Subscribe to our RSS Feed

IS နဲ့ ဆင်ဆာ (သရော်စာ)




အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ဖိုလေကို အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က ခေါင်းဖြတ်သတ်လိုက်ကြောင်း သတင်းထွက်ပေါ်လာ၍ အိုကေတို့ သတင်းထောက်လောက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

တချို့က တောက် ခေါက် ကြသည်။ တချို့က ဖောက်သောက်ကြသည်(ဒေါသထွက်ပြီး စိတ်လှုပ်ရှားလွန်း၍ ရေသန့်ဗူးသောက်ခြင်း)။ အားလုံးက IS အဖွဲ့၏လုပ်ရပ်ကို လက်မခံကြ။ ဟုတ်တယ်လေ။ ဘယ်နိုင်ငံက သတင်းထောက်ဖြစ်ဖြစ် အားလုံးက မီဒီယာသမားများဖြစ်၍ မြန်မာပြည်က သတင်းထောက်များကလည်း ဘ၀တူတွေလို သဘောထားကာ အမေရိကန်သတင်းထောက်ဘက်က နာကြသည်။ ခံပြင်းကြသည်။

ဒါ မီဒီယာဖိနှိပ်မှုတောင် မဟုတ်တော့။မီဒီယာသတ်မှုကြီး ဖြစ်သွားသည်။ ပြီးတော့ ဒီအကြမ်းဖက်မှုက သတင်းထောက်တွေကို နားရွက် တံတွေးစွတ် ရုံမက မျက်နှာပါ ခွေးချေး သုတ်သွားခြင်း ဖြစ်သည်။ တံတွေးက အချိန်တန်ခြောက်ပြီး ပျောက်သွားသည်။ ခွေးချေးက နံပြီး ရေမဆေးသရွေ့မပျောက်။ နားရွက်တံတွေးသာ စွတ်ခံနိုင်ပြီး ခွေးချေးဒဏ်မခံနိုင်သည့် အိုကေတို့ သတင်းထောက်တွေ ဒါကိုလက်ခံလို့ မဖြစ်။ တစ်ခုခုတော့ လုပ်မှ ဖြစ်မည်။ ဒေါသထွက်နေကြသော သတင်းထောက်တွေကို အိုကေ ဆော်သြ လိုက်သည်။

"ကဲကဲ။။။ ဘော်ဘော်တို့ ငါတို့ ဒါကို လက်ခံလို့ မဖြစ်ဘူး။"
အိုကေ က စရုံသာ စလိုက်သေးသည်။ သတင်းထောက်တွေ တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြသည်။

"ဒီတော့ ဘာလုပ်ချင်လို့လဲ။"
"အီရတ်မှာ ဆန္ဒသွားပြမလား။ "
"IS ကို ဆန္ဒပြကြမလား။"
"ကလောင်အစွမ်းနဲ့ IS ကိုဖြိုပစ်ရမလား။"

အားလုံးက ခံပြင်းစိတ်ဖြင့် ၀ိုင်းပြောကြသည်။
"အေးလေ ပြသင့်ရင် ပြရမယ်၊ လုပ်သင့်ရင်လုပ်ရမယ်လေ။ ဒါ မီဒီယာသတ်မှုကြီးကွ။"
အတည်ပေါက်ဖြင့် အိုကေ ပြောလိုက်တော့ အားလုံးငြိမ်သွားသည်။
ဟိုလိုလို ဒီလိုလိုနဲ့ အင်း အဲ ဖြစ်ကုန်သည်။

"အီရတ်ထိတော့ မသွားဘူးလေကွာ။ ဟိုက စစ်ဖြစ်နေတာ။ မတော် ငါလည်း လည်လှီးခံရမှာ ကြောက်တယ်။"
တစ်ယောက်က ပြောသည်။

"အေး..ငါလည်း မလိုက်နိုင်ဘူးနော်။ လေယာဉ်ခ ဘယ်သူပေးမှာလဲ။"

လိုက်ဘူး၊ ပြဘူး ဖြင့် အကုန်တွင်တွင် ငြင်းကုန်သည်။ စောဏက တောက်တခေါက်ခေါက်နှင့် ချက်ချင်းပဲ အီရတ်ထိသွားပြီး IS ကို ဆန္ဒပြတော့ မလိုလို၊ သတင်းပဲ ယူတော့မလိုလို။ ကလောင်စွမ်းနဲ့ တိုက်ကြတော့မလိုလို။ ကိုယ့်မီဒီယာလောကသားချင်း မခံချင်စိတ်ဖြင့်
ဒေါသ ထွက်နေသော သတင်းထောက်တချို့ လေပြေလေး ဖြင့် ညောင်နာနာလေး အသံထွက်လာကြ
သည်။

အိုကေလည်း သူတို့လိုပင်။အီရတ်ထိတော့ မသွားရဲ။ သူတို့ကို နည်းနည်းချွန်တွန်းလုပ်ကြည့်ခြင်းသာ ဖြစ်သည်။ အိုကေတို့က ပါးစပ်ကို တိတ်ကပ်ပြီး သမ္မတကိုသာ အသံတိတ် ဆန္ဒပြရဲသည်။ IS ကိုသွားပြရင်တော့ အမေရိကန်သတင်းထောက်လို တစ်သက်လုံး အသံတိတ်ဘ၀ ရောက်သွားနိုင်သည်။
ကိုယ့်နိုင်ငံမှာက ဆန္ဒပြရင် သူရဲကောင်း ဖြစ်သည့်ခေတ်။ ဟို အီရတ်စစ်မြေပြင်မှာက သူရဲကောင်းတော့ မဖြစ်နိုင်၊ သူရဲခေါင်းပြတ်ကြီး ဖြစ်သွားနိုင်သည်။ ဘုရား...ဘုရား...တွေးရင် ကျောတောင်ချမ်းမိသည်။

ဒါကြောင့် ဆန္ဒသွားပြလို့တော့မဖြစ်။ အဲ.. ဆူးလေမှာ သွားပြရင်တော့ အန္တရာယ်ကင်းနိုင်သည်။ အိုကေတို့ဆီက ရဲတွေက IS လို မဆိုး။ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြရင် ဘာမှမလုပ်။ ဒီအကြံကောင်းသည်။


"အီရတ်တော့ မသွားဘူးလေ။ ဆူးလေမှာ ဆိုင်းဘုတ်ထောင်ပြီး ဆန္ဒသွားပြရင်ရော ဘယ်လိုလဲ..IS အဖွဲ့ မီဒီယာမျက်နှာ ခွေးချေးသုတ်မှုရပ်...အဲ....IS အဖွဲ့အကြမ်းဖက်မှု ရပ်.. ဆိုပြီး ပြကြည့်မယ်လေ။ ဒါဆို
နိုင်ငံတကာက မီဒီယာတွေကလည်း မြန်မာမီဒီယာသမားတွေတော့ ပြကုန်ပြီဟ ဆိုပြီး သိသွားနိုင်တယ်။ တစ်ခုခုတော့ အကျိုးရှိမှာပေါ့။"

သတင်းထောက်အားလုံး အီရတ်မသွားဘူးဟု ကြား၍ နည်းနည်း တော့ စိတ်သက်သာရာ ရသွားဟန်တူသည်။ ဆူးလေ လောက်ဆို မဆိုးဘူးဟု တွေးမိကြဟန်တူသည်။
ဆူးလေမှာ ဆို အန္တရာယ်လည်း ကင်းသည်။ လူလည်းစုံသည်။ ဆန္ဒပြတာကို သဘောကျပြီး သူရဲကောင်းများဟုဆိုကာ သဒ္ဓါတရားထက်သန်သူများရှိလာလျှင်
မုန့်လေး ရေဘူးလေး လည်းအလကားစားရသောက်ရနိုင်သည်။ လူလည်း အထင်ကြီးခံရနိုင်သည်။ အိုကေ ပြောတာမဆိုးဘူးဟု တွေးမိပုံရသည်။

"ဟိုလေ... ကြက်ကြော်ကျွေးမှာလားဟင်.." ဟု ဟိုတခါဆန္ဒပြတုန်းက
ကြက်ကြော်လာကျွေးသည် ကို ကြိုက်လွန်းလို့ဟု ဆိုကာ ၂ ထုပ်တောင်းကာ စားသူက မေးသည်။

"ငင်....ဒါတော့ပါဘူးလေ"

"ဒါဆို ဆင်းမ်ကတ်ပေးမှာလား။ ဟန်းဆက် ပေးမှာလား"
အရေးထဲ အော်ရီဒူး သတင်းစာ ရှင်းလင်းပွဲမှာ နောက်ကျသွား၍ ဆင်းမ်ကတ်မရလိုက်သူက
မေးသည်။ မီဒီယာ ဖုန်းလုမှု ရပ် ဆိုပြီး အွန်လိုင်းမှာ အရှက်ကွဲခဲ့တာ မေ့နေပြီလားမသိ။


ဟိုဟာ ပေးမှာလား၊ ဒီဟာရမှာလား တစ်ယောက် တစ်ပေါက် မေးကုန်သည်။


"တော်ပြီ...တော်ပြီ... ဘယ်မှာမှ မပြတော့ဘူး..ဘာမှလည်း မပေးနိုင်ဘူး"

ဟုတ်သည်လေ။ အိုကေက စပွန်ဆာလည်းမဟုတ်။ စောဏကပဲ သတင်းထောက်လည်လှီးခံရလို့ဟု
ဆိုကာ တစ်ယောက်တစ်ပေါက်နဲ့ မကျေမနပ် ဒေါသထွက်နေတာတွေ့၍ အိုကေက တစ်ခုခုပြန်လုပ်ရ
အောင်လို့ အကြံပေးခြင်း ဖြစ်သည်။ ဟိုဟာတောင်း ဒီဟာတောင်းနဲ့တော့ အိုကေလည်း မတတ်နိုင်ပြန်။

"ဆန္ဒတော့ မပြတော့ဘူး။ ဒီပုံလေး ဂျာနယ်မှာထည့်ပြီး ဘာသာပြန်သတင်းရေးပေး"

"ငင်...ငါက နိုင်ငံတကာသတင်းရေးဘူး။ ပြည်တွင်းရေးပဲ ရေးတာ။"
"ငါက အင်္ဂလိပ်လို မကျွမ်းဘူး ရော်။"
"ငါက အနုပညာအကြောင်းပဲ ရတာ။"
"ငါက အစိုးရမကောင်းကြောင်း။"
"ငါက အင်တာပဲလိုက်ဗျူးတာ။"

အိုကေ ပြလိုက်တဲ့ ပုံကိုကြည့်ပြီး ဆင်ခြေဆင်လက် ဆင်နားရွက်ဖြင့် သတင်းရေးဖို့ လက်ရှောင်ကုန်ကြသည်။ အိုကေပြလိုက်သည့် ပုံက နိုင်ငံခြားသတင်းဌာနတစ်ခုက အမေရိကန်သတင်းထောက်ကို လည်လှီးနေသည့်ပုံ ဖော်ပြပြီး သတင်းရေးထားခြင်းဖြစ်သည်။

ထိုစဉ် ဘယ်အချိန်ထဲက အမြင်ကတ်ပြီး တွန်းချင်နေမှန်းမသိသော သူတစ်ဦးက
"ဟေ့ကောင်..မင်းကဘာသာပြန်တာဝန်ယူထားတာမဟုတ်လား။ မင်းပဲ...ရေး"

"ငင်......"

