Subscribe to our RSS Feed

ဖက်နမ်းပြီး နှုတ်ဆက်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုမဟုတ်၊ ဧည့်သည်က အိမ်ရှင်ယဉ်ကျေးမှုကို အလေးမထားခြင်းဖြစ်ဟုဆို

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌနဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဧရာဝတီတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးခရီးထွက်စဉ်မှာ အိုဘားမား ၂ ကြိမ် လာတော့ ၂ ခါ အနမ်းခံရတာပေါ့လို့ ပြောကြားခဲ့တယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေ တွေ့ရပါတယ်။ ဦးဌေးဦးက နာမည်တပ်ပြီး ပြောဆိုခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံကို သမ္မတ အိုဘားမား လာတဲ့ ၂ ကြိမ်လုံး ဖက်နမ်းနှုတ်ဆက်ဖူးတာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိတာမို့ ဒေါ်စုကို ကိုးကွယ်ကြသူများနဲ့ ကြိုဖားမီဒီညာများကတော့ ထုံးစံအတိုင်း ဒေါ်စုကို ကာကွယ်ကြ၊ ဦးဌေးဦး ကို အပုတ်ချနေကြပါတယ်။ နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးထွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးသိန်းထိုက်ကတော့ အမျိုးသမီးနဲ့ အမျိုးသားဖက်နမ်းပြီးနှုတ်ဆက်တာဟာ အရှေ့တိုင်းယဉ်ကျေးမှုမဟုတ်ကြောင်းနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဧည့်သည်က အိမ်ရှင်နိုင်ငံရဲ့ယဉ်ကျေးမှုကို လိုက်နာရမယ်ဆိုတဲ့ ပရိုတိုကောကို ဖောက်ဖျက်တာလို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးထွန်းက “နမ်းပြီးနှုတ်ဆက်တယ်ဆိုတာ အရှေ့တိုင်းနိုင်ငံတွေမှာ မရှိဘူးဗျ။ ယောကျာ်း အချင်းချင်းလဲ ဖက်နမ်း နှုတ်ဆက်တဲ့ဓလေ့မရှိသလို မိန်းမအချင်းချင်းလဲ ဖက်နမ်းနှုတ်ဆက်တဲ့ဓလေ့မရှိဘူး။ ယောက်ျားလေးက မိန်းကလေးကို ဖက်နမ်းပြီး နှုတ်ဆက်တယ်ဆိုတာ မြန်မာနိုင်ငံမှ မဟုတ်ဖူး ၊ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ ယိုးဒယား၊ အိန္ဒိယ၊ တရုတ် ၊ အိန္ဒိယ ဘယ်နိုင်ငံမှာမှ မရှိဘူး။ အိန္ဒိယမှာ လက်အုပ်ချီပြီး နာမာ့စတေး၊ ထိုင်းကလဲ လက်အုပ်ချီပြီး ဆဝါဒီခပ်၊ အစ္စလာမ်တွေက ဆလမ် မာလေးကွမ်း၊ တရုတ်တွေ နိဟောင်မား ဆိုပြီး နှုတ်ဆက်ကြတယ်။ နောက်ပိုင်းမှာတော့ အနောက်တိုင်း ယဉ်ကျေးမှုပုံစံ လက်ဆွဲနှုတ်ဆက်ကြပေမယ့် ဖက်နမ်းပြီးနှုတ်ဆက်တဲ့ထုံးစံတော့လုံးဝမရှိဘူးဗျ” ဟုဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးသိန်းထိုက်က “နိုင်ငံတကာဆက်ဆံရေးပရိုတိုကောမှာ ဧည့်သည်က အိမ်ရှင်နိုင်ငံရဲ့ ယဉ်ကျေးမှုအတိုင်း နှုတ်ဆက်ကြတယ်။ အနောက်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေက တစ်ယောက် နဲ့ တစ်ယောက်ဖက်ပြီး နှုတ်ဆက်တဲ့ ဓလေ့ရှိတော့ အနောက်နိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေက ခေါင်းဆောင်တွေအချင်းချင်းတွေ့ရင် ဖက်ပြီးနှုတ်ဆက်တာ၊ အမျိုးသမီးဆိုရင် ပါးကိုနမ်းနှုတ်ဆက်တာမျိုးရှိပေမယ့် အမျိုးသမီးက ပြန်ဖက်နမ်း နှုတ်ဆက်တာ ရှားပါတယ်။ အန်ကယ်ရဲ့နိုင်ငံခြားရေးလုပ်သက် ၃၀ ကျော်အတွင်းမှာ အာရှတိုက်နိုင်ငံတွေကို လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ဘယ်သူမှ ဖက်နမ်းပြီး နှုတ်ဆက်တာမတွေ့ဖူးဘူး။ မဝေးသေးတဲ့ ဥပမာ ပြရရင် ထိုင်းက ဒေါ်ရင်လတ်၊ ကိုရီးယားက