Subscribe to our RSS Feed

ရွာလုံးကျွတ် အီဘိုလာ ဖြစ်တဲ့ဒေသ

From : .. planet

အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေတာဟာ အခုဆို သေဆုံးသူတစ်ထောင်ကျော်ရှိပြီး သောကြာနေ့ကစလို့ နိုင်ငံတကာကပ်ဘေးဆိုးတစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အနောက်အာဖရိကနိုင်ငံအားလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပြီဖြစ်ပါတယ်။


ဒါကြောင့် အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုအကြောင်းကို သိရအောင် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီယာရာလီယွန်မှာ ဆေးကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)မှ အရေးပေါ်ကုသရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စအန်ဂျာဝေါ့ဇ်ကို စီအင်န်အင်န်မှ ပလိုက်ဂျင်က မေးမြန်းထားတာတွေ ကောက်နုတ်
ဖော်ပြလိုက်ပါတယ်။

မေး- ဒီအစီအစဉ်မှာပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်ဆုံး ဆရာမအလုပ်လုပ်နေတဲ့ အခြေအနေနဲ့ ဘယ်လိုအနေအထားတွေအောက်မှာ လုပ်နေရတယ်ဆိုတာကို
ပြောပြပေးပါ။ ဘာကြောင့်လဲဆိုတော့ ဆရာမရဲ့ အလုပ်တွေက အရမ်းခက်ခဲတယ်ဆိုတော့လေ။ ဟုတ်တယ်နော်။

ဖြေ- ဟုတ်ပါတယ်။ ကိုင်လာဟန် (ဆီယာရာလီယွန်)မှာတော့ တော်တော်လေးခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဆီမှာ နေ့တိုင်းလာနေတဲ့
လူနာတွေ အများကြီးဖြစ်နေပြီး အဲဒါတကယ်ပဲလည်း ထိန်းမရဖြစ်နေပြီလို့ ကျွန်မထင်ပါတယ်။ ဒီတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ဒီလို ရောဂါပိုးပျံ့နှံ့လာမှုကို ထိန်းနိုင်ဖို့ တကယ်ပဲခက်နေပါတယ်။

ကျန်းမာရေးစောင့်ရှောက်တဲ့ ဆေးပညာရှင်တွေအတွက် ခက်ခဲတဲ့ကိစ္စတွေထဲက တစ်ခုကလည်း ဒီလိုအီဘိုလာဗိုင်းရပ်စ်ကို ကုသနေရတဲ့သူတွေ ကိုယ်တိုင်မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမယ့် အခြေအနေအောက်မှာ လုပ်နေရတယ်နော်။ ဆရာမအတွက်ရော ဒီမှာလုပ်နေတာဟာ ကိုယ်တိုင်အတွက် အန္တရာယ်ဘယ်လောက်ကြီးပါသလဲ။ ပြီးတော့ ဆရာမရော ဒီရောဂါကို ကြောက်နေပါသလား။ ဟင့်အင်း။ ကျွန်မတို့အပိုင်းက ပြောရရင်တော့ ဒါဟာ ပထမဆုံး အီဘိုလာဖြစ်တဲ့ အချိန်မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေအနေနဲ့လည်း အဖွဲ့တွင်း
တင်းကျပ်တဲ့ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဆေးဝါးတွေ အကုန်လုံးရှိသလို ၀န်ထမ်းတွေအားလုံးကလည်း ကောင်းကောင်း လေ့ကျင့်ပြီးသားလူတွေ ဖြစ်ပါတယ်။ သန့်ရှင်းရေးစနစ်အားလုံး၊ ကူးစက်ရောဂါထိန်းချုပ်ရေး နည်းလမ်းအားလုံးကို ကျွန်မတို့လုပ်ထားပါတယ်။ အီဘိုလာဗိုင်းရပ်စ်ကို ကြောက်ရွံ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကိုင်တွယ်ကုသနေရတာတွေကို ကောင်းကောင်းသိထားပါတယ်။