အိုကေ ကျောနည်းနည်းတွန့်ပြီး မရှိတဲ့ ဖင်နည်းနည်းရှုံ့သွားသည်။
ဟုတ်သည်။ ဒီပုံကြီးနဲ့တော့ ဂျာနယ်မှာ သတင်းထည့်လို့မဖြစ်။ မရေးရဲ။
IS အဖွဲ့က တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အစ္စလာမ်တွေကို သူတို့နဲ့ ပူးပေါင်းပြီး နိုင်ငံထောင်ဖို့
ဖိတ်ခေါ်ထားသည်။ မတော် အခန့်မသင့်လို့ IS ကို ထောက်ခံပြီး စစ်သွေးကြွနေသူ တစ်ဦးဦးက အိုကေ ကို တစ်ခုခု လာလုပ်ရင် အိုကေ ဘီယာသောက်စရာ ခေါင်းမရှိ ဖြစ်သွားနိုင်သည်။ ခေါင်းမဖြတ်ဘဲ အ၀ှာဖြတ်လို့
ရှူးမပေါက်ဘဲတော့ နေနိုင်သည်။ ဘီယာမသောက်ဘဲတော့ မနေနိုင်။

အိုကေ နည်းနည်း အခက်တွေ့သွားသည်။ အားလုံးက ၀ိုင်းကြည့်နေကြသည်။
အိုကေကို ချောက်တွန်းသူက မလုပ်ရဲမကိုင်ရဲ ဖြစ်နေကြသည့် အားလုံးရဲ့ အခက်အခဲကို
ကယ်တင်လိုက်နိုင်သူကြီး ပမာ ပြုံးပြုံးကြီး အိုကေ ကို ကြည့်နေသည်။ မင်း..ဘာတတ်နိုင်သေးလဲပေါ့။

အိုကေ သွား ၃၂ ချောင်းလုံးပေါ်အောင် အားလုံးကို မချိပြုံး ပြုံးပြလိုက်သည်။ အားလုံး နောက်နည်းနည်း ဆုတ်သွားသည်။ အိုကေ သွားမတိုက်ဖြစ်တာ တစ်ပတ်လောက်ရှိ၍ နံလို့ထင်သည်။

"အဟီး.... ဟွာလေ..ဟွာ...ရေးလို့တော့ ရပါတယ်။ ဒါမဲ့ ဆင်ဆာနဲ့ ငြိနေမယ်လေ။
ဒါမျိုးက အများထိတ်လန့်စရာပုံကြီး ဆိုတော့ ဂျာနယ်ပေါ် ပြသင့်ဘူးလေ။ နော်..နော်..ကျင့်ဝတ်လေးတော့ ထိန်းရမယ်ဟုတ်"

အိုကေ ပြောလိုက်တာကြောင့် သတင်းထောက်အားလုံး နည်းနည်းစဉ်းစားသွားကြဟန်တူသည်။
နောက်တော့ အားလုံးတညီတညွတ်တည်း "အေး...ဒါလဲဟုတ်တာပဲ" ဟုဆိုကာ
အိုကေ့ ကိုရေးခိုင်းပြီး ဂျာနယ်မှာ မထည့်ဖို့ သဘောတူလိုက်ကြသည်။

အိုကေ တော်တော်ပျော်သွားသည်။ ဟုတ်သည်လေ။ IS ကလူတွေနဲ့ အဝေးကြီးဆိုပေမဲ့ မတော်ကိုယ်ရေးလိုက်လို့ တစ်ခုခုကိုယ့်ကို လာလုပ်မယ်ဆို။ အိုကေ ဆက်မတွေးရဲ။ အိုကေလည်း ဘီယာသောက်ဖို့ ပါးစပ်လေးတော့ ရှိချင်တာပေါ့။

ဘာပဲဖြစ်ဖြစ် ခုလို မရေးရတော့ အိုကေ အရမ်းပျော်သည်။ အိုကေ အပါအ၀င် တစ်သက်လုံး မီဒီယာ ဖိနှိပ်မှုရပ်၊ မီဒီယာဆင်ဆာဖြတ်မှု ရပ် အော်လာခဲ့သော ဘော်ဒါ သတင်းထောက်တို့က ဆင်ဆာမိမှာစိုးလို့ဟုဆိုကာ မရေးကြဖို့ ကန့်ကွက်မဲမရှိ အားလုံးက သဘောတူလိုက်ကြတော့
နည်းနည်းတော့ ရီချင်မိသည်။ မတတ်နိုင် ဒီတစ်ခါတော့ ဆင်ဆာ ဆိုတာကြီးကို ကျေကျေနပ်နပ်ကြီးလက်ခံမိသည်။

ပီတိတွေဖြာကာ တွေးနေရင်း လည်ပင်းယားလာသလိုလို ဖြစ်၍ ကယောင်ကတမ်းပွတ်မိရင်း

"ငှဲ..ငှဲ နာ့လည်ပင်းလေး ရှိသေးတယ်ဟ။ ဘော်ဘော်တို့ကို ညကြရင် ဘီယာ တိုက်မယ်။"

ဟေးးးးးးးးးးးးးးးးးးးးး အားလုံးဝမ်းသာအားရ တခဲနက် အော်သံကြားတွင် စောဏက အိုကေထုတ်ပြလိုက်သော နိုင်ငံခြားဂျာနယ်တစ်စောင်မှာပါသည့် အမေရိကန် သတင်းထောက်ကို IS က ခေါင်းဖြတ်တဲ့ပုံလေးကို မသိမသာ လုံးချေရင်း အမှိုက်ပုံး ထဲ ပစ်ထည့်လိုက်ရသည်။

"ဟူးးးးးးးးးးးးးးးး တော်ပါသေးတယ်...ကိုယ့်ရှူးကိုယ်ပတ်တော့မလို့"

အိုကေ(ဖယောင်းပါတီ)

ဓမ္မစေတီခေါင်းလောင်းကြီးအမှန် တကယ်ရှိမရှိ လာမည့် ၂၆ရက်တွင်အတည်ပြုနိုင်မည်

From : .. UD

ဓမ္မစေတီခေါင်းလောင်း အမှန် တကယ်ရှိမရှိဆိုသည်နှင့်ပတ်သက် ၍ ယခုလ ၂၆ရက်မှသာအတည် ပြုနိုင်မည်ဟု ခေါင်းလောင်းဆယ် ယူရေးအထောက်အကူပြုဆပ်ကော် မတီမှ ဒုဥက္ကဋ္ဌ(၁)ဦးနိုင်မင်းအောင် ကပြည်ထောင်စုနေ့စဉ် သို့ပြောသည်။

ခေါင်းလောင်းတွေ့ရှိပြီဆိုသည့် သတင်းများနှင့်ပတ်သက်၍မေးမြန်း ရာတွင်''အခုဦးစံလင်းတို့ရေငုပ်သ မားတွေရဲ့ ပြောပြချက်အရသူတို့တွေ့ တဲ့ခေါင်းလောင်းပုံသဏ္ဌာန်ဖြစ်လား၊ မဖြစ်လား ကျွန်တော်မပြောပြနိုင် ဘူး။ သူတို့က ခေါင်းလောင်းတွေ့ ပြီ။ ဒီလောက်ပဲပြောတယ်။ မနေ့ ကလဲဆက်တူးနေပါတယ်။အတိတ် နိမိတ်အရ ၂၆ရက်မှ တွေ့တဲ့ပစ္စည်း က ခေါင်းလောင်းကြီးလား၊ သေး လားအတည်ပြုပေးနိုင်မယ်''ဟု ၄င်းကပြောသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ခြင်းကို ယခုလ ၉ရက်မှ စတင်ရှာ ဖွေတူးဖော်နေခြင်းဖြစ်ကာရက်သတ္တ နှစ်ပတ် သတ်မှတ်ထားကြောင်း သိရသည်။

''သူတို့က ဘယ်သူ့ကိုမဆို တောင်းပန်ထားတယ်။ အဆက် အသွယ်မလုပ်ပါနဲ့ဦးဆိုပြီးတော့ အခုလဲ အဆက်အသွယ်မရှိကြ ဘူး''ဟုခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့မှဒုဥက္ကဋ္ဌ(၁) ကပြောသည်။

ခေါင်းလောင်းဆယ်ယူရေးနှင့် ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ် နေကာ ခေါင်းလောင်းရှိသည်ဟု သတ်မှတ် ထားသည့်နေရာမှသဲများ၊ နုန်းများစုပ်ထုတ်ခြင်းကိုသောင်တူး စက်ဖြင့် ယခုလ ၁၈ရက်ကစတင် သော်လည်း ၁၉ရက်၌သောင်တူး စက်ချွတ်ယွင်းသွားသဖြင့် လုပ်ငန်းလုပ်ကိုင်မှုများ ရပ်ဆိုင်းထားရ ကြောင်း သိရသည်။

ခေါင်းလောင်းကြီးဆယ်ယူခွင့် ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဦးစံလင်း၊ ဦးဝင်း မြင့်တို့က ရှာဖွေတူးဖော်နေခြင်း ဖြစ်ကာ သမိုင်းအထောက်အထား များအရ ခေါင်းလောင်းကြီးနစ်မြုပ် ခဲ့သည်ဆိုသော ရန်ကုန်မြစ်၊ ပဲခူး မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ဆုံရာ အနီးတွင် တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။


.. www.MyanmarExpress.net
 

IS စစ်သွေးကြွအဖွဲ့တွင် ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ မှ ဗြိတိန်နိုင်ငံမှဖြစ်ကြောင်း အစိုးရ ထုတ်ပြန်

From : .. mizzima


ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် လှုပ်ရှားနေသည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့တွင် ပါဝင်နေသော ပြည်ပတပ်ဖွဲ့ဝင် ၂၀၀၀ အနက် ၅၀၀ သည် ဗြိတိန် နိုင်ငံ တွင်းမှဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား ၅၀၀ ခန့် ရောက်ရှိနေပြီး ၂၅၀ သည် နိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိနေ သောကြောင့် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များက ၎င်းတို့ အား စောင့်ကြည့်လျက်ရှိကြောင်း ဗြိတိန်အစိုးရ က ပြောကြားသည်။

ဘာမင်ဟန် ပါရီဘာ မဲဆန္ဒနယ် အမတ် ခါလစ်မာမွတ်က IS အဖွဲ့သို့ ဗြိတိန်နယ်စပ်များမှ ထွက်ခွာ သွားသူများလည်း ရှိနေသောကြောင့် အစိုးရခန့်မှန်းထားသည့် အရေအတွက် ၅၀၀ ထက် ပိုမိုများ ပြားပြီး ၂၀၀၀ ခန့်ရှိနိုင်သောကြောင့်  ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အရေအ တွက်ထက် IS အဖွဲ့တွင် ရောက်ရှိနေသည့် အရေအတွက်က သုံးဆခန့် ပိုများနေကြောင်း ပြောကြား သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ကြည်းတပ်ဖွဲ့တွင် မွတ်စလင် တပ်ဖွဲ့ဝင် ၆၀၀ ခန့်ရှိနေသောကြောင့် တပ်ဖွဲ့ဝင် စုစုပေါင်း၏ ၀ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတွင်းမှ ထွက်ခွာပြီး IS အဖွဲ့သို့ ပြန်သွားမည့်သူ ၂၃ ဦးကိုလည်း လေဆိပ်တွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


.. www.MyanmarExpress.net
 

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား

From : .. YMG

သူသူထက်လွင် | ရန်ကုန်၊

ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။


.. www.MyanmarExpress.net
 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လေးလပတ် မိန့်ခွန်း (အပြည့်အစုံ)

From : .. PO

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။



အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့သစ် တာဝန်ယူစဉ်ကစပြီး စီမံကိန်းကော်မရှင်အစည်းအဝေး၊ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးစသည့် အစည်းအဝေးများကို အခါအားလျော်စွာ ခေါ်ယူကျင်းပ ခဲ့သော်လည်း ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ ကိုယ်ပိုင် ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့၏ လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ပေးနိုင်ရေးအတွက် ယနေ့ ပြုလုပ်သည့် လေးလပတ် အစည်းအဝေးကို ယခုကဲ့သို့  ပထမဆုံး ခေါ်ယူကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူသည့် အချိန်မှစ၍ ပထမ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒုတိယ စီးပွားရေးနှင့် လူမှုစီးပွားဘ၀ ပြုပြင်ပြောင်းလဲမှု၊ တတိယ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု၊ စတုတ္ထအနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကို မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အဖြစ်ချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်သည့်နေရာတွင် တိုးတက်မှု ရလဒ်များ ရရှိနေပြီး တစ်ချို့အကျိုးရလဒ် အသီးအပွင့်များကို စတင်ခံစားနေရပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း တိုးတက်မှုရလဒ်များ ရရှိသလို တစ်ဖက်ကလည်း အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ရင်ဆိုင် ရသည်များ ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိပြီးသည့် အရှိန်အဟုန်ကို ထပ်ပြီး မြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ရာတွင် အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်နိုင်မည့် အချိန်သည် အချိန်အားဖြင့် တစ်နှစ်ကျော်ကျော်ခန့်သာ ကျန်ရှိတော့သည်ကို သတိပြုရန် လိုအပ်ပါကြောင်း။

ပြီးခဲ့သည့် သုံးနှစ်တာကာလကို ပြန်ကြည့်လျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အနေဖြင့် ငြိမ်းချမ်းရေး အကောင် အထည်ဖော် ဆောင်ရွက်မှုတွင် ယခုအခါ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသလောက် ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာနှင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့်အဆင့်များ တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာပါကြောင်း၊ သမိုင်းနှင့်ချီ၍ ဒေသစွဲ၊ ဝါဒစွဲ၊ အတွေးအခေါ် အယူအဆများ ကွဲလွဲမှု ရှိနေသည့် အဖွဲ့အစည်းများကို အချိန်တိုအတွင်း တစ်သားတည်းဖြစ်အောင် လုပ်ရန်ဆိုသည်မှာ မလွယ်ကူသည့် ကိစ္စဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်နေမည့်အစား စားပွဲထိုင် ညှိနှိုင်း ဆွေးနွေး၍ တူညီသည့်အချက်များကို သဘောတူမှတ်သားပြီး မတူညီ သည်များကို ဆက်လက် ဆွေးနွေး အတည်ပြုကြရမှာ ဖြစ်ပါကြောင်း။

စီးပွားရေးပြုပြင် ပြောင်းလဲမှုကိုကြည့်လျှင် (၂၀၁၀ -၂၀၁၁) စာရင်းဇယားအရ ကုန်သွယ်မှု ပမာဏ (၁၅ ဒသမ ၂၇၃) ဘီလီယံမှ (၂၀၁၃ -၂၀၁၄) ဘဏ္ဍာရေးနှစ်တွင် (၂၄ ဒသမ ၉၆၃) ဘီလီယံအထိ တိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် (၂၀၁၀-၂၀၁၁) စာရင်းအရ လျှပ်စစ်၊ စွမ်းအင်၊ သတ္တုကဏ္ဍတို့မပါဘဲ တွက်ချက်ကြည့်သည့်အခါ အမေရိကန် ဒေါ်လာ (၂၀၅ ဒသမ ၀၇) သန်း ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး ယခုအခါ အမေရိကန်ဒေါ်လာ (၄၁၀၇ ဒသမ ၀၅၅) သန်းအထိ တိုးတက်လာသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း။

အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေးအတွက် ပြည်သူဗဟိုပြုသော ပြည်သူများ ပူးပေါင်းပါဝင်သည့် စီမံခန့်ခွဲ အုပ်ချုပ်မှု ပုံသဏ္ဍာန်ကို ပြောင်းလဲနိုင်ခဲ့ပါကြောင်း၊ ပြည်သူ တို့၏ လိုအပ်ချက်၊ ပြည်သူတို့၏ ဆန္ဒ၊ တင်ပြချက်များကို ကွင်းဆင်းပြီး ပြည်သူတို့နှင့် တိုက်ရိုက် ထိတွေ့ ဆောင်ရွက်နိုင်ရန် Delivery Unit များကို ဖွဲ့စည်း ဆောင်ရွက် ခဲ့ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး အစိုးရဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကို ဖြေလျှော့ပေးနိုင်ခဲ့ပါကြောင်း၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုကချုပ်ကိုင်သည့်စနစ်ကို အတတ်နိုင်ဆုံး လျော့နည်း စေရေးအတွက် Decentralize စနစ်ကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။

လာဘ်ပေးလာဘ်ယူမှုများနှင့် စပ်လျဉ်းပြီး ဝန်ထမ်းများအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရန် ဝန်ထမ်း များ၏ စိတ်ဓာတ်ကအစ ပြောင်းလဲပစ်ရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့် ကာလအတွင်း လာဘ်ပေးလာဘ်ယူမှု လျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်သူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ဆိုပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့သည် အရေးကြီးပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ သိသိသာသာ ပြောင်းလဲ တိုးတက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ပညာရှင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ပြီး ပြုပြင် ပြောင်းလဲသင့်သည်များကို လုပ်ဆောင်လာခဲ့ရာ တိုးတက်မှုများကို တွေ့မြင်လာရ ပါကြောင်း၊ ယခင်က မူလတန်းအဆင့်ကိုသာ အခမဲ့ပညာသင်ကြားခွင့်ရရှိခဲ့ရာမှ ယခုအခါ အလယ်တန်းအဆင့် အခမဲ့ ပညာသင်ကြားရေးစနစ်ကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြုပြင်စရာများ ရှိနေပါကြောင်း၊ ငါးနှစ်အောက် ကလေး သေဆုံးမှုနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနကို ရည်မှန်းချက်တစ်ရပ် အနေဖြင့် ဆောင်ရွက်ရန် ချမှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်သူများကို ကျန်းမာသန်စွမ်းသည့် လူမျိုးများဖြစ်စေချင်သည့် အတွက် ကျန်းမာရေးအဆင့်အတန်း မြင့်တက်လာအောင် အထူး အလေးပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ပညာရေးနှင့်  ကျန်းမာရေးကဏ္ဍသည် ပြည်သူအများ ခံစားစံစားရသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ သိသိသာသာ ပြောင်းလဲတိုးတက်လာစေရန် မိမိတို့အစိုးရ၏ ကျန်ရှိသည့် သက်တမ်း ကာလအတွင်းနှင့် နောင်အနာဂတ်အတွက်ပါ ရည်မှန်းပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်ကိစ္စတွင် ဘာသာမတူ၊ လူမျိုးမတူသည့် လူအုပ်စုနှစ်စုအကြား ဖြစ်ပေါ် နေသည့် ပြဿနာများသည် ကမ္ဘာကနေပြီး မိမိတို့မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အပိုင်းကို အားနည်းချက် တစ်ရပ်အနေဖြင့် မျက်လုံး ဒေါက်ထောက် ကြည့်နေသည့် အနေအထား ရှိနေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အားပေးထောက်ခံသည့် နိုင်ငံများက ရခိုင်ပြည်နယ် ကိစ္စတွင် ဝိုင်းဝန်းကူညီဖြေရှင်းပေးလိုသည့် စစ်မှန်သော စေတနာ ကောင်းများ ရှိနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စကို ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာန အားလုံးတို့က ညှိညှိနှိုင်းနှိုင်း ပူးပေါင်းပြီး သိသိသာသာ အောင်မြင် တိုးတက်အောင် လုပ်ဆောင် ကြစေလိုပါကြောင်း။

အစိုးရအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ရမည့် မူလလုပ်ငန်းတာဝန် များအပြင် အစိုးရတစ်ဖွဲ့လုံးအပေါ် ပြည်သူများ၏ နားလည်မှု၊ ယုံကြည်မှု၊ အားကိုးမှုများကို ရရှိလာအောင် Team Work ဖြင့် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အတွင်း စည်းလုံးညီညွတ်မှုကို တစ်ဖက်က တည်ဆောက်ရမှာဖြစ်သလို ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခုအတွင်း၌ လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက် ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ဖြင့် ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများ မရှိရအောင် လက်အောက်ကို မူဝါဒများ ချမှတ်ပေးပြီး လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ပိုင်ခွင့်များ ပေးရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့်များ၊ ဆုံးဖြတ်ခွင့်များ ပေးထားပါလျက် လက်အောက်မှ မမှန်မကန် လုပ်ကိုင်လာသည်ကို တွေ့ရှိရပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုပါကြောင်း။

လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင် Quick Win ရရှိအောင် ရေတို ပြုပြင် ပြောင်းလဲသင့်သည်များ၊ ရေရှည်စီမံကိန်းများအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် အုတ်မြစ်ချပေးသင့်သည် များကို ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လက်တန်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ စီမံချက်များ၊ မူဝါဒများ ချမှတ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ပုဂ္ဂလိကဏ္ဍအဆင့်နှင့် လူမှုရေး အဖွဲ့အစည်းများ အပါအဝင် အားလုံးသိုင်းဝိုင်းပြီး လက်တွေ့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြား လိုကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ အသေးစားငွေချေး လုပ်ငန်းနှင့် သ/မ အစုအဖွဲ့လုပ်ငန်း၊ ကျေးရွာ မီး၊ ရေ၊ ပညာရေး၊ ကျန်းမာရေး၊ လက်ရှိ စက်မှုဇုန်များနှင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကိုလည်း ကဏ္ဍအလိုက် အားပေးမြှင့်တင်ပြီး လိုအပ်ချက်များကို မိမိတို့အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးရမှာ ဖြစ်ပါကြောင်း။

အလုပ်အကိုင် ရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံများ ဖန်တီးပေးနိုင်ရန် စီးပွားရေး လုပ်ငန်းရှင် များကိုလည်း ချပြရန်လိုကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်မည့် အလုပ်ရုံ၊ စက်ရုံ၊ ကုန်ထုတ်လုပ်ငန်း၊ Manufacturing လုပ်ငန်းများကို စိတ်ပါဝင်စားလာစေရန် စက်ရုံ၊ အလုပ်ရုံများကို တည်ဆောက် လုပ်ကိုင်နိုင်ရေး တွန်းအားပေးရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့၏ Third Wave တွင် အလုပ်အကိုင် ရရှိရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အလေးထား လုပ်ကိုင်ပေးသွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲခဲ့သည့် ပထမဦးဆုံး အစိုးရ ဖြစ်သည့်အပြင် အောင်မြင်သည့် အစိုးရ၊ ပြည်သူများ အားကိုးယုံကြည်သည့် အစိုးရအဖြစ် သမိုင်းတွင်ကျန်ရစ်စေရန် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမှာ ဖြစ်ပါကြောင်း၊ Third Wave တွင် အစိုးရက မည်သည့်လုပ်ငန်းများ လုပ်မည်ဆိုသည်ကို ပြည်သူများက နေ့စဉ် မျှော်လင့် တကြီး စောင့်ကြည့်နေမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အမြင်တွင် သိသိသာသာဖြစ်အောင် အရှိန်မြှင့်တင်သွားရန် လိုပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် GDP တွက်ချက်ရာတွင် GDP Happiness လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သည် ကို တွေ့ရပါကြောင်း၊ မိမိတို့ အနေဖြင့် အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများကို မြို့ရွာများတွင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရန် နှင့် သင့်တင့်သည့် ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ ဖန်တီးပေးရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ ဖန်တီးပေးသည့် နည်းတူ တစ်ဖက်ကလည်း သဘင်၊ ဂီတ၊ ရုပ်ရှင် အစရှိသော အနုပညာရှင်များကို တတ်နိုင်သမျှ အားပေး ကူညီပေးသွားကြရန် ပြောကြား လိုပါကြောင်း။

ထို့ပြင် မိမိတို့အစိုးရ တာဝန်ယူချိန်အစတွင် မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး Least Development Country (LDC) နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်ကို ရုန်းထွက်နိုင်ရန် ကြိုးစားမည်ဟု အများပြည်သူကို အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် LDC အဖြစ် သတ်မှတ်ခံရသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် အာဆီယံ ဒေသအတွင်း LDC သတ်မှတ်ခံရသည့် မိမိတို့နိုင်ငံ အပါအဝင် လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံသာ ရှိပါကြောင်း၊ LDC စာရင်းက လွတ်မြောက်ရန်အတွက် နိုင်ငံတစ်နိုင်ငံသည် ညွန်းကိန်း (၃) ရပ်အနက် ညွန်းကိန်း (၂) ရပ်ဖြင့် ပြည့်စုံရန်လိုအပ်သည့်အတွက် လက်ရှိ အနေအထားအရ မိမိတို့အတွက် အခွင့်အလမ်းများ ရှိနေပါကြောင်း၊ LDC အဆင့်က လွတ်မြောက်အောင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

အိုးမဲ့အိမ်မဲ့၊ ကျူးကျော်ကိစ္စရပ်များသည်လည်း နိုင်ငံက ဖြေရှင်းရမည့်ကိစ္စရပ် တစ်ရပ် ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း ဥပဒေအရ ထိန်းသိမ်းသွားရမှာဖြစ်ပြီး တစ်ဖက်ကလည်း အရေးယူသွားရုံနှင့် မပြီးဘဲ ပြဿနာများကို ဖြေရှင်းပေးရမှာ ဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်နေသည့် Affordable Housing Project ကို လုပ်ဆောင်ပေးနေရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေ စသည့် မြို့များကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့ အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသော ဈေးနှုန်းများနှင့် Public Housing Project များကို ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း။

မြေယာကိစ္စများနှင့် ပတ်သက်၍ မိမိတို့အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ နည်းမျိုးစုံဖြင့် ဝေဖန်ပြစ်တင်နေကြသည် ကို တွေ့မြင်နေရ ပါကြောင်း၊ ယခုကိစ္စရပ်များသည် မိမိတို့ အစိုးရ လက်ထက်တွင် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ယခင်အဆက်ဆက်က ဖြစ်လာသည့် ကိစ္စများ ဖြစ်သော်လည်း မိမိတို့အစိုးရအနေဖြင့် နည်းလမ်းများ ရှာဖွေပြီး ဖြေရှင်းဆောင်ရွက် ပေးနေ ပါကြောင်း၊ မြေယာကိစ္စများကို ဒုတိယသမ္မတဦးစီးပြီး ဖြေရှင်းဆောင်ရွက် ပေးနေ ပါကြောင်း၊ မြေယာကိစ္စများနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ကြန့်ကြာမှုများ၊ နှောင့်နှေးမှုများ မရှိအောင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား ကြပ်မတ် ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယေဘုယျအားဖြင့် ကြည့်လျှင် ကဏ္ဍတစ်ခုစီ၊ သီးခြားစီဆောင်ရွက်နေသော လုပ်ငန်းများဟု ထင်ရသော်လည်း ယင်းတို့ အားလုံးသည် တစ်ခုနှင့် တစ်ခု တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း၊ ချိတ်ဆက်ထားသည့် ကဏ္ဍကြီးတစ်ခု၏ လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း။

နိုင်ငံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် လူတိုင်းပါဝင်ခွင့်ရှိသည့် ဒီမိုကရေစီနိုင်ငံရေး ဖြစ်စေရန် ရွေးကောက်ပွဲ ဆိုင်ရာ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်း၊ ဥပဒေနှင့်အညီ သတင်းများရေးသား ထုတ်ဝေသော မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးဆန္ဒပြခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသည်တို့သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကပါ ချီးကျူးဂုဏ်ပြု ရသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၏ လုပ်ငန်းစဉ် သာဓကတချို့ ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက ကဏ္ဍ ပြုပြင် ပြောင်းလဲရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍပါ လိုက်ပါပြီး တိုးတက်ပြောင်းလဲလာသည်ကို မြင်ရပြီး ဖြစ်ပါကြောင်း။