ပတ်ဂွန်ဟီး၊ ဘင်္ဂလားက ဟာစီနာတို့နဲ့ အိုဘားမားတွေ့တဲ့အချိန်မှာ လက်ဆွဲနှုတ်ဆက် တာပဲရှိတယ်။ မြန်မာနိုင်ငံကိုလာတော့ ပထမတစ်ခေါက် အိုဘားမား က ဒေါ်စုကို ဖက်နမ်းနှုတ်ဆက်၊ ဒုတိယအခေါက်ကျတော့ ဒေါ်စုက ပြန်ဖက်နမ်းရုံမက ခါးဖက်ပြီးသွားကြတော့ တစ်မျိုးကြီးဖြစ်တာပေါ့။ အရှေ့တိုင်းသူ မြန်မာအမျိုးသမီးတစ်ဦးကို ဖက်နမ်းပြီးနှုတ်ဆက်တာဟာ အရှေ့တိုင်း၊ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော် ဘူးဆိုတာ အမေရိကန်သမ္မတ အိုဘားမား မသိစရာ အကြောင်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို နမ်းပြီးနှုတ်ဆက်လိုက်တာဟာ သမ္မတ အိုဘားမားက ဒေါ်စု မြန်မာအမျိုးသမီး တစ်ဦးလို့ သဘောမထားဘဲ အင်္ဂလိပ်လူမျိုး မစ္စတာအဲရစ်ရဲ့ဇနီးဟောင်း အနောက်တိုင်း ယဉ်ကျေးမှုအသိုင်း အ၀ိုင်းထဲက အမျိုးသမီးတစ်ယောက် အဖြစ် သဘောထားပြီး နှုတ်ဆက်တယ်လို့ သုံးသပ်ရတယ်။ အလားတူပဲ ဒေါ်စုက အိုဘားမားကို ပြန်ဖက်နမ်းပြီးနှုတ်ဆက်ခြင်းသည် သူ့ကိုယ်သူမြန်မာအမျိုးသမီးလို့ မခံယူပဲ အနောက်တိုင်းမှာ အနေကြာပြီး အနောက်တိုင်းသားရဲ့ ဇနီးမယားတစ်ဦး၊ တစ်နည်းအားဖြင့် အနောက်တိုင်းယဉ်ကျေးမှုအသိုင်းအဝိုင်းထဲက သူတစ်ဦးအဖြစ် ခံယူပြီး နှုတ်ဆက်ခြင်းလို့ သုံးသပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“တစ်ချို့ကတော့ ပြောကြတယ်။ ဒေါ်စုနဲ့ အိုဘားမား ဘယ်လိုနှုတ်ဆက်၊ နှုတ်ဆက် ဘာဖြစ်လဲ။ ဖက်နမ်းရုံမက French Kiss နဲ့ပဲ နှုတ်ဆက် နှုတ်ဆက်၊ သူ့အခွင့်အရေး ဘာမှ ရေးကြီးခွင်ကျယ်လုပ်ပြောစရာ အကြောင်းမရှိဘူးလို့ ပြောကြတယ်။ ဒေါ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမဟုတ်ဖူး၊ ပါတီခေါင်းဆောင်လဲမဟုတ်ဖူး ဆိုရင်တော့ မှန်ပါတယ်။ ဘာမှ အရေးမကြီးပါဘူး။ ဒါပေမယ့် ဒေါ်စုက ဗိုလ်ချုပ်သမီးဖြစ်တဲ့အပြင် ပါတီကြီးတစ်ခုရဲ့ ဥက္ကဌ ဖြစ်နေတယ်။ ဒေါ်စုကိုယ်တိုင်က ဖက်နမ်းနှုတ်ဆက်နေတော့ လူငယ်တွေစိတ်ထဲမှာ ဖက်နမ်းပြီးနှုတ်ဆက်တာ ဘာဆန်းလဲထင်သွားမယ်။ ခင်ဗျားတို့ သမီးတွေ ဘတ်စ်ကားပေါ်မှာ၊ မိဘရှေ့မှာ သူတို့ချစ်သူတွေနဲ့ ဖက်နမ်းနေတာကို လက်ခံဖို့ ခင်ဗျားတို့ အသင့်ဖြစ်နေတယ်ဆိုရင်တော့ ဟုတ်တယ်။ အရေးမကြီးဘူး။ ဒါပေမယ့် ကျွန်တော်တို့လို လက်မခံနိုင်တဲ့သူတွေအတွက်တော့ ဒါက အရေးကြီးပါတယ်” ဟု နိုင်ငံရေးလေ့လာသူဒေါက်တာရန်မျိုးထွန်းက ပြောသည်။
“သမ္မတ အိုဘားမားက အနောက်တိုင်းယဉ်ကျေးမှုနဲ့နှုတ်ဆက်တာကို ဒေါ်စုကလဲအနောက်တိုင်းယဉ်ကျေးမှုနဲ့ နှုတ်ဆက်တာကို နားလည်မှုမရှိပဲ ဝေဖန်နေကြတယ်ဆိုသူတွေကတော့ ဧည့်သည်ကျင့်ဝတ် နားမလည်တဲ့သူတွေလို့ ပြန်ဝေဖန်ပါရစေ။ အိမ်ရှင်ကို ဧည့်သည်မစော်ကားရ ဆိုတဲ့ စကားရှိတယ်။ တိုင်းရင်းသားတစ်ချို့မှာဆိုရင် သူတို့ဓလေ့ကို မသိလို့ အမှားကျူးလွန်မိရင် လျော်ကြေးပေးရတဲ့ ဓလေ့တောင်ရှိတယ်။ ဒေါ်စုကို အိုဘားမားက ဖက်နမ်းတာ၊ ဒေါ်စုက ပြန်ဖက်နမ်းတာကို လက်ခံတယ်ဆိုတဲ့ အမျိုးကောင်းသမီးများကို မေးချင်တာက ခင်ဗျားတို့ကို အမျိုးသားတစ်ယောက်က ဖက်နမ်းနှုတ်ဆက်ရင် လက်ခံပြီး ပြန်ဖက် နမ်းမှာလား၊ အမျိုးသားဆိုရင်လဲ ခင်ဗျား ညီမ၊အမ၊သမီးကို ခင်ဗျားမျက်စိရှေ့မှာ အမျိုးသား တစ်ဦးဖက်နမ်းရင် လက်ခံမှာလားလို့ မေးချင်တယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်