ရန်ကုန်တိုင်းမ်သတင်းစာတွင် စက်တင်ဘာလအတွင်း ဖေါ်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသော အချက်အလက်မှာ ELEVEN မီဒီယာ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ ဆောင်းပါးရှင်နှင့် ဖေါ်ပြခဲ့သည့် သတင်းစာကိုပါ ELEVEN မီဒီယာက တရားစွဲဆိုထားသည်ဟု ထိုမီဒီယာ၏
အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့နဲ့ ပတ်သက်လို့ ရေးသားဖေါ်ပြတဲ့သူနဲ့ ဖေါ်ပြတဲ့သတင်းစာကို တရားစွဲထားတာပါ။ ရေးသားထားတာတွေက ကျွန်တော်တို့ကို ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် တရားစွဲတာပေါ့နော်။ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ပေါ့" ဟု သူက ပြောသည်။
သို့သော် ဆောင်းပါးတွင်ရေးသားထားသော မည်သည့်အချက်က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ကိုမူ ဦးဝေဖြိုးက ပြောကြားခြင်းမရှိပေ။ အစိုးရက နိုင်ငံခြားတွင် ဘဏ်အကောင့်ငါးခုဖွင့်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံသိမ်းထားသည်ဟူသည့် သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ ရေးသားချက်ကို အလဲဗင်းမီဒီယာက တရားစွဲဆိုခြင်းဖြစ်သည်။
တရားစွဲဆိုခံထားရသော ရန်ကုန်တိုင်းမ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကလည်း "အခုထိတော့ ကျွန်တော့်ကို အကြောင်းကြားမလာသေးဘူး။ တစ်ကယ်ဟုတ်ရင်တော့ ရင်ဆိုင်ရမှာပေါ့။ ဘာမှထိခိုက်စရာမပါပါဘူး။ ရေးသင့်ရေးထိုက်တဲ့ဟာကို ရေးတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ သေသေချာချာရေးတာပါ" ဟု သူက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းက ရန်ကုန်တိုင်းမ် သတင်းစာအား ဖုန်းဖြင့် အောက်တိုဘာ ၁၃ရက်က ဆင့်ခေါ်ခဲ့ပြီး ၁၄ရက်တွင် သွားတွေ့မည်ဟု ရန်ကုန်တိုင်းမ်သတင်းစာ၏ မန်းနေးဂျင်းဒါရိုက်တာ ဖြစ်သူ ဦးလှိုင်ဘွားက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
"အခုကတော့ သေချာမသိရသေးဘူး။ အဲ့ဒီကျမှပဲ သေသေချာချာသိရမယ်။ ဗဟန်းတရားရုံးကို တရားစွဲဖို့ သူတို့ဦးတိုက်လျှောက်တယ်ပေါ့နော်။ အဲ့ဒါကို တရားသူကြီးကနေ ရဲစခန်းကိုလွှဲထားတော့ ကျွန်တော်တို့ကို မေးစရာရှိတယ်ဆိုပြီး လှမ်းပြောတာပါ"ဟု ၎င်းက ရှင်းပြသည်။
ဤ ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေကမူ စာနယ်ဇင်သမား အချင်းချင်း တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သင့်သည်ဟု အကြံပြု ပြောဆိုသည်။