မိမိတို့ နိုင်ငံ၏ စီးပွားရေးအဆင့်သည့် အာဆီယံ (၁၀) နိုင်ငံထဲတွင် အဆင့် (၇) ရှိနေ သည်ကို ကြည့်ခြင်းအားဖြင့် ကြိုးစားကြရန် များစွာလိုနေသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ နိုင်ငံ၏ စီးပွားရေး (GDP) ဖွံ့ဖြိုးမှု အားနည်း နေသေးသည့် အချိန်တွင် ဝန်ကြီးဌာနအသီးသီးတွင် ခွဲဝေပေးသည့် ဘဏ္ဍာရန်ပုံငွေ သည်လည်း နည်းနေဦးမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသည့် ကဏ္ဍအသီးသီးက လုပ်ငန်းများတိုးတက်မှု၊ ကျဆင်းမှုတို့သည် သီးခြားစီ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ၊ ကဏ္ဍတစ်ခုနှင့် တစ်ခု နက်ရှိုင်းစွာ ချိတ်ဆက်နေသည့် ဖြစ်စဉ်များသာဖြစ်သည့် အတွက် ကျန်ရှိနေသည့် သက်တမ်းကာလအတွင်း Third Wave အစီအစဉ်တွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက် ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အတူတကွ စုစည်း ဆောင်ရွက်ခြင်းများဖြင့် ဆောင်ရွက်သွားသင့် ပါကြောင်းဖြင့် ပြောကြားသည်။


.. www.MyanmarExpress.net
 

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားပြေးဆွဲမည်

From : ..YMG


 လာမည့် ၂ဝ၁၆ မှ ၂ဝ၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် ကိုရီးယား၊ ဂျပန်၊ စင် ကာပူတို့ကဲ့သို့ တိုးတက်နေသည့် နိုင်ငံများတွင် လည်း လျှပ်စစ်ရထားများကို တွင်ကျယ်စွာအသုံး ပြုနေကြပြီး မြန်မာနိုင်ငံတွင်လည်း ယင်းသို့ ပြေး ဆွဲနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ လျှပ်စစ်ရထားပဲ မဟုတ်ပါ ဘူး။ မြေအောက်ရထား၊ မိုးပျံရထား၊ လျှပ်စစ် ရထားတွေကို ပြည်သူတွေသုံးစွဲနိုင်ဖို့ ကျွန်တော် တို့ စီစဉ်ထားတာတွေရှိပါတယ်''ဟု သြဂုတ် ၁၆ ရက်က ရန်ကုန်ဘူတာကြီး၌ ပြုလုပ်သည့် RBE ရထားသစ်ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်း ဌေးက ပြောကြားခဲ့သည်။

ယခင်က သာမန် ရထားတစ်တွဲလုံးတွင် အဲ ကွန်းပါ တွဲတစ်တွဲသာ ရှိခဲ့ရာမှ ယခုအချိန်၌ မီး ရထားတစ်စင်းလုံးအား အဲကွန်းများတပ်ဆင်ကာ Automatic System ဖြင့် အသုံးပြုနိုင်ခဲ့သော ကြောင့် လျှပ်စစ်ရထားကိုလည်း သေချာပေါက် အသုံးပြုနိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။

''ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ အဲ ကွန်းရထားတုန်းကလဲ တော်တော်သဘောကျ ပါတယ်။ အတွေ့အကြုံရအောင် တက်စီးရင်းနဲ့ သဘောကျသွားပါတယ်။ နောက် ဘယ်လိုရထား မျိုးပဲလာလာ၊ နိုင်ငံတကာအဆင့်မီလာရင် ပြည် သူတိုင်း သဘောကျမှာပါ''ဟု ခရီးသည်တစ်ဦး ဖြစ်သူ ဦးခင်နိုင်က ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ရထား ပြေးဆွဲမည်ဆို ပါက လက်ရှိခုံးတံတားများအား ပြန်လည်ပြုပြင် ရမည်ဖြစ်ကာ ကိုက် ၁၅ဝ စီ၌လည်း လျှပ်စစ် ဓာတ်တိုင်များ စိုက်ထူရမည်ဖြစ်ပြီး လျှပ်စစ်သုံး ထားသည့်အတွက် လုံခြုံရေးအတွက်လည်း သေ ချာစွာပြုလုပ်ရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံ ပို့ဆောင်ရေးမှာ အရှုံးပြနေပြီး တစ်နေ့လျှင် စစ်တမ်းများအရ ဘတ် ဂျက် ကျပ် ၈ ဒသမ ၈ သိန်းဆုံးရှုံးနေကာ ယခင် ကာလ၌ တစ်ရက်လျှင် ကျပ် ၂၅ သိန်း ဆုံးရှုံး ကြောင်းလည်း သိရသည်။


.. www.MyanmarExpress.net
 

လိုက်ဘေးရီးယားတွင် အီဘိုလာကြောင့် ဆရာဝန် ၆၀ ကျော်သေဆုံး၊ ကျန်မာရေးဌာနများပိတ်

From : .. Ko Ko


အနောက်အာဖရိကနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကြောင့် အစိုးရတွေ ဟာ အီဘိုလာဗိုင်းရပ်စ် ထိန်း မရအောင် ကူးစက်နေတာကို ရပ်တန့်ဖို့ အလူးအလဲ ကြိုးစားနေပါတယ်။

လိုက်ဘေးရီး ယားနိုင်ငံ ဆေး ဘက်ဝန်ထမ်းတွေဟာ အလုပ်ကို လာဖို့ ကြောက် လန့်နေကြတဲ့အတွက် ကျန်းမာရေးဆေး ကုဌာနအများအပြားကို ပြီးခဲ့တဲ့ သြဂုတ်၎ ရက်နေ့က ပိတ်လိုက်ပါတယ်။

လိုက်ဘေးရီး ယားနိုင်ငံတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်း အီဘိုလာကူးစက်လို့ ဆရာဝန်အယောက် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးဟာ ကျန်းမာရေးစနစ် အားနည်းမှုကြောင့် ထိန်းချုပ်နိုင်တာထက် ပိုပျံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရင်အပတ်က သတိပေးခဲ့တယ်။

ဆီရီယာလီယွန်နဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့ရပ်ကွက်တွေကို သီးသန့်ထားဖို့ သြဂုတ် ၄ ရက်နေ့က ရာနဲ့ချီတဲ့ စစ်သားတွေကိုတာဝန်ချ ထားရပါတယ်။

အဆိုးရွားဆုံး ကူးစက်မှုကြောင့် သေဆုံးသူ ၈၈၇ ယောက်ရှိပြီး နိုင်ဂျီးရီးယားနိုင်ငံမှာတော့ ကူးစက်မှုအသစ် ၃ ခု ထပ်ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။လိုက်ဘေးရီးယားနဲ့ဆီရီယာလီယွန်၂ နိုင်ငံလုံးကအီဘိုလာရောဂါကုထိပ်တန်းဆရာ
ဝန်တွေလည်း လူနာအများအပြားကို ကုသအပြီး ဒီရောဂါနဲ့ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။

နှစ်နိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ၀န်ထမ်းတွေကတော့လူနာတွေကို ကိုင်တွယ်ကုသဖို့၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့၊ အစိုးရတွေဆီကလုံလောက်တဲ့ အထောက်အပံ့ မရဘူးလို့ ပြောပါတယ်။

အရာရှိတွေကတော့ အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ကိုသာမက ဒေသခံတွေရဲ့မယုံကြည်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းနေရတာပါ။

အစိုးရက ဂျွန်ဆင်ဗေလီရပ်ကွက်မှာ အီဘိုလာကူးစက်ခံတွေကို မြေမြှုပ်ဖို့ နေရာစီစဉ်ပေးရေး ကြိုးစားခဲ့လို့ အနားက ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။ တပ်တွေကလည်းအရေးပေါ် အခြေအနေ ကိုင်တွယ်မှုကို ကူညီဖို့ အားဖြည့်နေရပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်ခံရသူရဲ့ကိုယ်ကထွက်တဲ့အရည်တွေကိုတိုက်ရိုက်ထိတွေ့မှုကနေတဆင့် ကူးစက်နိုင်ပြီး ရှူသွင်းတဲ့လေ ဒါမှမဟုတ် ရိုးရိုးထိတွေ့မှုကနေတဆင့် မကူးစက်နိုင်ပါဘူး။

ကူးစက်ခံရသူ သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်း ရှိတဲ့ အီဘိုလာဟာ လောလောဆယ်မှာတော့ ကူးစက်ခံရသူ သေဆုံးနှုန်း ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေပါတယ်။ရောဂါလက္ခဏာတွေက အော့အန်ပြီးဝမ်းလျော့တာနဲ့ကိုယ်တွင်းကိုယ်ပြင်သွေးထွက်တာ တွေ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။

ကူးစက်ခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု သေသေချာချာ မခံရရင်၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးနိုင်ပြီး ကုသဆေးနဲ့ ကာကွယ်ဆေးပါမရှိသေးပါဘူး။


.. www.MyanmarExpress.net
 

JJ Express ယာဉ်တိမ်းမှောက်မှုမှာ လမ်းကြောင့်မဟုတ်၊ ကားသမားနှင့် ကားပိုင်ရှင် ပူးပေါင်းကာ ခရီးသည်များကို စေတနာမဲ့ လုပ်ကြံခြင်းဖြစ်

From : .. MDY EXPS







 (၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊ ယာဉ်မောင်း - ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့် လမ်းကွေ့တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး ဘေးတစ်စောင်းတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိသူများတွင် တယ်လီကွန်းကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေးလျနိုင်ငံသူ မြန်မာစာ (Ph.D)စာတမ်းပြုစုရန် လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏ နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများလုံးဝမရှိဘဲပြောင်ချောနေပြီး စတီးကြိုးများပေါ်သည့်တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၄င်းယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းဖြင့်သာမောင်းနှင်စေရေး အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိနေသော နေပြည်တော် (စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်သန်းမောင်းနှင်ခြင်းမရှိဘဲ အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေရာမှ မောင်းနှင်တက်ရောက်ခဲ့ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်းထန်စွာရွာသွန်းနေစဉ်တွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်း များမှ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းမရှိစေရေးအတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များအား ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး အချိန်ထိန်းစနစ်ဖြင့်စစ်ဆေးခြင်း၊ ခရီးသည်တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော တာယာဘီးများအသုံးပြုခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်/ မော်တော်ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့် ရာသီဥတုအခြေအနေတွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူ မော်တော်ယာဉ်မောင်းအား ပညာပေးကာလကုန်ဆုံးခဲ့ပြီးဖြစ်သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

.. www.MyanmarExpress.net
 

ဆိုင်ကယ် ၅ စီးနှင့် လူ ၆ ယောက်ကို တိုက်သတ်သည့် ယဉ်မောင်းအား ဖမ်းဆီး

From : .. ရဲဇာနည်
















၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၂ လမ်း၊ ၆၂ x ၆၃ လမ်းကြားတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ကျော်ဇင်မင်း (၂၄)နှစ်မောင်းနှင်လာသော 7B/xxxxx “စူပါမန္တလာရိုင်ရယ်” ၀က်ဂွန်ယာဉ်သည် ဆိုင်ကယ် ၂ စီးအား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးစဉ် ၆၂x၆၃ လမ်းထောင့်ရှိ ဓါတ်တိုင်အား ထပ်မံတိုက်မိကာ (၆၇)လမ်းအတိုင်း မြောက်မှတောင်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထိုသို့မောင်းနှင် ထွက်ပြေးရာ မဟာအောင်မြေမြို့နယ်၊ (၆၂)လမ်း၊ (၃၉x၄၀)လမ်းကြားရှိ အနော်ရမ္မံဥယျာဉ်ရှေ့၌ ဆိုင်ကယ်(၃)စီးနှင့် ရပ်တန့်ထားသည့် 7B/xxxx အေဒီဗင်ယာဉ်တို့အား ထပ်မံတိုက်မိပြီး ဆက်လက်မောင်းနှင်ထွက်ပြေးစဉ် ၎င်းအား (၆၂xသိပ္ပံ)လမ်းဆုံ၌ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။

 ယာဉ်တိုက်မိမှုကြောင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဦးသန်းမြင့်ဦး (၅၆)နှစ်ပါ ၄ ဦးတို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မဟာအောင်မြေမြို့နယ်နေ မအိမွန်ငြိမ်း (၂၁)နှစ်ပါ ၃ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ဇင်မင်းအား အမှတ်(၃)နယ်မြေ ရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း၊ မဟာအောင်မြေမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 .. www.MyanmarExpress.net
 

ဇော်ဦး နှင့် ABSDF သမိုင်းမှန်

From : .. သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )

အညိုရောင် ပင်စည်တွင် ကပ်နေသောအခါ ပုတ်သင်ညိုသည် အညိုရောင်အသွင် ပြောင်းသွားသည်။ အစိမ်းရောင်သစ်ရွက်များကြားတွင် ရောက်သွားသည့်အခါ အစိမ်းရောင် ပြောင်းသွားပြန်သည်။ ထိုသို့ အရောင်းပြောင်းလဲတတ်သည့် သတ္တိအစွမ်းပကားကြောင့် ပုတ်သင်ညိုကို အန္တရာယ်ပြုမည့်သူများ မတွေ့မမြင် ဖြစ်ရသည်။ သဘာဝက သူ့ကို အကာအကွယ်ပေးထားသည်ကိုး။

