေ၏ ။ ကြီးသူကို ရိုသေ ပါ ဆိုတဲ့စကားပင် ထိုစကားမှာ မှားနေသည်ဟု ကျွန်ုပ်မြင်မိ၏ ။ မြတ်စွာဘုရားရှင်ဟောခဲ့သည်မှာလဲ ရိုသေထိုက်သူကိုသာ ရိုသေခြင်း ပူဇော်ထိုက်သူကိုသာ ပူဇော်ခြင်း ဟုဟောပြောခဲ့လေသည်….. ။
ပင်တိုင်ဆောင်းပါရှင်
နေနက်