"ပြဿနာဖြစ်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်စကားပြောပြီး ညှိနှိုင်းဆွေးနွေးကြည့်သင့်တယ်။ အခုလို ဖြစ်တယ်ဆိုလို့ရှိရင် လူကြားလို့ မကောင်းပါဘူး" ဟု သူက ပြောသည်။
ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်က ဒေါ်လာ ၁၁ဘီလီယံနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်ကို "ဒေါ်လာ ၁၁ဘီလီယံ ရှင်းတမ်း"ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၁၀ရက်ထုတ် မြန်မာတိုင်းမ် သတင်းစာတွင်လည်း ထပ်မံရေးသားခဲ့သေးသည်။
မကြာသေးခင်ကာလမှ Eleven မီဒီယာ မှ ဦးဌေးဦး၏ ပြောကြားခြင်း မရှိသည့်စကားများကို လိမ်လည်ထည့်သွင်းဖော်ပြ၍ ပြန်လည်တောင်းပန်ခြင်းမရှိပဲ ဖော်ယွင်းဖော်ပြသည်ဆိုသည်မျှဖြင့်သာ
ပြီးစီးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပျက်ခဲ့ဖူးသည် ။
ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားခဲ့သော ဆောင်းပါးထဲမှ အချက်အလက်အချို့
__________________________________________________________
ဒီနေရာမှာ ချီးကျူးဖို့ ကောင်းတာက အစိုးရအဖွဲ့ပါ။ မသေခြာ မရေရာတဲ့၊ အတည်မပြုနိုင်တဲ့ ကိန်းဂဏန်းကို အခြေပြုပြီး ရေးကြ သားကြ ဝေဖန်ကြ၊ စွတ်စွဲပစ်တင်ကြတာတွေကို ရှင်းရှာ ပါတယ်။ မဆီမဆိုင် ထပ်ဆင့်ပြီး ၀န်ကြီးဦးစိုးသိန်းကို အဲဒီ ဘဏ်အကောင့်န်တွေနဲ့ ဆက်စပ်နေ တယ်လို့ ဘယ်ကမှန်းမသိတဲ့ အချက်အလက်တွေနဲ့ သိက္ခာကျအောင် စွတ်စွဲကြ၊ ရေးကြသားကြ မေးကြ ပြန်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအဖွဲ့ဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အညီ အရင်ခေတ်ဟောင်းတုန်းကလို နဂို အစပြု ရေးတဲ့ စာစောင်ကို နင်ပဲငဆ မပြော၊ တရားစွဲမယ် လို့လည်း မခြိမ်းခြောက်ပဲ လွှတ်တော်ထဲအထိ သွားရှင်းပါတယ်။
သူတို့ ရှင်းတာက ရှင်းပါတယ်။ “ မြန်မာနိုင်ငံက ဒေါ်လာ ၁၁ ဘီလျံရှိ ဘဏ်စာရင်း ၅ ခု နိုင်ငံခြားတွင် အပ်နှံထားသည့်အတွက် ကမ္ဘာ့ဘဏ်က အကြွေးလျော်မပေးခဲ့ခြင်း ဆိုသည့် သတင်း မှားယွင်းကြောင်း” ဆိုပြီးပဲ ဖြစ်ပါတယ်။ “ ဒေါ်လာ ၁၁ ဘီလျံ ကိစ္စ မိမိတို့ မသိရှိ ” ဆိုတာပဲ ဖြစ်ပါတယ်။
အစိုးရအဖွဲ့က လွှတ်တော်ထဲမှာ ခုလို ရှင်းလင်းခဲ့ပြီးတဲ့တိုင် မူရင်း သတင်းရေးသားဖော်ပြခဲ့တဲ့
အလဲဗင်း သတင်းစာက သူတို့ ဖော်ပြခဲ့တာ “ မှန်ကန်တယ် ” ဒါမှမဟုတ် “ မှားယွင်းသွားပါတယ်” ပြောဆိုမှု မရှိခြင်းပါ။
စာနယ်ဇင်း ကျင့်ဝတ်အရ တစ်ခုခု ပြောဆိုဖို့ လိုပါတယ်။ မှားရင် စာဖတ်သူတွေကို တောင်းပန်ရပါမယ်။ မှန်တယ်ဆိုရင် သက်သေအထောက်အထားတွေနဲ့ ဖော်ပြရပါမယ်။
- စည်သူအောင်မြင့်
၁၀-၁၀-၁၃ နေ့ထုတ်၊ မြန်မာတိုင်းမ် ဂျာနယ်။
- Mizzima