လူလောကတွင်းတွင်လည်း ပုတ်သင်ညိုကဲ့သို့ တနေရာမှ တနေရာကူးပြောင်းသည့်အခါ မူလ ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို စွန့်လွှတ်ခါ အရောင်ပြောင်းလဲသွားသူများလည်းရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ စဉ်စစ် ထိုသူများသည် ယုံကြည်ချက်ကြောင့်သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ မိမိကောင်းစားရေးအတွက် ဘာမဆို လုပ်မည်ဆိုသည့် ယုံကြည်ချက်ကြောင့်ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မိမိကိုယ်ကျိုးအတွက် အရာရာကို အသုံးချမည်ဟု ခံယူချက်ရှိသူများပင် ဖြစ်တော့သည်။

ကျွန်တော်တို့ တော်လှန်ရေး အဝန်းအဝိုင်းတွင် အရောင်ပြောင်းရာတွင် အတော်ဆုံးဟု ဆိုရမည့်သူ့မှာ ကိုဇော်ဦး ဖြစ်ပါသည်။ ပြည်တွင်းသတင်းစာများမှ ကိုဇော်ဦးကို ABSDF ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဟု ရေးသားကြသည်ကို တွေ့ရသည့်အတွက် ဤစာကို ရေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

ကိုဇော်ဦးသည် ဘုရားသုံးဆူစခန်းသို့ ရောက်လာခဲ့ပြီး ဆေးကျောင်းသားတယောက် ဖြစ်သည့်အတွက် စခန်းမှ ကျောင်းသားများက ပညာတတ်တယောက်အဖြစ် အားကိုး အားထားပြုသူများထည်းတွင် တယောက်အပါအဝင် ဖြစ်ပါသည်။ ကျွန်တော် ကိုဇော်ဦးကို လူပုဂ္ဂိုလ်ရေးအရ မမုန်းပါ။ သူအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျွန်တော် စိတ်မဝင်စားပါ။ သို့ရာတွင် ကျွန်တော်တို့ လေးစားတန်ဖိုးထားသော ABSDF ၏ ခေါင်းဆောင်ဟောင်း တဦးဟု ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြခဲ့မှုကြောင့် မြန်မာပြည်သူများ ABSDF ခေါင်းဆောင်တွေဟာ အခုတော့လဲ အစိုးရနဲ့ ပလူးပလဲလုပ်နေကြပြီလားဟု အထင်အမြင်သေးသွားမည်ကို စိုးရိမ်သည့်အတွက် ဤစာ ရေးလိုက်ခြင်းဖြစ်ပါသည်။

ပထမတချက်မှာ ကိုဇော်ဦးသည် ABSDF ၏ ဘုရားသုံးဆူ စခန်းတခု၏ ခေါင်းဆောင်အဖြစ် တခဏတာမျှသာ လုပ်ခဲ့သူ ဖြစ်ပါသည်။ ဘုရားသုံးဆူစခန်းတွင် လုံးဝ မနေဘဲ ဘန်ကောက်တွင် ဝန်ကြီးချုပ်ဟောင်းဦးနုသား ဦးအောင်၏ အကူအညီ ထောက်ပံ့မှုဖြင့် တိုက်ခန်းငှါးနေခဲ့သူဖြစ်ပါသည်။ ဘုရားသုံးဆူ စခန်းသို့ ကားစင်းလုံးငှါး၍ တလတခါ ဆင်းလာတတ်ပြီး စခန်းရောက်သည့်အခါ စခန်း ကော်မီတီသို့ ငွေပေး၊ သူသောက်ရန် သောက်ရေသန့် ပုလင်းကို ဒါဇင်လိုက်ယူလာပြီး ခြင်ထောင် မွေ့ယာနှင့် နေထိုင်သူ ဖြစ်ပါသည်။ စခန်း ရဲဘော်များ ထိုစဉ်က သောက်ရေသန့် ပုလင်းကို သောက်ရန် မပြောနှင့် မြင်တောင်မြင်ဘူးကြသူများ မဟုတ်ပါ။ ထိုစဉ် ၁၉၈၈ ခုနှစ်က မြန်မာပြည်တွင် သောက်ရေသန့်ပုလင်းများ မပေါ်သေးပါ၊ ပြည်သူများ သောက်ရမှန်း မသိသလို၊ တောခိုလာကြသူများဖြစ်သော ကျွန်တော်တို့လည်း မသိကြပါ။

ကိုဇော်ဦးက ခြင်ထောင် မွေ့ယာနှင့် သောက်ရေသန့်သောက် ဇိမ်ကျနေစဉ် ကျနော်တို့က ကြမ်းတွင် အဝတ်ခင်း စမ်းချောင်းရေသောက်၊ ပုဆိုးခြုံ ကွေးနေရသည့် အနေအထားဖြစ်ပါသည်။ စခန်းတွင် ၁ ရက် ၂ ရက်နေပြီး စခန်းကော်မီတီဝင် ကိုတင်စိုးနောင်၊ ဒေါက်တာနိုင်အောင်တို့နှင့် ဘုရားသုံးဆူဈေးတွင် သောက်စားကြပြီးနောက် ဘန်ကောက်သို့ အတက်ချီကေ့ ချီးပုံးကို ဆွဲလိုက်တက်သွားပါတော့သည်။ သူပေးသော ငွေကို စခန်းကော်မီတီဝင်များက သောက်စားမူးရစ်နေစဉ် ရဲဘော်များ ငှက်ဖျားဒဏ်ဖြင့် အလူးအလဲ ဖြစ်သူဖြစ်၊ ဆရာဝန် လုပ်သူများက လူနာကို ဆေးမကုဘဲ တော်လှန်ရေးသမားကြီးများ ဂိုက်ဖမ်း၍ မူးယစ်သောက်စားနေကြသဖြင့် လက်သင် တပည့်များက ဒေါက်တာရမ်းကုလုပ်၍ ဆေးထိုး၊ တချို့ အပ်မသန့်၍ အတွင်း ပြည်လိုက်၍ ခွဲထုတ်ရသော လူနာများကလည်းရှိ၊ ငှက်ဖျားပိုး ခေါင်းထဲဝင်၍ မသေသင့်ဘဲ အသက်ဆုံးရှုံးသည့် သူလည်းဆုံးနှင့် ဘုရားသုံးဆူစခန်းတွင် ပရမ်းပတာ ဖြစ်နေခဲ့သည်မှာ စိတ်ထိခိုက်စရာ ကောင်းလှပါသည်။

ကိုဇော်ဦးသည် ဘန်ကောက်နှင့် စခန်းကို တလတခါ ကူးလာခေါက်ပြန် သွားသည့်အပြင် တဖက်မှလည်း ဦးအောင်၏ ဒညတ အတွင်းရေးမှူးနေရာကို လျှို့ဝှက်စွာ ယူထားလိုက်ပြန်ပါသည်။ ထိုစဉ်က ဗဟိုဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်က ကျနော်တို့ကို ပြောခဲ့ဘူးပါသည်။ ကိုထွန်းနှင့် ဦးရဲထွန်း (ကွယ်လွန်) တို့ အင်းစိန်ထောင်ထဲတွင် တခန်းတည်းနေပြီး အလွန်ရင်းနှီးကြသည်။ ဦးရဲထွန်းယောက်ဖ ဦးဇာလီမော်သည် ကိုအောင်တို့ ဒညတ၏ ခေါင်းဆောင်တဦးဖြစ်သည်။ ဦးရဲထွန်း၏ ပြောပြချက်အရ ဦးဇာလီမော်က ကိုထွန်းအောင်ကျော်အား သူ့ယောက်ဖ လူဟုထင်ပြီး စံခရဘူရီတွင် ဦးဇာလီမော်နှင့် ဇော်ဦးတို့ အတူရှိနေစဉ် ဦးဇာလီက ကိုထွန်းအောင်ကျော်အား “ကိုထွန်းအောင်ကျော်ရေ မောင်ဇော်ဦးက အန်ကယ်တို့လူဘဲ၊ သူလည်း အတွင်းရေးမှူးတယောက်ဘဲ” ဟု ပြောလိုက်သည့်အခါ ဇော်ဦး အတော်မျက်နှာပျက်သွားပြီး စကားမပြော နိုင်အောင် ဖြစ်သွားသည်ဟု ဆိုခဲ့ဘူးပါသည်။ ကိုထွန်းအောင်ကျော်ကို ဟုတ်မဟုတ် မေးကြည့်နိုင်ပါသည်။

ထိုအခါမှ ကိုထွန်းအောင်ကျော်က ဇော်ဦးဟာ နှစ်ဖက်နင်းထားသူဖြစ်ကြောင်း ရိပ်မိသိရှိခဲ့သည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် စခန်းရဲဘော်များ မျှစ်ချိုး၊ မီးသွေးဖုတ်နှင့် စားဝတ်နေရေး ဖြေရှင်းရင်း တနေ့ စစ်သင်တန်းတက်ရနိုး တနေ့ သေနတ်ရနိုး စောင့်စားလျက် ရှိစဉ်၊ ဦးဇာလီမော်နှင့် ဦးအောင်နုတို့က ၎င်းတို့ ဒညတစခန်းတွင် ဖောက်ခွဲရေးသင်တန်းပေးမည် တက်လိုသူများ လာရောက်တက်နိုင်သည်ဟု ပြောသည့်အခါ ကိုဇော်ဦးမှ စခန်းမှ ရဲဘော်များကို မေးမြန်း၍ ၅ ယောက်တဖွဲ့ ဒညတ စခန်းသို့ လွှတ်ပေးခဲ့ပါသည်။ ထို့သို့ လွှတ်ပေးသည့်အတွက် ဒညတစခန်းတွင် လူများရောက်ရှိလာပါသည်။ ရောက်ရှိလာသော ရဲဘော်များကို ငါးသေတ္တာဗူးများနှင့် ကျွေးမွေးသည့်အတွက် ထိုသူများ သင်တန်းတက်ပြီးသော်လည်း စခန်းသို့ ပြန်မလာကြတော့ပါ။ ဒညတမှ ထိုကဲ့သို့ သင်တန်းအကြောင်းပြ၍ ABSDF ရဲဘော်များကို ဖဲ့ထုတ်ပြီး အစာနှင့်တမျိုး အနေအထိုင်ကောင်းမှုနှင့်တမျိုး စည်းရုံးခဲ့ခြင်းကို သိသိကြီးနှင့် ကိုဇော်ဦးမှ အားပေးကူညီ၍ လူများ ပေးပို့ခဲ့သည်။ ထိုအတွက် ဦးအောင်မှ ဇော်ဦးအား လူတသုတ်ပို့တိုင်း ဘတ်ငွေ ၅ သောင်း ထုတ်ပေး၍ ဆုချသည်ဟု ကြားသိရပါသည်။

ABSDF ရဲဘော်အများစုမှာ ငတ်ပြတ်နေသော်လည်း ယုံကြည်ချက်ဖြင့် ဒညတကိုလည်းကောင်း၊ မွန်ပြည်သစ်ကိုလည်းကောင်း၊ ကေအင်ယူကိုလည်းကောင်း မပြောင်းလဲဘဲ ကြံ့ကြံ့ခံနေခဲ့ကြသည်မှာ ယနေ့အထိ ဂုဏ်ယူလို့ မဆုံးပါ။ ဇော်ဦး၏ နှစ်ခွ လုပ်စားနေမှုကို သိမြင်လာကြသဖြင့် နောက်ဆုံး ဇော်ဦးကို ခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်၍ ဆေးကျောင်းသား အောင်သူငြိမ်းကိုသာ စခန်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကြပါသည်။ သို့ရာတွင် ဇော်ဦးနှင့် ကျေးဇူးမကင်းသည့် ဒေါက်တာနိုင်အောင်က ABSDF အရေးပေါ် ညီလာခံအပြီးတွင် ဒုဥက္ကဋ္ဌနေရာ အရွေးခံရပြီးနောက် ဗဟိုတွင် မနေဘဲ စခန်းသို့ ပြန်လာ၍ နှပ်နေစဉ်၊ ဗဟိုဒုဥက္ကဋ္ဌရာထူး အရှိန်အဝါကိုယူ၍ မွန်ပြည်နယ် ABSDF ကော်မီတီကို ဖွဲ့စည်းခဲ့ပြန်ပါသည်။ ၁၀၁ ဥက္ကဋ္ဌ ပြုတ်သွားသည့် ဇော်ဦးကို ၁၀၁ နှင့် ၁၀၂ စခန်းနှစ်ခုပေါင်း မွန်ပြည်နယ် ABSDF ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်က တင်ပေးလိုက်သဖြင့် ရဲဘော်များအားလုံး ဒေါသူပုန်ထသည်အထိ ဖြစ်ခဲ့ရပြန်သည်။

ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်းတို့မှာ ဆေးကျောင်းသားများဖြစ်ပြီး ဇော်ဦးတို့ အုပ်စုကို အပြတ်ဆန့်ကျင်ရဲသူများ ဖြစ်ကြပါသည်။ ထိုကြောင့် ကိုအောင်သူငြိမ်းကို စခန်းရဲဘော်များက ဥက္ကဋ္ဌအဖြစ် ရွေးခဲ့ကြပြီး ကိုဝင်းမင်းကိုမူ မင်းသမီးစခန်းတွင် ဆေးကုသနိုင်သူမရှိသဖြင့် ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် မင်းသမီးစခန်းဥက္ကဋ္ဌ ကိုအောင်သန်းဝင်းတို့က မင်းသမီးစခန်းသို့ အမိန့်ဖြင့် ပို့ပေးခဲ့ပါသည်။ ကိုဝင်းမင်းတယောက် မလိုက်ချင်ဘဲလျက် အမိန့်ကို နာခံပြီး လိုက်သွားခဲ့ရပါသည်။ ထို့ကြောင့် တချိန်တွင် မင်းသမီးစခန်းမှ ရှားရှားပါးပါးး ရလာသည့် ဆေးကျောင်းသား ကိုဝင်းမင်းကို နေ့ချင်းညချင်း ဒေါက်တာဘွဲ့ပေး၍ ဒေါက်တာဝင်းမင်းအဖြစ် တလေးတစား နေရာပေးခြင်း ခံရပြီး ဆရာဝန်ကြီး ဖြစ်သွားခဲ့ပါတော့သည်။