မေး- အခု ဒီအီဘိုလာရောဂါ ဖြစ်စဉ်အကုန်လုံးကို ကိုင်တွယ်နေတော့ ဆရာမတို့ ချဉ်းကပ်မှုနည်းလမ်းက ဘယ်လိုမျိုးလဲ။ ကုသရေးအပိုင်းရော ထိန်းချုပ်ရေးအပိုင်းမှာပါရောပေါ့။ လုပ်ဖို့လိုနေတယ်ဆိုတဲ့ နည်းလမ်းတွေရော ရှိပါသလား။

ဖြေ- ဟုတ်ကဲ့။ ဒီကိုင်လာဟန်မှာရှိတဲ့ ကျွန်မတို့အတွက်ကတော့ ကုသရေးဌာနကိုပဲ အဓိကထားလုပ်ထားတာပါ။ ဆိုလိုတာက လူနာတွေ ဒီကိုလာရင် သူတို့ကို သီးခြားထားလိုက်ပြီး ကုသမှုပေးလိုက်တာပါ။ ကုသမှုပိုင်းမှာလည်း ကျွန်မတို့ သက်သာရုံပဲ ကုသနိုင်တာပါ။ လူနာတွေရဲ့ ဝေဒနာပိုင်းပြောဆိုမှုတွေကို ကုသမှုပေးပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ပါဘူး။ ပုံမှန်အားဖြင့် ရောဂါပြန့်ပွားမှု စတင်လာပြီဆိုရင် ထိစပ်မှုတွေကို လိုက်ကြည့်ရပါမယ်။ နေရာအနှံ့ ရွှေ့ပြောင်းကုသနိုင်ဖို့ ကောင်းမွန်တဲ့ သတိပေးစနစ်တစ်ရပ် ရှိရပါမယ်။ ကပ်ဘေးမှ
ရှင်သန်ရေး စနစ်ကောင်းတစ်ရပ် ထားရှိရပါမယ်။ အဲဒါ ဒီမှာမရှိပါ။ ပြီးတော့ ကျွန်မတို့ နယ်စည်းမခြားအဖွဲ့အနေနဲ့ လိုအပ်နေတဲ့ နေရာတိုင်းမှာ လိုက်လုပ်နိုင်တဲ့ စွမ်းရည်မျိုးလည်း
ရှိမထားပါဘူး။

မေး- ဒီအနောက်အာဖရိကနိုင်ငံတွေ အထူးသဖြင့် ဆရာမအလုပ်လုပ်နေတဲ့ နိုင်ငံဖြစ်တဲ့ ဆီယာရာလီယွန်မှာ အနည်းဆုံးတော့ သူတို့တွေ အကောင်းဆုံးလုပ်နိုင်မယ်ထင်လား။ ဘာကြောင့်လဲဆိုတော့ သူတို့က တချို့နေရာတွေမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြပြီး တချို့နေရာကို ကန့်သတ်ပိတ်ဆို့ထားဖို့လည်း လုပ်နေတော့လေ။ သူတို့တတ်နိုင်တာကို
သူတို့လုပ်နေတယ်လို့ ဆရာမထင်ပါသလား။

ဖြေ- အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးတို့က ဒီရောဂါပြန့်ပွားမှုကို ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး။ သူတို့အနေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ Dabijo (ph) နဲ့ CDC လို အဖွဲ့မျိုးတွေက အစိုးရကို ပိုမိုထောက်ပံ့တာကို လိုအပ်နေပါတယ်။ လက်ရှိမှာ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်တယ်ဆိုရင် ဒီကိုင်လာစန်ခရိုင်မှာ ဘာတွေချမှတ်လုပ်ဆောင်ထားသလဲဆိုတာ ကျွန်မတို့ မမြင်ခဲ့ရဘူး။ ဒါပေမဲ့ နောက်ထပ် ကျန်းမာရေးပညာရှင်တွေ လိုမယ်။ ရောဂါကူးစက်မှုထိန်းချုပ်ရေး အထူးကျွမ်းကျင်ပညာရှင်တွေ လိုမယ်။ ကပ်ရောဂါဗေဒပညာရှင်တွေ ဒီခရိုင်ထဲကို များများပို့ဖို့လိုပါမယ်။

မေး- လူထုတွေကို အီဘိုလာရောဂါပိုးနဲ့ ပတ်သက်လို့ ပညာပေးရေး၊ ဒေသခံပြည်သူတွေကို ဒီရောဂါအကြောင်း သိနားလည်ဖို့နဲ့ ကုသမှုသေချာခံယူဖို့ အကြောင်းတွေက ဘယ်လောက်အရေးကြီးပါသလဲ။

