Subscribe to our RSS Feed

အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး လက်မှတ်ထိုးရန် ၆၆ ပါတီ၏ တိုက်တွန်းချက် NLD ပါတီ သဘောမတူ

From : .. the voice

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ဆုံးရေးထိုးရန် နိုင်ငံရေးပါတီ ၆၆ ပါတီ၏ တိုက်တွန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက သဘောတူညီခြင်း မရှိကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် အမြန်ဆုံးရေးထိုးရန် နိုင်ငံရေးပါတီ ၆၆ ပါတီ တောင်းဆိုချက် ထုတ်ပြန်ခြင်းကို NLD ပါတီက သဘောတူညီခြင်း မရှိကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

သြဂုတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများအားလုံး သဘောတူညီမှုအရ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ရေးထိုးရန် တောင်းဆိုချက် ထုတ်ပြန်ရာတွင် NLD ပါတီ ပါဝင်ခြင်း မရှိသောကြောင့် သဘောမတူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ဆွေးနွေးပွဲ ခေါင်းစဉ်မှာပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြင်ဆင်ရေးအတိုင်း ဆွေးနွေးဖို့သွားတာ၊ အခုလို တိုက်တွန်းဖို့ လုပ်တာက ခေါင်းစဉ်နဲ့ တခြားစီ ဖြစ်နေတယ်။ အဲဒီတော့ တခြားနိုင်ငံရေးပါတီတွေ ထုတ်ပြန်တာမှာ NLD ပါတီ သဘောထား မပါရှိပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိအချိန်အထိ NLD ပါတီအနေနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးကို စဉ်းစားထားခြင်း မရှိသေးကြောင်း သြဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားထားသည်။

“ကျွန်တော် သတိထားမိတာက ဒီလို တိုက်တွန်းဖို့ကို ပါတီတွေအားလုံး သဘောထားတူညီမှု ရယူပြီးမှ လုပ်တာ၊ ဒါပေမဲ့ NLD ပါတီက နေ့တစ်ဝက်လောက်နဲ့ ပြန်သွားတယ်။ အဲဒီတော့ သူတို့ သဘောထား မပါဘူးဆိုပြီး ပြောတဲ့သဘောပါ။ ကျွန်တော်တို့ကတော့ ပါတီတွေ အားလုံးရဲ့ သဘောဆန္ဒအရ ထုတ်ပြန်တာကို မကန့်ကွက်ပါဘူး” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေချိန်တွင် ယင်းကဲ့သို့ သဘောတူခြင်း မရှိဟု ကြေညာချက် ထုတ်ပြန်ရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
 

“တစ်နိုင်ငံလုံး လိုအပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းတာကို ကြေညာချက်ထုတ်ပြီး ဖြေရှင်းရအောင် ငြိမ်းချမ်းရေးကို မလိုချင်လို့လားလို့ ပြန်မေးရမယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် သုံးလအတွင်း ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်နိုင်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံးဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။


.. www.MyanmarExpress.net
 

3 comments:

မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖေါက်တာပါ၊ နိုင်ငံတော်နဲ့ တိုင်းရင်းသားတွေအပေါ်မှာ စေတနာမထားဘူးဆိုတာပေါလွင်ပါတယ်၊

မှန်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်