ဇော်ဦးသည် ငွေထွက်သည့် နေရာကို သိသည်။ ထိုနေရာသို့ ဘယ်လိုသွားရမည်ကို နားလည်သည်။ သူ့တွင် ထိုအရည်အချင်း ရှိသည်မှာ သူ့လုပ်ရပ်များက သက်သေပြလျက် ရှိသည်။ ပထမ ABSDF တွင်ရှိစဉ် စခန်းဥက္ကဋ္ဌနေရာကို ယူ၍ ဘန်ကောက်တွင်ရှိသော ဦးအောင်၊ ဦးတင်မြင့်ဦး၊ ဒေါ်မင်းမင်းတို့နှင့် တွေ့ပြီး စခန်းအတွက် အကူအညီတောင်းသည်။ ရလာသည်ကို စခန်းကိုပြန်ပေး၍ မျက်နှာလုပ်သလို သူ့အိတ်ထဲလည်း ထည့်သည်။ ဘယ်လောက်ရလာသည်ဟု သူ့ပါးစပ်ပြောဘဲ သိရသည်။ စာရင်းအင်းမရှိ။ ရဲဘော်များက ငွေရှာပေးလာသည်ကိုဘဲ ကျေးဇူးတင်နေရသည်။ တဖက်မှလည်း ငွေရွှင်နေသော ဒညတကို ခြေစုံပစ်ဝင်လိုက်ပြီး ဖေါဖေါသီသီ သုံးစွဲနိုင်ခဲ့သည်။

စခန်းမှ မိန်းကလေးများကို တယောက်ပြီးတယောက်ဘန်ကောက်တွင် ဆေးကုပေးမယ်ဟု ပြောပြီး ခေါ်သည်။ ဘန်ကောက်မရောက်ခင် လမ်းတွင် KNU မှ ဖွင့်ထားသော တပ်မ (၄) ပိုင် တည်းခိုခန်းတွင် ဝင်၍ တယောက်ခန်းငှါးပြီး ၃ ရက် ထိုခေါ်လာသောမိန်းကလေးနှင့် အတူနေသည်။ ထို့နောက် ဘန်ကောက်တက်လာပြီး အဝတ်အစား ဝယ်ပေးသည်။ ပြီးလျှင် ပြန်လာပြီး ထိုတည်းခိုခန်းတွင် ထပ်တည်းပြန်သည်။ ဇော်ဦးခေါ်သွားသည့် မိန်းခလေးများအမည်ကို သိရှိသော်လည်း ယခုအခါ အိမ်ထောင်သည်များ ဖြစ်နေပြီဖြစ်၍ ထုတ်ဖေါ်မပြောလိုတော့ပါ။ KNU ကန်ချနဘူရီ တည်းခိုခန်းတွင်ရှိသည့် KNU ဗိုလ်ကြီး Leonal (လိုင်နယ်) ယခု အမေရိကန်တွင် အီလီနွိုင်းပြည်နယ်၌ (ကွယ်လွန်) က ကျွန်တော့်ကို ခရစေ့တွင်းကျ ပြောပြဘူးသည်။ ဥက္ကဋ္ဌကိုထွန်းအောင်ကျော်ကလည်း သူ့အား ဖဒိုလိုင်နယ်က ဧည့်စာရင်းစာအုပ်ကို ဖွင့်ပြ၍ “ခင်ဗျားတို့ စခန်းခေါင်းဆောင်တွေ လုပ်နေကြတာ ကြည့်ပါအုံးဗျာ” ဟု ဆိုပြီး ပြခဲ့သဖြင့် အံ့သြစွာ အကျင့်ပျက်နေမှုတို့ကို သိခဲ့ရသည်ဟု အတည်ပြုခဲ့ပါသည်။

ABSDF မွန်နယ်မြေ ဥက္ကဋ္ဌ အဖြစ်ကို ဇော်ဦးအား ဒေါက်တာနိုင်အောင်မှ သူ၏ ဗဟိုဥက္ကဋ္ဌ အရှိန်အဝါ သုံး၍ တင်ပေးသော်လည်း စခန်းရဲဘော်များက လက်မခံသဖြင့် နောက်ဆုံးကိုဇော်ဦးတယောက် ပြောင်ပြောင်တင်းတင်း ဒညတသို့ ပြောင်းသွားခဲ့သည်။ ဒညတ ငွေခန်းလာသည့်အခါ ဒညတကို ကျောခိုင်း၍ အမေရိကသို့ ထွက်သည်။ ထိုနောက် ကျောင်းတက်ပြီး ကျောင်းပြီးချိန်တွင် ဒေါက်တာသောင်းထွန်းကို ချဉ်းကပ်၍ ၎င်း၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရထံတွင် Burma Fund ၏ အလုပ်အမှုဆောင်ဒါရိုက်တာ နေရာကို ယူပြီး ကောင်းစားနေပြန်သည်။ ဇော်ဦး တယောက် ငွေတွင်းပေါ်တွင် ထိုင်ပြီး လခကောင်းကောင်း တဖက်မှ ယူရင်း (တနှစ် ဒေါ်လာ ၆ သောင်း) တဖက်မှလည်း NCGUB ကို ထောက်ပံ့နေသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှုကို ရယူသည်။ ကိုဇော်ဦး အနေနှင့် ငွေရနိုင်မှုကို လုပ်ရင်း ကိုင်ရင်း မြင်လာသည်။ အဆက်အသွယ်တွေ ရသလောက် ရလာသည်။ ထို့အပြင် သူ့ဦးလေးတော်စပ်သည့် ယခင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သူ ဦးလင်းမြိုင်နှင့်လည်း ပူးကပ်ထားခဲ့သည်။

ထိုနောက် အခြေအနေပေးလာသည်နှင့် (Burma Fund) မှ ထွက်လိုက်သည်။ ထို့နောက် ချိတ်ဆက်ထားသည့် ထောက်ပံ့ရေးအဖွဲ့များနှင့် ဆင့်ပွါး သိလာသည့်အဖွဲ့များ၏ ထောက်ပံ့မှုဖြင့် ဗဟုဆိုသော အဖွဲ့ကို ဦးစီးပြီး ဖွဲ့စည်းလိုက်သည်။ ABSDF ကို နင်း၍ ငွေတွင်းနောက်သို့ လိုက်စဉ် ပထမ ဒညတ၊ ဒုတိယ NCGUB နှင့် Burma Fund ၊ တတိယ ဗဟု (ကိုယ်ပိုင်) ဖြစ်သွားသည်။

ဗဟုအဖွဲ့ကို ဟားဗတ်တက္ကသိုလ်သို့ တော်လှန်ရေးသမားခေါင်းဆောင်များအဖြစ် ဖိတ်ကြားသဖြင့် သွားရောက် တက်ခဲ့ပြီး ၈ လ သင်တန်းအပြီးတွင် ဂုဏ်ထူးဆောင်ဘွဲ့ကို ယူလျက် မိမိတို့သည် ဟားဗတ်ကျောင်းဆင်းများ ဖြစ်သည်ဟု ကြွေးကျော်လာသူ သုံးယောက်ကို အလွယ်တကူ စည်းရုံးပြီး လခစားများအဖြစ် သိမ်းသွင်းလိုက်နိုင်ခဲ့သည်။ ၎င်း ဂုဏ်ထူးဆောင် မာစတာဘွဲ့ (တကယ်ရသော ဘွဲ့မဟုတ်) ရများသည် အောင်နိုင်ဦး၊ ဝင်းမင်းနှင့် အောင်သူငြိမ်းတို့ ဖြစ်ကြသည်။ တချိန် ဇော်ဦး အကျင့်ပျက်ချစားမှုကို ခါးခါးသီးသီး တိုက်ခဲ့ကြသော သူများက ယနေ့ ဇော်ဦး စီမံခန့်ခွဲမှုအောက်တွင်နေပြီး အပိုးကျိုးနေကြသည်မှာ ရယ်စရာတော့ ကောင်းသည်။ ဇော်ဦးက ဒီနေရာတွင် အလွန်တော်သည်။ ပိုင်သည်။ သူ့ကို ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချပြီး ဥက္ကဋ္ဌနေရာ တက်ယူခဲ့သည့် အောင်သူငြိမ်း ယနေ့ သူ့အုပ်ချုပ်မှုအေက်တွင် သူ့လခစား ဖြစ်နေသည်။ တုတ်တုတ်မလှုပ်ရဲ။ ဇော်ဦးပြောချင်သည်တို့ကို သူရော၊ ဝင်းမင်းရော အသံထွက်ပေးနေရသည်။ စီးပွားရေး ပိတ်ဆို့မှု မလုပ်သင့်တော့ဘူး၊ ပူးပေါင်းဆောင်ရွက်ရမည်၊ ရွေးကောက်ပွဲဝင်ရမည်ဆိုသည်ကို သူတို့ ပါးစပ်ဖျားမှ မချ။ ထို့အပြင် ပြည်တွင်းမှ လူငယ်၊ ရဟန်းပျို၊ လူကြီး လူလတ်မရွေး ခေါ်ထုတ်ပြီး ချင်းမိုင်တွင် ရွေးကောက်ပွဲ အကြိုသင်တန်းပေးခြင်းများကိုလုပ်သည်။ သန်းရွှေတို့ကပြည်တွင်းမှထွက်လာ၍သင်တန်းတက်သူများကိုမျက်စိ မှိတ်ထား ပေးသည်။ ဖမ်းဆီးခြင်းမပြု ရွေးကောက်ပွဲကိုအားပေးသည်လုပ်ရပ်ဖြစ်တာကြောင့်ကြိုက်သည်။့

နေဝင်းမောင်အုပ်စု၊ ဟန်းညောင်ရွှေအုပ်စုတို့နှင့် ချိတ်ဆက်သည်။ ဒေါ်စု ခေါင်းမာသည်ဟု ပြောကြသည်။ အောင်နိုင်ဦးက အဆိုးဆုံးဖြစ်သည်။ သူ့မိန်းမ ရှိုနာက ပရောဂျက် ကိုင်သည်။ သူက ပရိုပိုဆယ်Proposal ရေးပြီး လျှောက်သည်။ ဒေါ်စုကို အပြင်းအထန်ဆုံး ဝေဖန်သည်။ မိမိကိုယ်ကို မြန်မာ့အရေးကျွမ်းကျင်သူဟု ဆိုသည်။ ဝင်းမင်းကလည်း တမှောင့် စစ်ရေးလေ့လာသူ ဆိုပြီး လုပ်လာပြန်သည်။ အော်... ခက်ပါလား။ သတင်းသမားတွေကလည်း မြှောက်ပေးသည်။ ဘယ်လိုဘွဲ့မျိုးနှင့် ဟားဗတ်က ပေးလိုက်သည်ကို မသိ၊ ဟားဗတ်ဆိုတာနှင့် ကျွမ်းကျင်ပညာရှင်ကြီးများဘဲဟု ယုံလိုက်သည်။ ဖြစ်မှဖြစ်ရပလေ။ ဟားဗတ်သည် ဟားစရာ ဘတ်တံဆိပ်ကြီးနဲ့ ပါလားကရို့ဟု ဘုရားစူးပါရစေရဲ့ ဟားဗတ်ဖြစ်သည်။

သြော်... ဒီမိုး ဒီလေ၊ ဒီလူတွေ၊ ဒီမီဒီယာတွေနဲ့ ဘယ်လို လုပ်ကြမတုံး။

ဟော...၊ အခုကြည့်၊ ဇော်ဦးကဦးသိန်းစိန်မခေါ်ခင်ကတည်းက ပြည်တွင်းကို ဥဒဟို ဝင်စို့ထွက်စို့ လုပ်နေခဲ့တာ။ ဦးသိန်းစိန်ခေါ်မှ မဟုတ်၊ သူ့ဦးလေး လင်းမြိုင်က လမ်းဖွင့်ပေးပြီးသား။ ကျနော့်အမြင်တော့ အခု ဦးသိန်းစိန်က ပြည်ပက လူတွေ ပြန်လာကြပါလို့ဆိုတာ သူတို့ အုပ်စုကို ရည်ညွန်းနေသလိုဘဲ။ ဒီလိုဆိုရင် အောင်သူငြိမ်းတို့၊ အောင်နိုင်ဦးတို့ ဟားဗတ်ပုဂ္ဂိုလ်များလိုလို ပညာရှင်လိုလို ကဝိလိုလိုများ…. ပြန်ကြအုံးတော့မယ် ထင်ပါရဲ့လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါသည်။