ဖြေ- ကျွန်မတို့ လုပ်ဆောင်နေတဲ့ နယ်ပယ်တွေထဲမှာ ဒါလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျွန်မတို့မှာ ရပ်ရွာအခြေခံ ကျန်းမာရေးလုပ်သား ၂၅၀ လောက်က တစ်ရွာပြီးတစ်ရွာ ကူးသန်းသွားရင်းနဲ့ လူထုဆီကို မှန်ကန်တဲ့သတင်းပေးပို့မှုတွေ လုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုထိ လုံခြုံမှုရှိတဲ့နေရာရယ်လို့ မရှိသေးဘူး။ လူတွေက (ရောဂါကြောင့်သေဆုံးတဲ့) အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ကြတဲ့အခါ ကူးစက်ခံရတာမျိုးတွေ၊ ရောဂါဖြစ်ပြီး အကုမခံရှောင်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်။ အဲဒီနေရာတွေမှာ လူနာတွေရှိနေဆဲပါပဲ။ ဒါကြောင့် လူထုကို နေရာစုံလိုက်ကုသရေး ဒီမှာလုပ်နေတာဟာ ကျွန်မတို့ လိုအပ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

မေး- အခုလိုဖြစ်နေတာတွေဟာ ဒေသခံလူထုအတွက် အရမ်းဝမ်းနည်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အရေအတွက် ကိန်းဂဏန်းတွေအကြောင်း ဆက်ပြောနေရလို့ပါ။
ဥရောပ (သို့မဟုတ်) အမေရိကတိုက်ကို ဒီရောဂါပျံ့နှံ့လာမှာကို ကြောက်နေရတဲ့အကြောင်းလည်း ပြောနေရပါတယ်။ ဒါပေမဲ့ ဒါဟာ ဆရာမ အခု ဒီမှာ ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ ရပ်ရွာတွေအတွက် တကယ်ဆုံးရှုံးရမှု၊ ထိခိုက်ရမှုတွေပါပဲ။ ဟုတ်တယ်နော်။

ဖြေ- တကယ်ပဲ ၀မ်းနည်းကြေကွဲစရာပါ။ ရွာလုံးကျွတ်လို ဖြစ်နေပါတယ်။ တနင်္ဂနွေနေ့မှာ ရွာတစ်ရွာက နောက်ဆုံးကျန်တဲ့လေးဦးကို ကျွန်မတို့ ကုပေးခဲ့ရတယ်။ တစ်ရွာလုံးက အီဘိုလာနဲ့ သေသွားတာ။ ဒါမှမဟုတ် ကျွန်မတို့ ဆေးကုသရေးဌာနထဲ ရောက်လာတာတွေရှိတယ်။ ရွာတစ်ရွာကဆိုရင် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လူနာ ၃၀ လောက် ရောက်လာတယ်။
ဘာကြောင့် သူတို့ ဖြစ်သလဲဆိုရင် (ရောဂါမကူးစက်အောင် သေချာမလုပ်ထားတဲ့) မလုံခြုံတဲ့ အသုဘချတာတွေကို တက်ခဲ့ကြလို့ပဲ။ လူ ၂၀၀ ရှိတဲ့ ရွာမှာ လူနာ ၃၀ လောက် ရောက်လာတယ်ဆိုတာ ကပ်ဘေးဆိုးပါပဲ။ အထူးသဖြင့်တော့ ကျွန်မတို့အနာဂတ်ကို ကြည့်ရမယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် အကျိုးသက်ရောက်မှုက လူတိုင်းဖျားနာနေတာပဲ။ ဒါပေမဲ့ ဖျားတဲ့လူတွေကို ဘယ်သူက ဂရုစိုက်ကြသလဲ။ မိန်းမတွေ နာဖျားနေတယ်။ အခုတော့ လူတော်တော်များများ စိုက်ပျိုးရေးမလုပ်နိုင်ကြတော့ဘူး။ အနာဂတ်က ဘာလဲ။ ဒီမှာ အနာဂတ်မှာကော ကျွန်မတို့ ဘာစားသောက်ကြရမလဲပေါ့။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်