နေသည် အနောက်မှဝင်၍ အရှေ့မှ ပြန်ထွက်လာသကဲ့သို့ အမှန်တရားပျောက်ကွယ်မှုသည် တခဏ တာသာ ဖြစ်သည်။ ဤစာသည် ပုတ်သင်ညိုများ အရောင်ပြောင်းနေမှုကို မီးမောင်းထိုးပြနိုင်လျှင် ရေးရကျိုး နပ်ပါသည်။

အားလုံးကိုလေးစားလျက်

သန်းဝင်း (ABSDF အထွေထွေအတွင်းရေးမှူးဟောင်း )

Tel: 727-656-8922

.. www.MyanmarExpress.net
 

မြစ်ကြီးနားမြို့နေ မွတ်ဆလင်လူမျိုးတစ်စုထံမှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

From : .. ဧရာဝတီမြစ်ဖျားဆီက


 ၂၀၁၄ သြဂုတ်လ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ မန္တလေးကျောင်းအနီး ဓါတ်ဆီဆိုင်မှ ဟာဆင်ဦးဆောင်သည့် မွတ်ဆလင်လူမျိုးတစ်စုက တရုတ်ပြည်နယ်စပ်မှတဆင့် ဗန်းမော်မြို့သို့ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာကြောင်း သတင်းရသဖြင့် လိုက်လံစုံစမ်းရာ သစ်ခွနက်၊ ခေါင်းလိမ်းဆီမွှေး ဖြန့်ချီသောကားဖြင့် တင်ဆောင်လာကြောင်း ထပ်မံသိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ မွတ်ဆလင်လူမျိုး ဟာဆင်ဆိုသူမှာ ၀ိုင်းမော်မြို့နယ် နောင်တာလောကျေးရွာအရောက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အတွက် ၄င်းဟာဆင်ဆိုသူ၏ အမျိုးသမီးဖြစ်သူ မဖြူနှင့် မိသားစုဝင်များအား ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သတင်းရရှိသည်။

၎င်းဟာဆင်နှင့် ဆက်စပ်ပက်သက်သူ မွတ်ဆလင်လူမျိုး သစ်ခွနက်၊ ခေါင်းလိမ်းဆီကားမောင်းသူနှင့် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်နေသူ မွတ်ဆလင်လူမျိုး သုံးဦးအပါဝင် လက်နက်ရောင်းဝယ်သူ ငါးဦးကို (16.8.2014)ရက်နေ့တွင် နေပြည်တော် အထူးရဲတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း အဓိကတရားခံတစ်ဦးဖြစ်သူ ဟာဆင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရှိရသည်။

အဆိုပါ မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ မန္တလေးကျောင်းအနီး ဓါတ်ဆီဆိုင်မှ ဟာဆင်ဆိုသူသည် ဖားကန့် ယမ်းစက်ရုံနှင့် (4 in 1) ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်၏ တပည့်ဘ၀ဖြင့် ဖားကန့်မှ တရုတ်ပြည်သို့ ကျောက်ကယ်ရီကူးရင်း အောင်မြင်လာခဲ့ပြီး၊ ၄င်းဟာဆင်နှင့် ဆက်နွယ်သော လက်နက်ရောင်းဝယ်သူ မွတ်ဆလင်လူမျိုး ငါးဦးမှာလည်း မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်များ ဖြစ်တယ်လို့ သိရှိရပြီး ၄င်းဖောက်ခွဲရေးပစ္စည်းများကို မန္တလေးသို့ တင်ဆောင်ရန် ဖြစ်နိုင်ကြောင်း ဒေသခံများမှ ခန့်မှန်းပြောဆိုနေကြပါသည်။


.. www.MyanmarExpress.net
 

ဒါဖတ်ပြီးမှ အော်ရီဒူး သုံးမသုံး မိမိဘာသာ ဆုံးဖြတ်

From: ME
ယခုလက်ရှိ Ooredoo Myanmar ရဲ့တရားဝင်ဈေးနှုန်းတွေပါ။

ဖုန်းခေါ်ဆိုခကို Onnet (Ooredoo အချင်းချင်း) တစ်မိနစ် ၂၅ ကျပ်ပါ။ Offnet ကတော့ ၃၅ ကျပ်ပါ။

Data ကတော့ Plan မယူထားရင် 1MB(Megabyte) ၂၅ ကျပ်ပါ။Internet Plan က ၆ မျိုးရှိတယ် တဲ့

Daily Package

Price: 500ks

Internet: 30MB(Megabyte)

Facebook: 20MB

--------------------------------------------------------------------

Weekly Package

Price: 3000Ks

Internet: 200MB Internet

Facebook: 120MB

--------------------------------------------------------------------

Monthly Package (1GB Plan)

Price: 12000Ks

Internet: 1GB

Facebook: 600MB

--------------------------------------------------------------------

Monthly Package (2GB Plan)

Price: 19000Ks

Internet: 2GB

Facebook: 600MB

--------------------------------------------------------------------

Monthly Package (5GB Plan)

Price: 45000Ks

Internet: 5GB

Facebook: 600MB

--------------------------------------------------------------------

Monthly Package (10GB Plan)

Price: 79000Ks

Internet: 10GB

Facebook: 600MB

--------------------------------------------------------------------

Viber Promotion

(စာအတွက်ပဲဖြစ်ပြီး call, stickers, photos, videos များမပါဝင်ပါ)

Daily 100Ks

Weekly 300Ks

Monthly 1000Ks-------------------------------------

ခေါ်ဆိုခက ooredoo ကဒ်အချင်းချင်းဆိုရင်တစ်မိနစ် ၂၅ ကျပ် ။ အခြာကဒ်တွေ ဆိုရင် ၃၅ ကျပ်

ဒါတွေကတော့ သင့်ပါတယ်။

facebook အခမဲ့အသုးံပြုခွင့်ဆိုတာက အရေးကြီးပါတယ်။facebook ကြည့်ရင်း ကိုယ့်ဓာတ်ပုံလေးတင်ချင်ရင်

1 M ကို ၂၅ ကျပ်ကုန်ပါမယ်။ဓာတ်ပုံတစ်ပုံမှာ အနည်းဆုံး 3M ရှိပါတယ်။

ဒီတော့ ၇၅ ကျပ် ကုန်ပြီပေါ့။

ကိုယ်ကြိုက်တဲ့ ဓာတ်ပုံလေး save ချင်ရင်

တစ်ပုံအတွက်အနည်းဆုံး ၇၅ကျပ်ကုန်ပါမယ်။

Sotfware update ချင်ရင် 1M ကို ၂၅ကျပ်ကုန်ပါမယ်။

ဥပမာ Zuma game ကို down ချင်ရင်၊updateလုပ်ချင်ရင်

32 M ရှိပါတယ်၊ ဒီတော့ 32 ×၂၅ = 800 ကျပ်ကုန်ပါမယ်။

MPT ကInternet ကို Time usage အစား Data usage နဲ့

ငွေကောက်မယ်လို့ဆိုတုန်းက လူအများ ကန့်ကွက်ခဲ့ကြပါသည်။

အခုတော့ .........

MPT.က internet speed နှေးချင်နှေးမယ်။

ဒါပေမယ့်တန်ပါတယ်။

MEC internet speed က ကောင်းပါတယ်။

3G အဆင့်ရပါတယ်။

ooredoo ကဒ်နဲ့ နေပြည်တော်ဝန်းကျင်စမ်းသတ်မှုအရ

ရေဆင်း down speed 45M/sec.up speed 30M/sec

လယ်ဝေး down 58M/sec. up 44M/sec

အမြန်လမ်းပန်းတင် down 52M/sec up 42M/sec ပဲရပါတယ်။

MPT WCDMA နဲ့ သိပ်မကွာလှပါဘူး။

MEC CDMA 800Mz ကပိုသာတာတွေ့ရပါတယ်။

down 70M/sec . up 58M/sec အထိရပါတယ်။

Internet သတင်းဆိုဒ်တွေက သတင်းတွေဝင်နေရင်လည်းငွေကုန်နေမှာဆိုတာ မမေ့ပါနဲ့။

Datd usage 1M ကို ၂၅ ကျပ်ဆိုကမ္ဘာ အများဆုံး ဖြစ်နေပါတယ်။

သူတို့ဇာတိ ကာတာမှာ Data usage 1G ကို 0•55 us ဒေါ်လာပဲရှိပါတယ်။1G ဆိုတာ 1000M ပါ။

ဒီတော့ 1M အတွက် မြန်မာငွေ ပြား ၅၅ ပဲရှိပါတယ်။

အခု 1M ကို ၂၅ ကျပ်ဆ်ုတော့ အဆ အဆ ၅၀၀ လောက်ပိုယူထားတာပါ။

ဒီလောက်ပဲ ပြောပြပါတော့မယ် .. ကျန်တာတော့ကိုယ့်ဟာကို စဉ်းစား သုံးကြပေါ့ .....

Data 400 M ကို အော်ဒီဒူး နဲ့သာ ဒေါင်းရ ရင် 1M ကို 25 ကျပ်နှုံး နဲ့ 400 x 25 = 10000 ကျပ် ... တောင်ကျပြီ .. ဂစ် .. ဂစ်..ဂစ်...

(၁)မိနစ်(၅)စက္ကန့်စာကို (၂)မိနစ်စာကျပ်(70)ဖြတ်လိုက်တယ် ။ MPTဆိုရင် ၅၅ကျပ်လောက်ပဲကုန်မှာ။Ooredooက ပိုကုန်နေပြီ။

...............

ကျွန်တော်တို့ သာမန် လူတန်းစား က တော့ ကိုယ့်ဝင် ငွေနဲ့ မတတ် နိုင် လို့ မသုံးတော့ပါ.....

Good bye , Ooredoo .... တာ့.. တာ

ဂျက်


.. www.MyanmarExpress.net


အမြန်လမ်းတွင် ဂျေဂျေခရီးသည်တင် ယာဉ်တိမ်းမှောက် ၁၆ ဦးဒဏ်ရာရ

From : .. 7day


ယနေ့နေ့လယ်က အမြန်လမ်း မိုင်တိုင်၂၂၁အနီးတွင် ဂျေဂျေခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်းနေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းကပြောကြားသည်။

နေပြည်တော်မှ မန္တလေးသို့ထွက်ခွာသွားသည့် ခရီးသည် ၃၁ဦးပါ ဂျေဂျေခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၆ဦးကိုနေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထားသည်။

‘‘မိုင်တိုင် ၂၂၁/၁မှာ လမ်းချော်ပြီး တစ်ဖက်ယာဉ်ကြောမှာမှောက်တာ။ ဒဏ်ရာရရတဲ့ ၁၆ယောက်ကိုနေပြည်တော် ခုတင်တစ်ထောင်ကိုပို့ထားပါတယ်။ စိုးရိမ်စရာလည်း မရှိပါဘူး’’ဟု ရဲမှူးကြီးနေ၀င်းကပြောသည်။

ယာဉ်မှောက်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တစ်နာရီလျှင် ကီလို ၇၀ခန့်ဖြင့် မောင်းနေစဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျေဂျေခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိမ်းမှောက်ပြီးနောက် ခရီးသည်တစ်ဦးက အမြန်လမ်းအရေးပေါ်ဖုန်းဝန်ဆောင်မှု ဖုန်းနံပါတ် ၁၈၈၀သို့ အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နီးစပ်ရာရဲစခန်းသို့အကြောင်းကြားခဲ့ကြောင်းအဆိုပါဖုန်းဝန်ဆောင်မှုဌာနမှ သတင်းရရှိသည်။


.. www.MyanmarExpress.net
 

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးမျိုးဆက်သစ်

From : .. 7day

စောင့်ကြိုနေသူများကို လက်ပြနှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် [ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
မကြာသေးမီက မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံတွင် အရပ်သားစစ်စစ် ဂျိုကိုဝီဒိုဒိုကို ပြည်သူများက သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြသည်။ ကိုယ်တိုင်ဝင်ပြိုင်လျှင် သေချာပေါက်ရှုံးနိုင်ကြောင်း သိထားသည့် ယခင်သမ္မတဟောင်း မီဂါဝတီသည် ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို သမ္မတဖြစ်မသွားစေရန် လူထုထောက်ခံမှုရရှိထားသော ဂျိုကိုဝီဒိုဒိုကို ပါတီသမ္မတလောင်းအဖြစ် ရဲရဲဝံ့ဝံ့စင်တင်ခဲ့သည်။

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြယုဂ်အဖြစ် တစ်ကမ္ဘာလုံး၏ ထောက်ခံမှုရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီကိုဦးဆောင်မည့် ဒုတိယခေါင်းဆောင် မည်သူဖြစ်လာမည်လဲဆိုသည်ကို ပြည်တွင်းနိုင်ငံရေးလေ့လာသူများရော၊ တစ်ကမ္ဘာလုံးကပါ စိတ်ဝင်တစားစောင့်ကြည့်နေသည်။
၂၀၁၅ အလွန် နိုင်ငံရေးအခင်းအကျင်းတွင် ဒီချုပ်မှ သမ္မတလောင်း ရွေးခွင့်ရခဲ့သော် ထိုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ကန့်သတ်ခံထားရသည့် ပုဒ်မ ၅၉(စ)ကို မပြင်ရသေးလျှင် ဒီချုပ်က မည်သူ့ကို သမ္မတလောင်းစာရင်း တင်မလဲဆိုသည်ကို နိုင်ငံရေးအင်အားစု အသိုင်းအ၀ိုင်းက မေးခွန်းထုတ်စ ပြုလာသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
အထူးသဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပရပြီး သမ္မတလောင်း အသစ်တစ်ဖန် ရွေးချယ်ပေးရမည့် အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် တစ်နှစ်သာလိုတော့ချိန်တွင် ဖြစ်သည်။
ပြည်ပခရီးသွားတိုင်းလည်း ပါတီ၏ ဒုတိယခေါင်းဆောင် ဘယ်သူလဲဆိုတာ အမြဲလိုလိုအမေးခံရသည့် မေးခွန်းဖြစ်ကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်နေရာကို ဦးဉာဏ်ဝင်းက ဆက်ခံမှာလားဆိုပြီး နာမည်တောင်တပ်ပြီး မေးကြပါတယ်။ ဒါပေမဲ့အရိုက်အရာကို ဆက်ခံဖို့ မစဉ်းစားတာ အားလုံးရဲ့ဆန္ဒပဲ။ သမ္မတလောင်းဆိုတာ ပါတီထဲက ရွေးမှမဟုတ်ဘူး။ ဒုတိယခေါင်းဆောင်ဆိုတာ မပြောချင်လို့ကို မပြောဘဲ ဒီအတိုင်းထားထားတာ’’ဟု ၎င်းကပြောသည်။
ဒီချုပ်ပါတီစည်းမျဉ်းအရ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖွဲ့တို့ ရှိရမည်ဖြစ်သည်။ လက်ရှိဖွဲ့စည်းပုံတွင်မူ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ကျန် ၁၄ ဦးမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည်။ ဒုဥက္ကဋ္ဌမရှိ။ အတွင်းရေးမှူးအဖွဲ့မရှိ။ ထို့ကြောင့် ဒီချုပ်သည် ဖွဲ့စည်းပုံပျက်နေကြောင်း နိုင်ငံရေးသမားအချို့က ဝေဖန်ကြသည်။
ပါတီခေါင်းဆောင်ပိုင်းကို စနစ်တကျဖွဲ့စည်းခြင်းသည် မြန်မာ့ဒီမိုကရေစီအကူးအပြောင်းအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ပါတီဝင်အားလုံး မဲပေးရွေးချယ်သည့် ခေါင်းဆောင်ပိုင်း အစုအဖွဲ့ကို အလျင်အမြန် တည်ဆောက်ရန်လိုကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ထိုသို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော်လည်း မြန်မာ့ဒီမိုကရေစီအရေးတွင် အားထားရမည့်ပါတီအနေဖြင့် အင်အားချည့်နဲ့ သွားနိုင်ကြောင်း ၎င်းကပြောသည်။
‘‘မီဂါဝတီနဲ့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)တို့ မတူတာက အန်တီ့ကို မြန်မာပြည်သူအများစု လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။ ဗိုလ်ချုပ်သမီးလည်း ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၅ အလွန်မှာ ဒီချုပ်က သမ္မတလောင်းရွေးခွင့်ရခဲ့ရင်၊ အဲဒီအချိန်ထိ ၅၉(စ) ရှိဦးမယ်ဆိုရင်၊ အန်တီ့အနေနဲ့ သူယုံကြည်စိတ်ချရတဲ့သူကို ဒုတိယခေါင်းဆောင်ကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးဖို့လိုတယ်။ သူ့ကိုဆက်ခံမယ့် ခေါင်းဆောင်ကို သူကိုယ်တိုင်ရွေးတဲ့ နည်းလမ်းကမှ ၂၀၁၅ အတွက် အချိန်မီမှာဖြစ်တယ်’’ဟု ၎င်းကပြောသည်။
လူရွေးမှားသွားသည့် ရွေးကောက်ပွဲသာဓကတစ်ခု မြန်မာ့မြေအနီးတွင် လောလောလတ်လတ်ဖြစ်ပွားခဲ့သည်။ အိန္ဒိယတွင် သြဇာကြီးခဲ့သော ဆိုနီယာဂန္ဒီနှင့် သူမ၏ ကွန်ဂရက်ပါတီသည် ပြိုင်ဘက်ပါတီကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ ပါတီမူဝါဒပိုင်းနှင့် ပြုပြင်ပြောင်းလဲရေးများ မေးခွန်းထုတ်ခံနေရချိန်တွင် လူကြိုက်နည်းနေသော သူမ၏သားဖြစ်သူကို သမ္မတလောင်းဝင်ပြိုင်စေခဲ့ခြင်းက အဓိကအမှားဟု နိုင်ငံတကာမီဒီယာများက သုံးသပ်ဖော်ပြကြသည်။
ထို့ကြောင့် မြန်မာပြည်သူအများစု နက်နက်ရှိုင်းရှိုင်း ထောက်ခံမှုရရှိထားသော ဒီချုပ်သည်လည်း အမှားမခံသည့်အနေအထား ရောက်နေပြီဖြစ်သည်။
အထူးသဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် တစ်ဖက်အင်အားစုများက သွေးတိုးစမ်းလာချိန်၊ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်အချို့ကလည်း ဒီချုပ်ဥက္ကဋ္ဌကို ဝေဖန်တိုက်ခိုက်နေကြချိန်တွင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူ နိုင်ငံရေးမျိုးဆက်ပြတ်သကဲ့သို့ ဖြစ်နေခြင်းအပေါ် လက်ရှိအာဏာရပါတီ၊ အစိုးရအဖွဲ့တို့နှင့် နှိုင်းယှဉ်၍လည်း မကြာခဏ ဝေဖန်မှုများရှိသည်။ အထင်ရှားဆုံးမှာ ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဘယ်သူပြီးဘယ်သူဆိုသည့် အစီအမံများကို အခိုင်အမာချမှတ်ထားသည်။ ရွေးကောက်ပွဲအတွက် မျိုးစုံပြင်ဆင်နေသည်။
ထို့ကြောင့် မျိုးဆက်သစ်နိုင်ငံရေးသမားများကို နိုင်ငံရေးစင်မြင့်ပေါ်တင်ပေးရန်၊ နိုင်ငံရေးမဟာဗျူဟာတစ်ခု ပြည်သူကိုချပြရန် ဒီချုပ်ဥက္ကဋ္ဌထံ နိုင်ငံရေးသမားအချို့ ယခုရက်ပိုင်းအတွင်း ချဉ်းကပ်ဆွေးနွေးနေပြီ ဖြစ်သည်။
‘‘သေချာတာက အန်တီ့မှာ နောက်မျိုးဆက်ရွေးဖို့ အခက်အခဲရှိနေတယ်။ အန်တီ့အတွက် Think Tank တစ်ခု လိုကိုလိုတယ်။ အခု ဒီချုပ်ကို မြင်ရသလောက်တော့ နိုင်ငံရေးမှာ ထုသားပေသားကျကျ ခံနိုင်ရည်ရှိတာကို အရည်အချင်းလို့ ထင်နေတာ။ အမှန်က နိုင်ငံရေးဗျူဟာအရ ကျွမ်းကျင်သူတွေကို နေရာပေးဖို့လိုတယ်။ ခံနိုင်ရည်ရှိတဲ့လူတွေ ပိတ်ထားတဲ့အတွက် အရည်အချင်းရှိတဲ့သူတွေ တိုးလို့မရဘူး။ ဒါပေမဲ့ အခု ဗဟိုကော်မတီဝင်တွေကို ဖယ်ဆိုရင်လည်း သူတို့နေရာမှာ အစားထိုးမယ့်လူမရှိဘူး’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက သူ၏အမြင်ကိုပြောသည်။
သူက ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ဆွေးနွေးနေသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။
ကမ္ဘာ့ဒီမိုကရေစီထိပ်တန်းရောက် အမေရိကန်ပြည်ထောင်စုတွင် သမ္မတအိုဘားမားကို လူထုက ရွေးချယ်သည်မှာ မှန်သည်။ သို့သော် အိုဘားမားလိုလူမျိုး အမေရိကန်တွင် များစွာရှိသည်။ အဓိကက အိုဘားမားကို ရှာဖွေစင်တင်ပေးသူများ တော်၍ဖြစ်သည်။ အမေရိကန်ဒီမိုကရက်ပါတီ ခေါင်းဆောင်ပိုင်းတွင်ပါဝင်သူ အက်ဒ၀ပ်ကနေဒီသည် အစ်ကိုဖြစ်သူ ကနေဒီနှစ်ဦးလုံး လုပ်ကြံခံရပြီးနောက် ကိုယ်တိုင်လည်း နာမည်ပျက်ရှိ၍ သမ္မတမဖြစ်နိုင်မှန်းသိချိန်တွင် ကလင်တန်လိုလူမျိုးကို ရှာဖွေသည်။ ပါတီတွင်း Training ပေးခြင်းဖြင့် ကလင်တန် သမ္မတဖြစ်လာသည်။
အိုဘားမားလိုလူကို မရရအောင်ရှာ၍ ချီကာဂိုပြည်နယ်တွင် ကျောက်မီးသွေးတူးသူ၊ လမ်းဖောက်သူ အလုပ်သမားလူတန်းစားအထိ ဆင်းပြီးစကားပြောခိုင်းသည်။ ပါတီက လေ့ကျင့်ပေးသူတို့ကလည်း လူထုအသည်းနှလုံးကို ဖမ်းစားပြီး သမ္မတဖြစ်အောင် ကြိုးစားကြသည်။ ကာယကံရှင်များ နဂိုအရည်အသွေးမြင့်မားမှုလည်း ပါသည်။
ဗြိတိန်တွင် ၀န်ကြီးချုပ်ပေါင်းများစွာကို စင်တင်ပေးသူအဖြစ် Alister Campbell ဆိုသူမှာ အလွန်ကျော်ကြားသည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကို ၀န်ကြီးချုပ်ဖြစ်အောင် နိုင်ငံရေးစင်မြင့်ပေါ် တင်ပေးသူအဖြစ် မီဒီယာများစွာက ဖော်ပြကြသည်။ သူ့အကြောင်း စာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေထားသည်။
ဆယ်စုနှစ်ငါးခုကျော် အာဏာရှင်စနစ်အောက် ရောက်ခဲ့သော မြန်မာနိုင်ငံတွင်တော့ ယင်းအလေ့အထ မထွန်းကားသေးပါ။ အထူးသဖြင့် အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးတွင်ပင် လူရွေးချယ်မှုပြဿနာ ရှိပုံရကြောင်း ခန့်မှန်းရသည်ဟု ဇာဂနာကပြောသည်။
မြန်မာပြည်တွင် ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းထားသည့် ပါတီမှာ ဒီချုပ်တစ်ခုသာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာနှင့် ပြည်သူလူထုထံတွင် ပုံရိပ်ကျယ်ပြန့်ပြီးသားဖြစ်၍ လူထုကို ဆက်လက်စည်းရုံးသွားမည်သာဖြစ်ကြောင်း ဝေဖန်မှုများကို ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က တုံ့ပြန်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်မရှိရင် စဉ်းစားသင့်တာပေါ့ဆိုပြီး ၀ိုင်းပြောကြတယ်။ မလိုပါဘူး။ ပါတီမှာ ဦးဉာဏ်ဝင်းတို့၊ ဦးဟံသာမြင့်တို့ တစ်ချိန်လုံး လုပ်နေတာပဲ။ ကျွန်တော်တို့ကလည်း လွှတ်တော်ပိုင်းဆိုင်ရာ လုပ်တယ်။ ၂၀၁၅ ကို မပူဘူး။ ၂၀၁၅ အလွန်မှာ ၅၉(စ) မပြင်ရသေးလည်း လွှတ်တော်မှာ ပြင်လို့ရသလောက် နိုင်ငံရေးအရ ဆက်လုပ်သွားမှာပဲ’’ဟု ဦးဝင်းထိန်ကပြောသည်။
ယခုဆောင်းပါးအတွက် ဗဟိုအလုပ်အမှုဆောင်အချို့ထံ မေးမြန်းမှုအရ ပါတီတွင်း ဒေါ်အောင်ဆန်းစုကြည် အရိုက်အရာကို မည်သူဆက်ခံမလဲဆိုသည့် အဖြေတော့ အသင့်ရှိပုံမရ။ အရည်အချင်းရှိသူများကတော့ ပါတီလူကြီးပိုင်းရော၊ လူငယ်ပိုင်းတွင်ပါ များစွာရှိသည်ဟု ဦးဟံသာမြင့်ကဆိုသည်။
အင်အားကြီးပြီး နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ထားသော ပြိုင်ဘက်ပါတီက ၀ါဒဖြန့်ချိမှု အားကောင်းနေချိန်တွင် ဒီချုပ်မှာတော့ လူထုဆက်သွယ်ရေးတာဝန်ခံမှု၊ ပြန်ကြားပြောဆိုမှုများတွင်လည်း အားနည်းချက်များရှိနေကြောင်း သတင်းထောက်များနှင့် နိုင်ငံရေးသမားအချို့က ထောက်ပြပြောဆိုမှုများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးထားသော ပြောရေးဆိုခွင့်ရှိသူများက ယခုထက်ပိုပြီး ပြတ်ပြတ်သားသားပြောဆိုဖို့လည်း ၎င်းတို့က တိုက်တွန်းမှုများ ရှိနေသည်။

.
. www.MyanmarExpress.net